(က) လူတွေ အထူးသဖြင့် မြမြရဲ့ ပတ်ဝန်းကျင်ကလူတွေ။ သူတို့တွေကို အယုံလွယ်လွန်းလှသည်လို့ မြမြက ထင်သည်။ လက်ဆုပ်လက်ကိုင်ပြလို့ မရတဲ့ အကြောင်းမျိုးတွေဆို ပိုလို့တောင် ယုံချင်ကြသေးသည်။ သူတို့ရဲ့ အဲဒီ သဘောသဘာဝကို ဘယ်အရွယ်ကစလို့ မြမြ တီးခေါက်နားလည်ခဲ့သလဲ မြမြကိုယ်တိုင်ပင် မသိပေ။ သို့သော်လည်း အဲဒီ သဘောဓလေ့အပေါ်မှာ မြမြ အခွင့်ကောင်းယူတတ်ခဲ့သည်မှာတော့ တော်တော်ကြာခဲ့ပြီ။ စာကျက်တာပျင်းလွန်းလို့ စာမေးပွဲတွေ တဖုန်းဖုန်းကျလည်း မြမြအမေနှင့် မြမြအဖေတို့သည် မြမြကို အပြစ်မဆိုပေ။ အိမ်မှာဆိုလည်း မြမြကို ဘာမှ သိပ်မခိုင်း။ ရွက်ကြမ်းရေကျိုရုပ်ကလေးနဲ့ လိုတာမရ ရတာမလို ဖြစ်ပြီး အရွယ်တော် တဆိတ်ဟိုင်းသွားတော့လည်း ဘယ်သူမှ သိပ်မစပ်စုရဲ မနောက်ပြောင်ရဲ။ မြမြအမေ ပြောနေကျ "ငယ်ငယ်ကတည်းက သိုက်ကြိုးဖြတ်တိုင်း သမီးက အသည်းအသန်ဖျားတတ်လွန်းလို့" အစချီတဲ့ ပုံပြင်တွေကား ဒီဈေးလေးနားတဝိုက်မှာ မသိသူရှားလှသည်။ သမီးဖြစ်သူကပဲ လမ်းကြောင်းခဲ့လေသလား၊ မိခင်ဖြစ်သူကပဲ ကြံကြံဖန်ဖန် လျှောက်ပြောလေသလား သူတို့ ဘာသာပင် မသေချာကြတော့ပေ။ ဖွင့်ထားတဲ့ ထမင်းဆိုင်သည်လည်း မြမြကို မွေးပြီးကတည်းက အင်မတန်အရောင်းကောင်းခဲ့သတဲ့။ ဟိုတနေ့က ဆိုင်မှာ တောက်တိုမယ်ရ ဝိုင်းလုပ်ပေးတဲ့ ကလေးမလေးတစ်ယောက် အပျင်းဖျားပြီး ဆိုင်မလာနိုင်။ ညနေစောင်းတော့မှ ကလေးမလေးအမေက မြမြထမီကလေးတစ်ထည်ကို စက္ကူအိတ်လေးနဲ့ ထည့်ထားပြီး လာပြန်ပေးသည်။ "ကလေးက မသိလို့ နားမလည်လို့ ယူမိတာ အပြစ်မယူပါနဲ့ ညီမရယ်" ဆိုပြီး တောင်းပန်လာသည်။ တကယ်တော့ သိပ်မနည်းလှတဲ့ ကိုယ့်အဝတ်အစားတွေထဲက ဒီတစ်ထည်လျော့နေတာ မြမြက သိတောင်မသိချေ။ အခြေအနေ အချိန်အခါကိုကြည့်ပြီး ချော်လဲရောထိုင်လုပ်ရတာက ဘာမှ ခက်လှတာမဟုတ်ဘဲ။ ဒါမျိုးကတော့ မြမြရပါသည်။ ပြီးတော့ တခါတခါကျတော့လည်း မြမြကိုယ်တိုင်မသိတဲ့ စွမ်းရည်တမျိုး မြမြမှာရှိနေနိုင်သည်လို့ မြမြကိုယ်တိုင်က ယုံချင်ချင်ဖြစ်နေတာလည်းပါပါသည်။
(ခ) စုမာအတွက်တော့ ဘဝဆိုတာ ရုန်းကန်ရခြင်းတည်း။ စုမာရဲ့ အဖေနဲ့အမေက စုမာငယ်ငယ်တုန်းကတော့ ပဲခူးနဲ့ခပ်လှမ်းလှမ်း ရွာတစ်ရွာမှာ နေပြီး ဟင်းသီးဟင်းရွက်များစိုက်ကာ ပဲခူးဈေးထဲ ရောင်းသည့်အလုပ်လုပ်ခဲ့ကြသည်။ အကြီးဆုံးသမီး စုမာက သူ့အောက်က မောင်လေးနှစ်ယောက်ကို ထိန်းရင်း အိမ်မှာ ချက်စရာရှိတာချက် ရှင်းစရာရှိတာရှင်းဖို့ ငယ်ငယ်ကတည်းက တာဝန်ယူရသည်။ အငယ်တွေကျောင်းတက်ဖို့ စုမာ ကျောင်းထွက်ခဲ့ရသည်။ မိသားတစ်စုလုံး စည်းစနစ်ကြီးသလို ကြိုးလည်း ကြိုးစားလွန်းတာကြောင့် ပဲခူးမြို့ရဲ့ ဒီချောင်ကျကျနေရာလေးမှာ ထမင်းဆိုင်လေး ဖွင့်လာနိုင်ခဲ့ခြင်းပင်။ နေရာလေးက ချောင်ကျပေမယ့် ဈေးနဲ့လည်းနီး ရွှေမောဓောဘုရားနဲ့လည်းနီးသည်။ ဈေးသည်၊ ဈေးဝယ်၊ ဆိုက်ကားသမား၊ မြင်းလှည်းသမား၊ ကားသမား စသည်ဖြင့် လူစုံသည်၊ စည်ကားသည်။ ထမင်းဆိုင်ကလေး သေးသေးကနေ တဖြည်းဖြည်း စုံစုံလင်လင်ရှိတဲ့ ဆိုင်ကလေးဖြစ်လာအောင် မိသားစုဝင် အားလုံး ရုန်းကန်ကြိုးစားခဲ့ကြရသည်။ ကျောင်းနေသော စုမာမောင်လေးများပင် အိမ်ပြန်ရောက်တာနဲ့ ကူညီကြရသည်။ စုမာသည် လုပ်အားတန်ဖိုးဆိုတာကို ဘဝပေးအသိနဲ့ ယုံကြည်မှုရှိခဲ့သည်။
ငယ်ငယ်ကတည်းက အမေအဖေမရှိရင် မရှိသလို ယောက်ျားသားဈေးဝယ်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလို ရဲရဲတင်းတင်း ပြောဆိုဆက်ဆံနေထိုင်ရသည်မို့ စုမာက တည်တည်တံ့တံ့ ပြောဆိုနေထိုင်တတ်ခဲ့ရသည်။ စုမာကို ရုပ်ကလေးသန့်သန့်ပြန့်ပြန့်နဲ့ မျက်နှာကြောတင်းလှသည် သတ္တိကောင်းလှသည်လို့ ပတ်ဝန်းကျင်က ထင်ကြသည်။ သို့သော်လည်း စုမာမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါသည်။ တကယ်တော့ စုမာသည် အလွန်ကြောက်တတ်သည်။
အရက်မူးသမားတွေကို စုမာကြောက်သည်။ ဆိုင်ကို ရူးနှမ်းနှမ်းတွေ စိတ်မနှံ့သူတွေလာရင်လည်း သူ ကြောက်သည်။ ဈေးထဲက နတ်ဝင်သည် ဒေါ်တိုးကြီး ပူးနေကပ်နေလျှင်လည်း ကြောက်သည်။ ပြီးတော့ မျက်နှာချင်းဆိုင် ထမင်းဆိုင်က မြမြကိုလည်း စုမာကြောက်လေသည်။ မြမြတို့ဆိုင်က စုမာတို့ဆိုင်ထက် ပိုကြီးသည်မို့ အများသောအားဖြင့် ပိုလူစည်ကားတတ်ပါသည်။ သို့သော်လည်း တခါတလေ ဘာကြောင့်ရယ်မသိ စုမာတို့ဆိုင်လေးမှာ လူပိုကျပြီး သူ့ဆိုင်မှာ လူမရှိလျှင် ဆိုင်ရှေ့ခပ်ကျကျ စားပွဲတစ်လုံးမှာထိုင်ပြီး စုမာတို့ဆိုင်ဘက်ကို ခပ်စိမ်းစိမ်းကြည့်တတ်သော မြမြမျက်လုံးတွေကို စုမာ ရွံ့မိသည်။ အရပ်ထဲမှာ ပြောပြောနေကြတဲ့ မြမြက သိုက်ကလာတာဆိုတာကို ကြားဖူးထားလို့လည်း ပိုကြောက်မိတာဖြစ်မည်။
(ဂ) သည်ထမင်းဆိုင်လေးမှာ စားပွဲထိုးလုပ်တာ သိပ်မကြာသေးပေမယ့် အောင်နိုင်ပျော်သည်။ ထမင်းနပ်မှန်မှန်နဲ့ ဝဝလင်လင်စားရသလို ရွာမှာတုန်းကလိုလည်း မပင်ပန်းချေ။ ငယ်ငယ်လေးတည်းက အဖေမရှိ အမေမရှိ တစ်ကောင်ကြွက်တစ်မျက်နှာဘဝနဲ့ ရွာမှာ နေရစဉ်က အောင်နိုင် သည့်ထက် အများကြီး ပိုပင်ပန်းခဲ့သည်။ ရှိတဲ့ဆွေးမျိုးနည်းနည်းကလည်း သူတို့ကိုယ်တိုင် မနက်စာမနက် ညစာည ဆိုတော့ အောင်နိုင့်ကို ဘယ်သူမှ အလကားကျွေးမထားနိုင်။ အိမ်တစ်အိမ်မှာ ကပ်နေလို့ ရပေမယ့် ကျောင်းနေအရွယ် ငယ်ငယ်ကစလို့ပင် ကျောင်းမနေနိုင်ဘဲ နွားကျောင်းတန် နွားကျောင်း လယ်အကူတန် လယ်အကူ ခါးချိအောင်လုပ်နိုင်မှ ထမင်းနပ်မှန်ခဲ့သည်။ ကိုယ်အလုပ်လုပ်မှ ကိုယ်ထမင်းစားရမယ်ဆိုသော အသိနှင့်ပင် အောင်နိုင် အရွယ်ရောက်လာခဲ့ရသည်။
ပြီးခဲ့တဲ့လကတော့ ရွာကို တိုလီမိုလီလေးတွေ အထည်အစလေးတွေ လာရောင်းနေကျ အဒေါ်ကြီးက ပဲခူးမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်အတွက် စားပွဲလည်းထိုး တောက်တိုမယ်ရလည်း လုပ်ဖို့ လူလိုတယ်ဆိုတော့ တခြားဘဝတူ နှစ်ယောက်နဲ့အတူ ရွာကို စွန့်ခဲ့ကြသည်။ မြို့ပြသည် သူ့ရွာထက် ပျော်စရာကောင်းသည်ဟု အောင်နိုင်ထင်သည်။ ဆိုင်ကပေးတဲ့ လုပ်အားခကိုလည်း အသားတင် စုထားနိုင်သည်။ အခြေအနေပေးတဲ့အခါ ဆိုင်နားက ဆိုက်ကားနင်းတဲ့ အကိုကြီးတွေ ဦးလေးတွေနဲ့ ခြင်းခတ် ကျားထိုးလို့ရသေးသည်။ လူမသိ သူမသိ ကျိတ်အပျော်ဆုံးကား ဆိုင်ရှင်ရဲ့ သမီး စုမာရဲ့ အလှကို ခံစားနိုင်ခြင်းပင်။ မျက်နှာတည်တည်နဲ့ ခပ်မှန်မှန်ဆက်ဆံတတ်သော စုမာအကြောင်းကိုတွေးရင် အောင်နိုင် သူ့ဘဝသူ ဝမ်းနည်းသည်။ ဆိုင်မှာ ဖွင့်တတ်တဲ့ ကက်ဆက်ကနေ “ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ” သီချင်းများဖွင့်ရင် ဘာမဆိုင်ညာမဆိုင် အောင်နိုင် လွမ်းသည်။ အောင်နိုင့်အတွက်တော့ စုမာသည် နတ်သမီး၊ “ရွှေလက်ရာ ထမင်းဆိုင်” သည် နန်းတော်တမျှတည်း။
(ဃ) ဘဝအကြောင်းမကောင်းလို့ တကောင်ကြွက်တမျက်နှာဘဝနဲ့ လူအနေဆင်းရဲပေမယ့် အောင်နိုင် တစ်ခုတော့ ကံကောင်းသည်ဆိုရမည်။ အောင်နိုင်သည် ရုပ်ရည်ပြေပြစ်ချောမောသည်။ အပြောအဆိုကချိုသလို လူ့မျိုးတစ်ရာ့တစ်ပါး သည်းညည်းလည်း ခံနိုင်သူမို့ ဆိုင်က တောက်တိုမယ်ရ တခြားအလုပ်တွေထက် စားပွဲထိုးတာကိုပဲ အောင်နိုင် ပင်တိုင်လုပ်လာရသည်။ ဒီတော့ အောင်နိုင် သန့်သန့်ပြန့်ပြန့် ဝတ်ရစားရသည်။ ကိုယ့်အထွာနဲ့ကိုယ် နည်းနည်းငြိမ်ငြိမ်းချမ်းချမ်းနေလာရတော့ အောင်နိုင် ဘဝကို မျှော်လင့်တတ်လာသည်။ စုမာအပေါ်ထားတဲ့ ရှိရင်းစွဲသာယာမှုမှာ ကိုယ်တိုင်မသိတသိနဲ့ တခြားမျှော်လင့်ချက်ကလေးတွေလည်း ကပ်လာတော့သည်။
သို့သော် ဆိုင်ပေါ်ကနေ ခေါင်းနဲ့ မဆင်းရအောင်တော့ အောင်နိုင် ဆင်ခြင်ပါသည်။ အဲသည်လို ဆင်ဆင်ခြင်ခြင် နေလာရင်းနဲ့ပဲ အောင်နိုင် လမ်းတစ်ဖက်ဆိုင်က အမကြီး မြမြကို စသိခဲ့တာဖြစ်သည်။ အနားနားမှာ ဈေးလေးရှိပေမယ့် ထမင်းဆိုင်များသည် ကုန်ခြောက်တွေကိုတော့ ဈေးပိုချိုတဲ့ ပဲခူးဈေးကြီးထဲကနေ သွားဝယ်လေ့ရှိကြသည်။ ဈေးထဲသွားရင်း ကြုံကြိုက်လို့ မြင်းလှည်းတစ်စည်းတည်း စီးဖြစ်တာမျိုးကစလို့ မြမြကို မျက်မှန်းတန်းမိလာသည်။ အခေါ်အပြော ရှိလာသည်။ ခရီးကြုံရင်ကြုံသလိုတစ်မျိုး ဟိုဘက်ဆိုင်ဒီဖက်ဆိုင်ဆိုသလိုတစ်မျိုး မြမြ သူ့ကို ခိုးခိုးကြည့်တတ်တာကို အောင်နိုင်လူပါးက ရိပ်မိပါသည်။ မြမြက ဈေးကပြန်လာရင် သူတို့ဆိုင်ရှေ့မှာ မြင်းလှည်းပေါ်က ဆင်းသည်။ ပြီးမှ လမ်းတစ်ဖက်က သူ့ဆိုင်ကို ပစ္စည်းတွေ သယ်ရသည်။ အောင်နိုင် အနားနားရှိနေရင်တော့ မြမြက သူများဆိုင်က စားပွဲထိုးသော ဘာသော ဂရုမစိုက် တရင်းတနှီးပင် “အောင်နိုင်ရေ မမမြကို ဒီဆွဲခြင်းလေး ပင့်ပေးပါဦး” ခိုင်းတတ်သည်။ အရင်ဆို သူက ဆိုင်ဘက်ကို ကျော့ကျော့လေး ကူးသွားပြီး သူ့ဆိုင်က စားပွဲထိုးတွေကို လာသယ်ခိုင်းနေကျ။ ခုတော့ သူ့အမေကြီးလည်း ဈေးသိပ်မသွားရတော့။ သူက ပိုပြီး ဈေးဝယ်ထွက်လာတတ်သည်။
ထိုမှတဆင့် အနီးအနား ပွဲလမ်းသဘင်လေများရှိရင် ကြုံဖြစ်အောင် ဆုံဖြစ်အောင် နှစ်ယောက်စလုံး အားထုတ်လာတတ်သည်။ “ရုံဝင်လက်မှတ်တစ်စောင်အပိုရှိတယ် အောင်နိုင်ရဲ့” ဆိုပြီး ပွဲကြည့်လက်မှတ်တစ်စောင် အောင်နိုင် ရဖူးပြီ။ “ဟဲ့။ ငါတို့ဖျာမှာ လူတစ်ယောက်စာနေရာ ရသေးတယ် လာခဲ့ပါလား” မြမြက ခေါ်ဖူးပြီ်။ ပွဲကြည့်ရင်း မုန့်တွေဘာတွေ စားချင်လို့ ဝယ်ခိုင်းရင် ဝယ်ပေးရသည်။ ဒီလို ဒီလို အဖြစ်လေးတွေ များစွာမှာ မြမြရင်ခုန်ရသလို အောင်နိုင်ကလည်း အောင်မြင်မှုတစ်ခုလို ကျေနပ်တတ်လာခဲ့သည်။ ဒီလိုနဲ့ပဲ ဟိုလူ ဒီလူက စချင်နောက်ချင်လာသည်။ တချို့ဆို အဲသလိုစလိုက်နောက်လိုက်လျှင် မြမြတစ်ယောက် သဘောကျမှန်း ရက်ရောတတ် ပေးကျွေးတတ်မှန်းသိလို့ မြမြကိုဆို ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ပို စတတ်နောက်တတ်လာကြသည်။ အဲသည်အချိန်မှာ ငုံးဆူလူမသိဖြစ်ကာ ကျိတ်ဆွေးရ ကျိတ်ဒေါသထွက်ရသူကား ရုပ်တည်နဲ့နေတတ်သော စုမာပင်။ ဣနြေ္ဒမပျက် ဘာမှမဖြစ်သလိုနေဖို့ ကြိုးစားပေမယ့် အချစ်ဆိုတာက မျိုသိပ်ဖုန်းကွယ်ဖို့ ခက်လှသည်လေ။ အရင်က သူ့ကို ခိုးခိုးကြည့်တတ်သော အောင်နိုင်က ခုတော့ သူ့ကို သတိထားမိပုံမရတော့။ တစ်သက်လုံး ဒီလိုကိစ္စတွေ မစဉ်းစားဘဲ နေလာခဲ့သူမို့ သဲ့သဲ့ကလေးအတွေ့မှာ စိတ်နှလုံးလည်း ယဲ့ယဲ့ကလေးကြွေရတော့သည်။ မြွေမြွေချင်းခြေမြင်ဆိုသလို ဒီကိစ္စကို တလောကလုံးထက် မိန်းမသားနှစ်ယောက်က ပိုမြင် ပိုခံစားမိပြီး နှစ်ယောက်တည်းသိတဲ့ မျက်လုံးတိုက်ပွဲလေးတွေ ရံဖန်ရံခါ ဆင်နွှဲတတ်လာခဲ့ကြသည်။
(င) လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေသည် ရုတ်ချည်း ပြတ်ပြတ်သားသား ဖြစ်သွားခဲ့လေသည်။ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်တော့မသိ။ မိုးတွေညို့နေသော တစ်နေ့လည်တွင် ဈေးဝယ်အတူထွက်သွားသော စုမာနဲ့ အောင်နိုင်တို့ ဆိုင်ကို ပြန်ရောက်မလာကြတော့။ အဲဒီညက မိုးနဲ့အပြိုင် မြမြမျက်ဝန်းမှာလည်း မိုးသည်းရသည်။ စုမာရဲ့ အဖေနဲ့ အမေလည်း ဒေါသတွေထွက် စိတ်တွေပူကြသလို သူတို့ သားနှစ်ယောက်ကလည်း အောင်နိုင့်ကို ဓါးကြိမ်းကြိမ်းကြသည်။ ဈေးနားတဝိုက်မှာလည်း လူစိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်သွားခဲ့သည်။ သို့သော်လည်း ထုံးစံအတိုင်း သွေးအေးသွားကြတော့ အောင်နိုင်နဲ့ စုမာတို့ အကြင်လင်မယားအသစ်စက်စက် ဆိုင်ကို ပြန်ရောက်လာခဲ့တော့သည်။ ဝါတွင်းကြီးမို့ မင်္ဂလာတောင်မဆောင်ဖြစ်။ နောက်တော့လည်း သည်ကိစ္စက ဘာမှ စိတ်ဝင်စားစရာ မရှိလှတဲ့ အင်မတန်ရိုးရိုးစင်းစင်း ကိစ္စတစ်ခုသာ ဖြစ်သွားခဲ့တော့သည်။
သို့သော် မြမြအဖို့ကား ရှေ့ဆိုင်က လင်မယားသည် မျက်စေ့စပါးမွှေးစူးစရာ ဖြစ်လာတော့သည်။ မယားဖြစ်သူက ခပ်စူစူဖြစ်ကာစ ဗိုက်ပေါ်မှာ ပိုပိုသာသာ ပွပွဖားဖား ကိုယ်ဝန်ဆောင်အင်္ကျီကြီးဝတ်ကာ ကြွားစရာမဟုတ်တာ ကြွားချင်သည်ဟု မြင်ပြင်းကတ်သည်။ မယားဖြစ်သူကို ပျာပျာသလဲဂရုစိုက်တတ်တဲ့ ဟိုတောသားကိုလည်း ရုပ်ကလေးဗန်းပြပြီး မိန်းမထမီနားခိုစားချင်တဲ့ကောင် ခုတော့ ဟိုတုန်းကလို ကျော့ကျော့လေးမနေရဘဲ ဖုတ်လူးပြာလူးလုပ်နေကိုင်နေရပြီဟုတွေးသည်။ တစ်နေ့တော့ မြမြ “ရွှေလက်ရာ ထမင်းဆိုင်”ဘက် လှမ်းကြည့်နေဆဲ ဆိုင်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ သတိထားမိလိုက်သည်။ ခဏနေတော့ အောင်နိုင်တစ်ယောက် စုမာကို ပွေ့ချီပြီး ထွက်လာတာတွေ့သည်။ ဘာတွေများ ပိုသည်းနေပြန်သလဲမသိလို့ မြမြ စိတ်ထဲက ကျိတ်နှာခေါင်းရှုံ့တွေးသည်။ တွေးလို့မှ မဆုံးခင် မြင်လိုက်ရတာက စုမာ ထမီကနေ တတောက်တောက် ကျဆင်းနေတဲ့ သွေးတွေ။ မြမြလန့်လွန်းလို့ ရင်တုန်ပန်းတုန်ဖြစ်ကာ အိမ်ပေါ်တက်ပြီး ကိုယ့်အခန်းထဲ ဝင်လှဲနေရသည်။
(စ) မိခင်ဖြစ်သူက မြမြကို ပြောလာသည်။ “သမီးရေ ရှေ့တစ်ပတ်ထဲမှာ အမေတရားစခန်းဝင်မလို့ လိုက်ခဲ့ပါလား သမီးရဲ့” ဆိုတော့ မြမြ အံ့သြနေသည်။ မြမြတစ်သက် သူ့အမေတရားစခန်းဝင်တာ တစ်ခါမှမရှိခဲ့။ ခုလည်း “သမီးတော့ မလိုက်ပါဘူး။ အမေသွားချင်ရင် သွားလေ။ ဆိုင်ကိုတော့ စိတ်ချ” ဆိုတော့လည်း သွားတာမဟုတ်ချေ။ တစ်နေ့တစ်နေ့လည်း ဒေါသမကြီးဖို့ မေတ္တာတရားလက်ကိုင်ထားဖို့ဆိုတာမျိုးလေးတွေး စကားမစပ်ရင် စပ်အောင် ထည့်ပြောတတ်လာသည်။ နောက်တရက်တော့ ဆိုင်မှာ ပန်းကန်ဆေးတဲ့ မမြင့်က နှစ်ယောက်တည်းရှိတုန်း “မြမြကို အရူးလုပ်သွားတဲ့ ဟာတွေ။ အခုတော့ ခံနေရပြီလေ မြမြရဲ့” ဆိုပြီး ဝမ်းသာအားရ ဘာတွေမှန်းမသိ လာပြောနေသေးသည်။ သို့သော် မြမြ ခပ်မဆိတ်ပဲ နေသည်။ နောက်ရက်တွေ တော်တော် ကြာတော့မှ “ရွှေလက်ရာ ထမင်းဆိုင်” ထဲမှာ စုမာတစ်ယောက် ခပ်ဖျော့ဖျော့ပုံစံနဲ့ အနွေးထည်မချွတ်တမ်းဝတ်လို့ ဆိုင်အလုပ်လေးတွေ တောက်တောက် လိုက်လုပ်နေတာတွေ့သည်။ အောင်နိုင်ကလည်း ဦးဇင်းဝတ်သည်။ လူတွေကို မြမြက မဲ့ပြုံး ပြုံးလေသည်။
ဆေးရုံက ဆင်းလာပြီးကတည်းက စုမာတစ်ယောက် နေရတာ မအီမသာနိုင်လှသည်။ ဆေးရုံကနေ သက်သက်သာသာရှိမှ ဆင်းလာပေမယ့် အိမ်ရောက်တော့ အမြဲတမ်းမောသလို ဖြစ်ကာ အနေရခက်နေသည်။ ပိုဆိုးတာက ည ည မက်တဲ့ အိပ်မက်တွေ။ အိပ်မက်ထဲမှာ မြမြက သူ့ကို “ဟဲ့ ကောင်မ ဒါ အကင်းပဲရှိသေးတယ်” လို့လာလာပြောသည်။ မနေနိုင်တဲ့ အဆုံး တစ်နေ့တော့ စုမာ စာတစောင်ကောက်ရေးပြီး ဆိုင်ကလူတွေအလစ်မှာ ဈေးထဲက ကောင်မလေးတစ်ယောက်ကို မြမြထံ အပေးခိုင်းလိုက်လေသည်။ စာထဲမှာတော့ တိုတိုပဲ “မမမြ ကျွန်မကို ခွင့်လွှတ်ပါ” လို့ ရေးပေးလိုက်သည်။
မြမြကား စာကို ယူလာသော ကလေးမကို လက်ဖက်ရည်နဲ့ အကျအန ဧည့်ခံရင်း စုမာရဲ့ စာတစ်ကြောင်းကို အရသာခံ ဖတ်လေသည်။ ဘာပြန်ရေးပေးလိုက်ရင် ကောင်းမလဲ စဉ်းစားသည်။ မိန်းမက ဒီလိုတော့လည်း ကြောက်တတ်သားပါလားဟု ကျေနပ်အားရနေပြန်သည်။ နောက်တော့ သူသဘောအကျဆုံး စာတစ်ကြောင်း ရေးပြီး ပြန်ပါးလိုက်လေသည်။ ထိုစာကို သယ်ပို့ရင်း ဖတ်လိုက်ရသူကလည်း ကြောက်ကြောက်နှင့်ပင် အရပ်ထဲ တိုးတိုး သတင်းဖြန့်သည်။ စုမာအတွက်ကား တွေးစရာများလှသော အိပ်ပျက်စရာ စာတစ်ကြောင်းတည်း။ “ခုတော့ အားလုံးက လွန်သွားပြီ” တဲ့။
မြမြတစ်ယောက် ပြန်တွေးတိုင်း တစိမ့်စိမ့်ပြုံးပြီးကျေနပ်ရသော စာတစ်စောင်သည် စုမာအတွက်တော့ အိပ်မက်ထဲအထိ လိုက်ခြောက်လှန့်လေသည်။ ချွေးတွေ ရွှဲနစ်ပြီး နိုးလာသော ညမှောင်မှောင်တို့သည် စုမာအဖို့ ခြောက်ခြားစရာ ကောင်းလှသည်။ တနေ့ထက်တနေ့လည်း ပို၍ နုံးချိလာသလို ခံစားရသည်။ ဦးဇင်းထွက်ခါစ ခေါင်းတုံးနဲ့ အောင်နိုင်သည် သူ့အတွက် သူစိမ်းနဲ့ တူလာသည်။ ကတုန်ကယင်နိုင်လှသော နေ့လည်ခင်းတစ်ခုသည် ထိတ်စရာ လန့်စရာ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်လာခဲ့ပြန်သည်။ ဆိုင်ရှေ့မှာ စားပွဲတွေကို ရှိတဲ့အားလေးနဲ့ ခပ်နှေးနှေး ခပ်ငေးငေး လိုက်သုတ်နေသော စုမာသည် ဆိုင်နောက်ဖေး မီးဖိုချောင်ထဲ မီးလုံးကြီး ဘွားခနဲထွက်လာတာ တွေ့လိုက်ရလေသည်။ ပူပြင်းလှသော နွေအဝင်နေ့လည်သည် စုမာ ပတ်ဝန်းကျင်တွင် ချက်ချင်းအေးစက်သွားသည်။ လူတွေရုတ်ရုတ် ဖြစ်သွားတာ စုမာ မသိတော့။ ပတ်ပတ်ချာလည် ဖြုန်းခနဲ မှောင်မိုက်မသွားခင် မီးတောက်တွေကြားမှာ အားရပါးရ ဟစ်အော်ရယ်မောနေသည့် မြမြကို စုမာ တွေ့ဖြစ်အောင် တွေ့လိုက်သည်။
(ဆ) “အမလေး။ လန့်လိုက်တာ တော်ပါသေးရဲ့။ ချက်ချင်းငြိမ်းသွားလို့” မြမြသည် ရင်ပတ်ကို ဖိထားရသည်။ တကယ်ပင် ရင်တုန်စရာ ကောင်းလှသည်ကိုး။ သည်ဈေးနားတစ်ဝိုက်က ဆိုင်တွေဟာ ဟိုဘက်လမ်း ဒီဘက်လမ်းပေမယ့် နီးနီးလေးတွေ။ ပြီးတော့ စုမာကိုလည်း သူ့မောင်တွေ ဆိုင်ထဲက ပွေ့ချီထုတ်လာတာ တွေ့သည်။ ဆိုင်က စားပွဲထိုးလေးတွေက မြမြရဲ့ သောကကို မယုံသလို ကြည့်ကြသည်။ မြမြ တဖြည်းဖြည်းတော့ စိတ်အလိုမကျစ ပြုလာမိပြီ။ ဘယ်သူ့မှ အာရုံထဲမထားဘဲ “ဆိုင်မှာလည်း မီးဂရုစိုက်ကြဟေ့” ဟု ဆော်သြလိုက်သည်။ စိတ်ပူပူပန်ပန်နှင့် တစ်ဖက်ကမ်းကဆိုင်ကို ငေးနေသော မြမြအမေသည် သူ့အသံကြားမှ လှည့်ကြည့်ရင်း “သနားပါတယ် သမီးရယ်။ ခမျာ သွေးနုသားနုနဲ့”။ မြမြသည် သူ့အမေလေသံကို သရုပ်ခွဲကြည့်နေမိသေးသည်။ စပ်စပ်စုစု ဟိုဘက်ကမ်းအထိသွားကြည့်လာသော စားပွဲထိုးတစ်ယောက်က ကျန်တဲ့စားပွဲထိုးလေးတွေကို တိုးတိုးလှမ်းပြောသောစကားကို သားအမိနှစ်ယောက်စလုံး ကြားဖြစ်အောင် ကြားလိုက်လေသည်။ မအေဖြစ်သူက သက်ပြင်းကြီးတစ်လုံးချရသလို မြမြမှာလည်း အထိတ်တလန့်ပင် ဖြစ်မိသည်။ “အမကြီးစုမာက လဲမကျခင် မမမြနာမည်ကို အော်လိုက်တာ သူတို့ အကုန်ကြားတယ်တဲ့ကွ”။
(ဇ) စုမာတစ်ယောက် ဒုတိယအကြိမ် ဆေးရုံမှဆင်းလာပြီးနောက် ရက်အတန်ကြာ။ ဈေးလေး၏ ဟင်းရွက်တန်းသည် အခြားမနက်ခင်းများလိုပင် စည်ကားနေသည်။ ဈေးဝယ်ထွက်လာသော စုမာကို မျက်နှာသိ ဈေးသည်တချို့က နှုတ်ဆက်ကြသည်။ နေကောင်းပြီလား လှမ်းမေးကြသည်။ အားနည်းနေသေးပုံရသော်လည်း စုမာသည် ပြုံးပြုံးချိုချို ရွှင်ရွှင်လန်းလန်းပင် ခေါင်းညိတ်ပြရင်း ဈေးဝယ်နေလေသည်။ ထို့နောက် ငါးရောင်းသော ဒေါ်ခင်ထွေးဆိုင်ရှေ့ ရုတ်တရက် ရပ်လိုက်ရင်း “အမေထွေး။ ဒီကောင်မ အရှက်မရှိဘူးတွေ့လား။ သူများလင်ကို ခိုးတုန်းကခိုးပြီး ခုမှ ကြောက်နေတာလေ။” စုမာ၏ အသံသည် ဝါးတားတား တုန်ရီရီ ဖြစ်နေသည်။ ဒေါ်ခင်ထွေးက “ဟဲ့ ညည်းဘာတွေ ပြောနေတာလဲ။” စုမာသည် ဒေါ်ခင်ထွေးမေးတာကို မကြားသလိုပုံ။ သူ့ဘာသာသူ တတွတ်တွတ် ဆက် ရေရွတ်နေသည်။ “ညည်းကို ငါ ပါးချချင်နေတာ” စကားလည်းအဆုံး သူ့ပါးသူ တဖြန်းဖြန်း ချလေသည်။ ဒေါ်ခင်ထွေးလည်း ဆိုင်ပေါ်မှ အထိတ်ထိတ် အလန့်လန့် ခုန်းဆင်းရင်း အနားနားက ဈေးဝယ်တွေ ဈေးသည်တွေကို အော်ခေါ်ရတော့သည်။ စုမာက တတွတ်တွတ် ဆက်ရေရွတ်ဆဲ။ “ညည်းသောက်ရှက်ကို ငါခွဲပြမယ် ညည်း ညည်း” စုမာရဲ့ အင်္ကျီနှိပ်သီးတွေ ဗြုတ်ခနဲ့ ပြုတ်ထွက်ကုန်ကြသည်။ “ဟဲ့ ဟဲ့ နင်တို့ ဆိုင်မှာ ပရိတ်ရေ မရှိဘူးလား။ ဟိုဘက်က လှမေတို့ လှရွှေတို့ ဘုရားပန်းအိုး ဘုရားပန်းအိုးထဲကရေ”။ ဒေါ်ခင်ထွေးနဲ့ ဆိုင်နီးနားချင်းတွေ အော်ရင်း ဟစ်ရင်း စုမာကို ထိန်းဖို့ ကြိုးစားနေတုန်းမှာပဲ စုမာရဲ့ လက်တွေက ဝတ်ထားသော ပါတိတ်ထမီနွမ်းနွမ်းလေးကို တုန်တုန်ယင်ယင် ခြောက်ခြောက်ခြားခြား ချွတ်ချနေသည်။
(ဈ) ကယောင်ကတမ်း အော်ဟစ်ရင်း ဖျားနားဖျော့တော့သော မိန်းမငယ်သည် လောကကို ရုတ်တရက် သွက်သွက်ပင် နှုတ်ဆက်သွားလေသည်။ စုမာဆုံးတဲ့ညကစလို့ မြမြတစ်ယောက် အိပ်မပျော်တော့ပေ။ ညညဆို အိမ်ကို တစ်ယောက်ယောက်က ခဲနဲ့ လာပေါက်တာလိုလို။ လာကိုင်လှုပ်တာလိုလို။ တကယ်လိုလို အိပ်မက်လိုလို။ နေ့ဘက်ဆိုလည်း မြမြသည် သူ့အခန်း ကျဉ်းကျဉ်းထဲမှ အပြင်မထွက်ချင်။ လူတွေ မြမြကို ကြည့်ကြတဲ့ မျက်လုံးတွေကို မြမြ ကြောက်သည်။ ဆိုင်က အလုပ်သမားကောင်လေးတွေ ကောင်မလေးတွေ မြမြကို ဘယ်သူမှ စကား ဟဟ မပြောရဲကြတော့သလိုပင်။ အမေသည် မြမြကို အရိပ်တကြည့်ကြည့်နေသည်။ ပြီးတော့ အမေသည် တုန်လှုပ်နေသလိုပင်။ အမေ့ကို ကြည့်ရတာ မသေခင် လေ ငါးရက်က တွေ့လိုက်တဲ့ စုမာနဲ့ တူလှသည်။ တော်တော်လည်း ပိန်လှီသွားသည်။ စုမာများ အမေ့ကို။ မြမြသည် ကိုယ့်အတွေးကို ချက်ချင်း ခေါင်းခါထုတ်လိုက်လေသည်။
တစ်နေ့တစ်နေ့ အိမ်မှာဘာတွေ ဘာကြောင့် ဘယ်လို ဆက်ဖြစ်နေသလဲ မြမြမသိတော့။ မြမြတို့ ထမင်းဆိုင်လေး ပိတ်သွားသည်။ အဖေရော အမေရော တနေ့ထက်တနေ့ အိုစာလာနေသည်။ တရက်မှာတော့ ရန်ကုန်မှာနေသော မြမြအကို နှစ်ယေက် အိမ်ရောက်လာသည်။ သူတို့ကြည့်ရတာ တစ်ခုခုကို စိတ်တိုနေသလိုပင်။ ညကျတော့ မြမြအခန်းထဲကို အားလုံး ရောက်လာကြသည်။ ဖအေ မအေက တိုးတိုးတိုးတိုး ချော့မော့ ပြောတာတွေမြမြမကြား။ မိုးခြိမ်းသံနဲ့ တူတဲ့ သူ့အကိုကြီးစကားကိုသာ ကြားသည်။ “ဒီအိမ်ကို နောက်မှ ကြည့်စီစဉ်တာပေါ့။ ရောင်းချင်လည်းရောင်း။ အခုလတ်လတ်လောလောတော့ အမေတို့ ကျွန်တော်နဲ့လိုက်နေ။ မြမြ နင် ဒီည သိမ်းစရာ ရှိတာတွေ သိမ်း။ သမီးတစ်ယောက်တည်းဆိုပြီး အဖေနဲ့ အမေမှာ နင့်ကို ငယ်ငယ်တည်းက ဒုက္ခခံလိုက်ရတာ။ ကြီးလာတော့ အားကိုးရမလားအောက်မေ့ပါတယ်။ ပိုတောင် ဒုက္ခပေးသေး။ ငါ့ဆီလိုက်နေရင် ရူးတူးမူးတူးတွေတော့ လုပ်မယ်မကြံနဲ့။ ရိုက်သတ်ပစ်မယ်။”
(ည) အိမ်ကလေးသည် လမ်းဘေးလည်းလမ်းဘေး ဘုရားနဲ့လည်းနီး ဈေးနဲ့လည်းနီးပေမယ့် နေသူမရှိ၊ ဝယ်သူလက်သို့လည်း ရောင်းမထွက်ပေ။ လက်ရှိအိမ်ပိုင်ရှင် ဘယ်သူဆိုတာလည်း ဘယ်သူမှ သိပ်မသေချာကြတော့ပေ။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သည်အိမ်မှာ နေသွားတဲ့ ကိုယ့်ကိုယ်ကို သတ်သေသွားသော ကလေးမလေးနဲ့ သူရဲ့ ဆန်းဆန်းကြယ်ကြယ်ဖြစ်ရပ်တွေကို ခုချိန်အထိ ဒီအရပ်ထဲမှာ ပုံပြင်ဆန်ဆန် ပြောနေကြတုန်းမို့ပင်။ သည်အိမ်လေးရဲ့ ရှေ့မှာတော့ ဟင်းလက်ရာ ကောင်းလှသည်ဟု နာမည်ရသည့် “ရွှေလက်ရာ ထမင်းဆိုင်” ရှိသည်။ ရွှေလက်ရာ ထမင်းဆိုင်နဲ့ သုံးလေးဆိုင်ခြားမှာတော့ အလှူပေးနေသလို အမြဲတမ်း ဈေးဝယ်တွေနဲ့ စည်ကားနေတတ်သော “ကိုအောင်နိုင်+မမူမူသန်း ကုန်စုံဆိုင်ကြီး” ရှိပါသည်။