Monday, December 1, 2014

ပြေး

    အားကစားနည်းများတွင် ပြေးခြင်းသည် အလွယ်ဆုံးထင်သည်။ ကျွန်တော် ခေတ္တရှင်သန် ကျင်လည်နေထိုင်ရာ စင်္ကာပူမြို့တွင် လူတော်တော်များများ ပြေးကြသည်။ ညအချိန်မတော် သန်းခေါင်ကျော် လူသူလေးပါ နောက်ကျကျအိမ်ပြန်ချိန်၌ပင် ချွေးတဒီးဒီးနဲ့ ပြေးသူတွေ ရှိသည်။ မိုးရွာကြီးထဲ ပြေးနေသူတွေ တွေ့ဖူးသည်။ တချို့များ ကလေးက လက်တွန်းလှည်းထဲမှာ။ ဒါတောင် လက်တွန်းလှည်းတွန်းရင်း ပြေးတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။ အဲဒီလို ပြေးနေတဲ့လူတွေကို တွေ့တိုင်း ကျွန်တော့် ဦးလေးတစ်ယောက်ကို သတိတရ ရှိလှပါသည်။ ပြေးနေတဲ့သည်လူတွေကို တွေ့ရင် သိပ်စကားတတ်တဲ့ ကျွန်တော့်ဦးလေး ဘာမှတ်ချက်ပေးမလဲ နားထောင်ချင်လှသည်။
    ပြီးခဲ့တဲ့တလောလေးကတင် သူငယ်ချင်း တယောက်နဲ့ ဆုံဖြစ်သည်။ သူ ရှေ့လထဲမှာ ဘယ်အဖွဲ့အစည်းက ကြီးမှုးစီစဉ်ပေးတဲ့ ဘယ်ပြေးပွဲမှာ ဝင်ပြေးမလို့တဲ့။ စကားပြောရင်းနဲ့မှ ကျွန်တော် ထပ်သိရတာက အဲဒီလိုပွဲတွေမှာ ပြေးသူသည် ဒီလိုပါဝင်ပြေးခွင့်ရဖို့အတွက် ဝင်ကြေးပေးရသည်ဆိုပဲ။ ကျွန်တော့်မျက်စိထဲ ကျွန်တော် ဇဝေဇဝါသာ မှတ်မိတော့တဲ့ ဦးလေးမျက်နှာပေး ဦးလေးရဲ့လေသံတွေ ပြန်ကြားယောင်ရင်း ပြုံးမိပါသည်။
    ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကဆိုပါတော့။ ကျွန်တော်တို့ ဇာတိရွာကလေးက လယ်သမားတွေအပါအဝင် လယ်သမားတော်တော်များများ (ကျွန်တော်ထင်တာမမှားရင် အကုန်လုံး) အစိုးရကို ကိုတာချေ (ခွဲတမ်းချ) စပါးရောင်းပေးရတဲ့ခေတ်။ လယ်သမားတစ်ယောက်မှာ လယ်တစ်ဧက ရှိရင် စပါးတင်းအစိတ် (၂၅ တင်း) အစိုးရကို ရောင်းပေးရသည်။ လယ်တစ်ဧကကို ပျမ်းမျှက စပါးအတင်း ၅၀ ကျော် ၆၀ လောက်ထွက်သည်ဟု မှတ်မိသည်။ ဒီဘက်ခေတ်မှာလို့ တင်း ၁၀၀ လောက်ထွက်တဲ့ စပါးမျိုးတွေ မပေါ်သေးလေသလား ကျွန်တော်ပဲ အမှတ်မှားလေသလား မသိ။ အစိုးရက ဝယ်တဲ့ ဈေးက လယ်သမားခမျာ တကယ့်ကို အလကားပေးလိုက်ရသလိုမျိုး။ ကိုယ့်လယ်က စပါးမထွက်ရင် အရှူံးခံ ဝယ်ရောင်းကြရသည်ဟု ကြားခဲ့ဖူးသည်။ အစိုးရက စပါးဒိုင်တွေ ဖွင့်ပြီး ဝယ်သည်။ ပဲခူးမြို့ရဲ့ မန္တလေးဘက်အထွက်မှာ စပါးဒိုင်ကြီးတစ်ခု ရှိသည်။ ကျွန်တော်တို့ ရွာကလေးနှင့် ၆ မိုင် ၇ မိုင် ဝေးမည် ထင်ပါသည်။ စပါးဒိုင်မှာ စောစောရောင်း စောစောပြန်ချင်ရင် ရွာကနေ စောစော ထွက်ကြရသည်။ ရွာမှာ စောစောဆိုတာက မနက် ၃ နာရီ ၄ နာရီ။ အဲဒီနေ့က ကျွန်တော်တို့ ရွာကထွက်တော့လည်း အဲသလို မနက်အစောကြီးပဲဖြစ်သည်။ ပြီးတော့ အဲသလိုစပါးဒိုင်ချချိန်က ဆောင်းရာသီ တန်ဆောင်မုန်း နတ်တော်ကာလတွေ ဖြစ်သည်။
    ရွာကနေ လှည်းတွေ တစ်သီတစ်တန်းကြီး ထွက်ကြရမည်ဆိုလျှင် နွားကောင်းကောင်း လှည်းကောင်းကောင်းကို ရှေ့ဆုံးက သွားခိုင်းတတ်ကြသည်။ ဒါဆို နောက်ကလှည်းတွေက ဘာမှ သိပ်မောင်းစရာမလို။ ရှေ့ဆောင်လှည်းနောက် မှေးလိုက်သွားရုံပင်။ ကျွန်တော့်ဦးလေး မောင်းသော လှည်းအိုလေးပေါ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဦးလေး ပြီးတော့ စပါး တင်း အစိတ်။ အခုခေတ် မတွေ့ရသလောက် ဖြစ်နေတဲ့ ရိုင်ပတ်နဲ့။ ရိုင်ပတ်ဆိုတာက ခါးတစ်တိုက်လောက်အ မြင့်နဲ့ဖျာကြမ်းရှည်ကြီး။ လှည်းအိမ်ပေါ်မှာ ထောင်ပြီး တစ်ပတ်ပတ်လို့ရတယ်ဆိုတော့ ၁၂ ပေ ၁၃ လောက် ရှိမည်ထင်သည်။ လှည်းပေါ်မှာ ဂုန်နီအိတ်ဖျာစကြီးခင်းပြီး ရိုင်ပတ်ထောင်လိုက်ရင် စပါးထည့်လို့ ရပြီ။ အဲဒီထဲမှာ စပါးတင်းအစိတ်ကို ထည့် ပြီးရင် အပေါ်မှာ ကောက်ရိုးကြမ်းခင်းပြီး လူလိုက်စီးနိုင်သည်။ လှည်းလေးက တအိအိ။ တူဝရီးနှစ်ယောက်သား လှည်းပေါ်မှာ ကွေးရင်း စကားလေး တောင်ပြော မြောက်ပြောပေါ့။ ရှေ့ကလှည်းတွေ မှန်မှန်မောင်းနေသရွေ့ နွားတွေကို ဘာမှ ဂရုတစိုက်မောင်းနေစရာမလို့။ တောက်ကလေး တစ်ချက်တစ်ချက်ခတ်ပးရင် (တက်ကလေး တစ်ချက်ချက် ခေါက်ပေးရင်) ရပြီ။ ကျွန်တော် သဘောအကျဆုံးကလည်း လူကြီးတွေနဲ့ ခရီးသွားရင် လေတအေးအေးနဲ့ ပြောတတ်တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ။
    ကျွန်တော်တို့ ထွက်လာတဲ့အချိန်က စောစောဆိုတော့ ဘာမှ ကောင်းကောင်းမမြင်ရ။ နှင်းတွေက တပြိုက်ပြိုက်။ လှည်းပေါ်မှာ လေကလည်း တဖြူးဖြူး။ ချမ်းမှချမ်း ဆိုပါတော့။ လယ်ကွင်းပြင်ကြီးကို ဖြတ်ပြီး မောင်းရတာက အကြာကြီး။ ကျွန်တော်တေို့ ရွာကလေးကနေ လေးမိုင်ကျော်ကျော်မောင်းပြီးရင် ကျွန်တော်တို့ ဒေသအခေါ် တာခြေ (ရန်ကုန်-မန္တလေးလမ်းမကြီး) ကိုဆိုက်သည်။ အဲဒီအခါကျရင် ပေတစ်ရာ (အဲဒီ ရန်ကုန်-မန္တလေး လမ်းမကြီး)အတိုင်း နှစ်မိုင်လောက် ဆက်မောင်းရသည်။ တာခြေကို ဆိုက်ပြီဆိုရင်တော့ မနက် ခြောက်နာရီ ပတ်ဝန်းကျင်။ ဝေလီဝေလင်းဆိုပါတော့။ အဲဒီမှာ ပြေးသူတွေကို စမြင်ရပြီ။
    ပဲခူးမြို့ခံတွေပဲလား မြို့မှာ တာဝန်လာကျတဲ့ ဝန်ထမ်းတွေပဲလားတော့ မသိပါ။ သူတို့တွေက မနက်မနက် ပြေးကြသည်။ ပဲခူးမြို့ထဲကနေ မြို့ပြင်ဘက်ပြေး။ လမ်းမကြီးကလည်း ကျယ်။ အဲဒီတုန်းကတော့ ကုက္ကိုပင်ကြီးတွေ ညို့ညို့မှိုင်းမှိုင်းနဲ့ဆိုတော့ ဆိုင်းဆိုင်းစိုစို လှပနေတတ်သည်။ နှင်းမှုန်မှုန်ကြားမှာ ပြေးနေတဲ့သူတွေကို ကြည့်ပြီး ကျွန်တော့်ဦးလေးက ‘ဟင်း’ ကနဲ့ နှာခေါင်းတချက်ရှူံ့သည်။ ‘ဒီကောင်ကြီးတွေ အားလိုက်ကြတာကွာ။ ငါတလင်းထဲ လာပတ်ပြေးပေးရင် ငါ့နွားတွေ သက်သာလိုက်မယ့်အမျိုး။’ ကျွန်တော်ကတော့ တခွိခွိ ရယ်ပါသည်။ ဦးလေးပြောတော့ တလင်းထဲ လာပတ်ပြေးပေးဖို့ဆိုတာ စပါးနယ်တာကို ဆိုလိုပါသည်။ စပါးတွေ ရိတ်ပြီးရင် အစည်းလေးတွေ အရွယ်တော် စည်း။ အဲဒီ ကောက်လှိုင်း အစည်းတွေကို တလင်းထဲမှာ ဝိုင်းဝိုင်ကြီး ဖြန့်ခင်းလိုက်ရင် ကောက်ပြန့်ကြီးရပါသည်။ အဲဒီ ကောက်ပြန့်ကြီးပေါ်မှာ နွားကို လှည်းတပ်ပြီး တပတ်ပြီးတပတ်မောင်းရသည်။ စပါးစေ့တွေ အကုန်ကြွေတဲ့အထိ ဆိုပါတော့။ တခါတခါများ အဲသလို လှည်းကိုမောင်းရတာ ခေါင်းတောင် မူးပါသည်။ အဲဒီ စပါးနယ်တဲ့အလုပ်ကို သူ့နွားတွေ မပင်ပနုးရအောင် အခုပြေးနေတဲ့ လူတွေကို ခေါ်ပြီး ပတ်ပြေးခိုင်းချင်တယ်ဆိုတော့ ကျွန်တော့်က ဦးလေးအတွေးကို သဘောကျပြီး တခွိခွိ။ ဦးလေးကလည်း သူ့စကားသူ သဘောကျပြီး တဟားဟား။ ပြီးတော့ ဆက်ပြောပါသည်။ ‘သြော် ငါတို့များ အိပ်ချင်တာ မအိပ်ရ။ ချမ်းချမ်းနဲ့ကွေးချင်တာ မကွေးရ။ သူတို့များကြည့်စမ်း။ ကိုယ့်အေးအေးနေလို့ရတာ အေးအေးမနေပေါင်ကွာ။ မှတ်ထား ငါ့တူရ။ အဲဒါ ဝဋ်လို့ခေါ်တယ်။’
ခုနေများ ကျွန်တော့်ဦးလေး ရှိသေးလို့ စင်္ကာပူဆိုတဲ့မြို့ကိုများရောက်ဖြစ်ရင် ဘာပြောမလဲ သိချင်ပါသည်။ တချိန်တုန်းက သူ ကောင်းကောင်း သွန်သင်ခဲ့သော သူ့တူတယောက်တောင် ခုဆို သူပြောတဲ့ ‘ဝဋ်’ကို ခံစားချင်လွန်းလို့ ကိုယ့်ကိုယ်ကို သံပတ်တင်းဖို့ ကြိုးစားချင်တယ်ဆိုတာ သိရင်တော့ ‘သူများရူးတိုင်း မရူးနဲ့ မောင်တို့’ လို့ ခပ်လေးလေး ပြောဦးမည်ထင်သည်။ ခုတော့ ရိုင်ပတ်တွေလည်း မရှိတော့။ စပါးဒိုင်ချတယ်ဆိုတာလည်း မရှိတော့။ ဆောင်းတွင်း ပဲခူးမြို့ပြင်ကို အပြေးထွက်တယ်ဆိုတဲ့ လူတန်းစားတစ်ရပ်ရော ရှိသေးသလား ကျွန်တော်မသိ။ ရောက်ရာ အရပ်မှာ ပြေးသူတွေ မြင်တိုင်းတော့ ဦးလေးကို ရယ်ချင်စိတ်တဝက်နဲ့ သတိရ လွမ်းဆွတ်တတ်သော ကျွန်တော်တော့ လောကကြီးမှာ ရှင်သန် ရုန်းကန်ဆဲ ရှိပါသည်။

Saturday, August 16, 2014

အကြည့်ခံပါတယ် (ကြားဖူးနားဝနဲ့ ကိုယ်တွေ့ ဟာသများ-၁)

    ကြာခဲ့ပါပြီ။ ဟိုး တစ်ချိန်ကပေါ့။ ကျွန်တော်တို့ ဒေသ ပဲခူးနယ်ထဲက ရွာလေးတစ်ရွာမှာ ကိုလှဖေဆိုတဲ့ လူတစ်ယောက်ရှိတယ်။ မိဘကလည်း ပြည့်ပြည့်စုံစုံ။ သားလေးကလည်း ဒီတစ်ယောက်တည်းဆိုတော့ သူ့ကို အလိုလိုက်ထားတာပေါ့။ ဒီတော့ ဘာပဲဖြစ်ဖြစ် သူနိုင်လိုက်ရမှ ကျေနပ်တတ်တဲ့သူဖြစ်လာပြီး အသက် သုံးဆယ်သာ ကပ်လာရော့ ရည်းစားသနာ မရှိပါဘူး။ အိအဂျိဂျကလည်း အင်မတန်များတယ်လို့ ဆိုပါတယ်။ လူပျိုကြီး ဖြစ်စ ပြုလာပြီဆိုတော့ မိဘတွေက နည်းနည်း စိတ်ပူလာပြီ။ ရွာထဲက ရွာနီးချုပ်စပ်က ကောင်းမွန်တာ သင့်တော်တာလေး ရှာရတာပေါ့။ ဒါပေမယ့် ကိုလှဖေကလည်း အင်မတန် ချေးများတဲ့သူပါတဲ့။ သူကိုယ်တိုင်လည်း လေ့လာသလို သူငယ်ချင်းတွေနဲ့လည်း တိုင်ပင်တာပေါ့။ ဒီတစ်ယောက်ကတော့ မလှဘူး။ ဒီတစ်ယောက်က အသံပြဲတယ်။ ဒီတစ်ယောက်ကတော့ ရုပ်ကလေးရှိပါရဲ့ ဘာအလုပ်မှ မလုပ်ဘူး။ ဒီတစ်ယောက်က မလှုပ်တလှုပ်နဲ့။ စသည်ဖြင့် ဆင်ခြေတွေ စုံလို့ စုံလို့။
    ဒီလိုနဲ့ အပြောင်းအလဲတစ်ခု ဖြစ်မယ့် နေ့တနေ့ကို ရောက်လာပါတယ်။ သူတို့ရွာနဲ့ ခပ်လှမ်းလှမ်း ရွာတွေထဲက တစ်ရွာမှာ သူ့မိဘတွေက ကလေးမလေးတစ်ယောက်ကို တွေ့လာခဲ့တယ်။ မမြကြင်တဲ့။ သိပ်မချမ်းသာပေမယ့် တခြားဘာမှ ပြောစရာ မရှိဘူးဆိုပါတော့။ ကိုလှဖေနဲ့က သွက်သွက်လက်လက် လှလှပပ မပျင်းမရိ မိန်းမမျိုးမှ ဖြစ်မှာကိုး။ ကိုလှဖေလည်း သူနည်းသူ့ဟန်နဲ့ ရသလောက် စုံစမ်းတယ် ထင်ပါရဲ့။ အင်မတန် ချေးများတဲ့ ကိုလှဖေတစ်ယောက် ခေါင်းညိတ်လိုက်တယ် ဆိုပါတော့။ ဘေးပတ်ဝန်းကျင်ရွာတွေလည်း သိသွားကြတယ်တဲ့။ တကယ်တမ်း ကိုလှဖေ မိဘတွေက မမြကြင်မိဘတွေကို စကားခေါ်ကြည့်လိုက်တဲ့ အခါမှာတော့ မမြကြင်မှာ ရည်ရွယ်ထားတဲ့သူရှိပါသတဲ့။
    အခုဆက်ပြောမယ့် ကိစ္စကတော့ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကပေါ့။ ကိုလှဖေတစ်ယောက် ပဲခူးကို မလာစဖူး လာတောင့်လာခဲ့ ရောက်လာပါတယ်။ လမ်းလည်း မလျှောက်ချင်တာနဲ့ ပဲခူးချောင်းအတိုင်း ခရီးသည် တင်မောင်းကြတဲ့ (စက်လှေ)မော်တော်ပဲစီးလာခဲ့တယ်။ အဲဒီ မော်တော်တွေက အစီးအရေအတွက်လည်း သိပ်မများလှပါဘူး။ မနက်ဆို ပဲခူးချောင်းဖျားဖက်ကနေ ဆင်းလာကြတယ်။ နေ့လည်လောက်ဆို ပြန်တက်ကြီပြီ။ အတက်ဆို တမေ့တမော စီးရပါတယ်။ စီးရတာ ကြာတာ ထားဦး။ မစီးခင်လည်း အကြာကြီး စောင့်ရတယ်။ ဘယ်အချိန်ထွက်တယ် အတိအကျမရှိဘူး။ တခါတလေ ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှာ ဈေးဝယ်လို့ပြီးတဲ့သူတွေလည်း စက်လှေဂိတ်မှာ ပျင်းပျင်းရိရိနဲ့ စောင့်ကြပေတော့ တစ်ချက် နှစ်ချက်ထိုးအထိ။ ချိုင့်ထဲထည့် သယ်လာတဲ့ ထမင်းလေး စားလိုက်။ စက်လှေဂိတ် ထိုင်ခုံတွေ ဝါးကြမ်းဖျာတွေပေါ်မှာ လှဲလိုက်။ ရှိတဲ့လူနဲ့ စကားလေး ပြောလိုက်ကြပေါ.။
    ကိုလှဖေ စက်လှေဂိတ်ကို ဆယ့်နှစ်နာရီကျော်ကျော်လောက်မှာ ရောက်လာတယ်။ စောင့်နေကြတဲ့သူတွေလည်း ရှိတော့ ဒီလိုပဲ ရောထိုင်နေတာပေါ့။ သိပ်မကြာခင်မှာပဲ တစ်ဖက်က ခုံတန်းတွေမှာ အသားညိုညိုနဲ့ အမျိုးသမီးတစ်ယောက် မကျယ် ဒါပေမယ့် မတိုးတဲ့အသံနဲ့ ရပ်အကြောင်း ရွာအကြောင်း ပြောနေတာကို သူ သတိထားမိသွားတယ်။ ဟိုလူတစ်ချက်ဖြည့် ဒီလူလည်း တစ်ချက်ထောက်ပြောနဲ့ပဲ။ သူစကားပြောနေတဲ့ ပုံက တိတိကျကျ သပ်သပ်ရပ်ရပ်ရှိတယ်။ ကိုလှဖေ မရည်ရွယ်ဘဲနဲ့ မေးခွန်းတစ်ခု ခပ်ကျယ်ကျယ်မေးလိုက်ပါတယ်။ ပါးစပ်ကို နတ်(အကောင်းလား အဆိုးလားတော့မသိ) ဝင်စီးသွားသလိုမျိုး။
    'နေပါဦးဗျ။ ဒီထဲမှာ သဲတောကလူတွေများ ပါကြသလား။'
    လူတစ်ယောက် ခပ်သွက်သွက်ဖြေတယ်။
    'ဟာ ဒီဘက် စက်လှေတစ်စီးလုံး သဲတောလူချည်းလိုပဲဗျို့။ ဘာဖြစ်လို့လဲဗျ။'
    သပ်သပ်ရပ်ရပ် ကိုလှဖေပုံစံကိုလည်း အားလုံးက သတိထားမိကြပါလိမ့်မယ်။
    'တခြားမဟုတ်ပါဘူးဗျာ။ မမြကြင်ဆိုတာနဲ့ အမျိုးနီးစပ်တော်သူများ ပါသလားလို့ပါ။'
    အဲဒီလိုပြောလိုက်တော့ စကားဝိုင်းကို ခပ်သွက်သွက် ဦးဆောင်နေတဲ့ အမျိုးသမီးက
    'မမြကြင်ဆိုတာ ကျွန်မပါပဲ။' ပြောရင်း မျက်ခုံးကိုလည်း ခပ်ဆဆ ပင့်ရင်း ဘာကိစ္စ ရှိသလဲ ဆိုတဲ့ ပုံစံနဲ့ ကိုလှဖေကို လှမ်းကြည့်ပါတယ်။ ကိုလှဖေက မျက်မှောင်ကုတ်ရင်း (ခုနကတည်းက သူသတိထားလိုက်မိတဲ့) အမျိုးသမီးကို ခပ်တည်တည် ကြည့်နေပါတယ်။ စိတ်ထဲမှာတော့ ငါဘာတွေ လျှောက်လုပ်နေပါလိမ့်ဆိုပြီး မတွေးတတ်ဖြစ်နေပုံပါပဲ။ ဘာလုပ်ရမှန်းမသိသလို အူတူအတ ပုံစံကနေ ခပ်တည်တည် စူပုပ်လိုက်ရင်း
    'အောင်မလေး။ ချောလှ ချောလှနဲ့။ ဒီလောက်လည်း မဟုတ်ပါဘူး။'
    နဂိုကတည်းက ခပ်သွက်သွက်သမား မမြကြင်က ဟန်ပါပါ မတ်တတ်ရပ်လိုက်ရင်း ပြန်ပြောလိုက်တာက 'သေသေချာချာ ကြည့်ပါရှင့်။ ကျွန်မက အကြည့်ခံပါတယ်။'
    မမြကြင်ရဲ့ ပုံစံကို မော့ကြည့်ပြီး တခွိခွိသဘောကျနေတာက မြေးဦးလေး နီတွတ်ပါပဲ။ အခုလို တွေ့ကြတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်စလုံး အသက် ၆၀ တန်းတွေ ဖြစ်နေခဲ့ကြပြီလေ။
    နောက်ဆက်တွဲအနေနဲ့ကတော့ အဲဒီနေ့က ကိုလှဖေတစ်ယောက် သူ့ရွာကို စက်လှေနဲ့ မပြန်ဘဲ ချောင်းရိုးခြောက်ပေလမ်းအတိုင်း ကုန်းကြောင်း ပြန်သွားသတဲ့။ ကိုလှဖေတစ်ယောက် ပဲခူးကို စက်လှေနဲ့သွားတာတောင် မတွေ့ရတော့ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။

Sunday, July 6, 2014

ဒဏ်ရာ

    (Scottish စာရေးဆရာ George Mackay Brown (1921-1996) ရဲ့ The Story of Jorkel Hayforks ကို စိတ်ကြိုက်ဘာသာပြန်ဆိုပါသည်။)

    (က)
    နွေလယ်မရောက်ခင် တစ်ပတ်လောက်အလိုပေါ့။ ဂျော်ကဲနဲ့ ရွာသားလူငယ်လူရွယ်ခြောက်ယောက် နော်ဝေရဲ့တနေရာ ဘာဂျမ်ရွာမှသည် ရွက်လွှင့်လို့ ခရီးစချီခဲ့ပါတယ်။ အော့ကနေအရပ်က ဝှိုင်ဆိုတဲ့ ကျွန်းကြီးဆီပေါ့။ လေကလည်းကောင်းတယ်။ အနောက်ဘက်ကို ရွက်တိုက်လာလိုက်တာ နှစ်ရက်ကြာတော့ ရှတ်လန်းဒေသက ဝေါလ်ဆေးရွာကိုရောက်ပြီး ကမ်းကပ်လိုက်တယ်။ အဲဒီက လယ်သမားတစ်ယောက်က သူတို့ကို တော်တော်လေး ဧည့်ဝတ်ကျေကျေပြုစုတယ်။ ညနေစာအပြီး နည်းနည်းသောက်စားကြပြီးတဲ့နောက်မှာတော့ သူတို့နော်ဝေသားတွေထဲက ဖင်းဆိုတဲ့တစ်ယောက်က စောင်းကောက်တွေ ဘာတွေ ထတီးပြီး ကဗျာတွေဘာတွေ ကောက်ရွတ်တော့တာပဲ။
    ဖင်း ကဗျာရွတ်ပြီးတာနဲ့ အိမ်ရှင်ရဲ့ သမီးက သူ့အဖေကို ကပ်ပူဆာပါတော့တယ်။ မြင်းတစ်ကောင်နဲ့ မြေတစ်ကွက်ပေးပြီး ဖင်းကို ဒီရွာမှာနေခဲ့အောင် ဆွဲထားဖို့လေ။
    အိမ်ရှင်ကလည်း သူ့သမီးအလိုကိုလိုက်တယ်။ ဒါပေမယ့် ဖင်းပြန်ပြောလိုက်တာက “ကျုပ်တို့ ခု သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ အော့ကနေ ကိုသွားနေတာ။ မနက်အစောကြီးထရွက်လွှင့်ရမှာ။ ကျုပ်ဒီမှာနေလို့ မဖြစ်ဘူးဗျ။”
    အိမ်ရှင်လည်း သူ့သမီးကို ပြန်ပြောပြရတာပေါ့။
   
    သန်းခေါင်တိုင်ပြီ။ လူငယ်တွေကတော့ မီပုံဘေးမှာ သောက်ကောင်းတုန်းအချိန်။ ကောင်မလေး နိုးလာပြီး အိပ်ယာထဲက ထွက်လာတယ်။ အိမ်ရှင်ဖြစ်သူ ဖအေကို တစ်ခါထပ်ပူဆာပြန်တယ်။ “သမီးတော့ အိပ်မရတော့ဘူး အဖေရယ်။ ဖင်းကို ရွှေလက်ပတ်နဲ့ ငွေလက်စွပ်ပေးမယ်ဆိုပြီး ပြောကြည့်ပါ။” အိမ်ရှင်ကြီးက ဖင်းကို တစ်ယောက်တည်းခေါ်ပြီး ပြောပြတယ်။ ဒီတစ်ခါ ဖင်းပြန်ပြောလိုက်တာက “ကျုပ်က ဆင်းရဲသားပါ။ ပြီးတော့ ပေါ့ပေါ့ပါးပါးပဲ နေတတ်တယ်။ မိန်းမနဲ့ ရွှေဆိုတာ ကျုပ်ကို ကဗျာရေးမရအောင် လုပ်မယ့်ဟာတွေပါ။ ပြီးတော့ ဒီနွေလယ်ရာသီမှာ အော့ကနေရောက်အောင် သွားဖို့ အရေးကြီးကိစ္စ ရှိတယ်ဗျ။”
    အိမ်ရှင်လည်း သူ့သမီးကို ပြန်ပြောပြရတာပေါ့။
   
    အရုဏ်တက်ပြီ။ မောင်ရင်တွေ သောက်ကောင်းတုန်း။ ဗျစ်အရက်စည်တွေကတော့ ဗလာကျင်းနေပြီ။ တစ်ချို့လည်းမီးပုံဘေးထိုင် တစ်ချို့လည်း ခုံတန်းအောက်လဲ။ ဒါပေမယ့် ဖင်းကတော့ အဲဒီရွာကလူတွေနဲ့ ကဗျာ့စည်းဝါးအကြောင်း ဆွေးနွေးကောင်းတုန်း။
    “အာမစိုတော့လို့ဗျာ။ နို့မဟုတ်ရင် ကျူပ်ကောင်းကောင်းကြီး ပြောပြနိုင်တယ်။”
    သိပ်မကြာပါဘူး။ အိမ်ရှင်ကောင်မလေး ရောက်လာပြီး ဖင်းကို ဗျစ်ရည်တစ်ခွက်ပေးတယ်။ ဖင်းခများ သောက်ချလိုက်တုန်းသူ့မုတ်ဆိတ်မွေးပေါ်ပေသွားတဲ့ အမြုပ်ကလေးတွေတောင် သေအောင် မစောင့်နိုင်ဘဲ မေးလိုက်တာက။
    “ဒါကို မင်းကိုယ်တိုင် စပ်တာလား ကောင်မလေး။”
    “ကျွန်မတစ်ယောက်တည်း ကိုယ်တိုင်စပ်တာလေ။”
    “ဒါဆိုရင်တော့ ဒါမျိုးနည်းနည်းဆက်သောက်ဖို့အတွက် မင်းတို့ရှတ်လန်းမှာ ကျုပ်ခဏတစ်ဖြုတ်တော့ ဆက်နေဦးမယ်။”
    နေထွက်တော့ နော်ဝေသားတစ်သိုက် ကသုတ်ကရက်ထကြပြီး ဆက်ရွက်လွှင့်ဖို့ ထွက်ကြတယ်။ ဖင်း တစ်ယောက်ကတော့ ပျောက်နေလေရဲ့။ အိမ်ရှင်ကောင်မလေးရဲ့ အခန်းကလည်း တံခါးပိတ်လျက်သား။ ခေါင်းဆောင်လူငယ် ဂျော်ကဲ သိပ်စိတ်ဆိုးတာပေါ့။
    ဆက်ပြောရရင်တော့ ဖင်းတစ်ယောက် အဲဒီနေ့ကစလို့ ဘယ်တော့မှ ကဗျာမရေးတော့ဘူး။ အိမ်ရှင်ကောင်မလေးလည်း ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးလိုက်တာ ဆယ့်နှစ်ယောက်ရ ဆိုလား။ ဆံတစ်ချောင်းမှ မဖြူ ခင်ဘဲ ဖင်းသေသွားတယ်။ အဲဒီ ရှတ်လန်းမှာပဲ သေတဲ့အထိ နေသွားတယ်ဆိုပါတော့။ သေတဲ့အထိ သောက်လို့ချည်းနေသွားသတဲ့။ သူ့မိန်းမတိုက်မှ သောက်သတဲ့။ ကဗျာလက်စလက်န သိပ်ကောင်းတဲ့ သူတစ်ယောက်ဟာ အဲသလို တကယ့်သာမာန်ဘဝနဲ့ လမ်းဆုံးသွားခဲ့ပါတယ်။ ဂျော်ကဲကတော့ ပြောလေရဲ့။
“အဲဒီ ခွေးမ။ အဲဒီ ခွေးမ ဖင်းကို ပြုစားတာ။”

    (ခ)
    ဖင်း ရှတ်လန်းမှာ ကျန်ခဲ့ပြီး တခြားသူတွေ ဆက်ထွက်လာခဲ့ပါတယ်။ အဲဒီ နေလည်ခင်းမှာပဲ ကျွန်းသာယာကို ရောက်တယ်။ တောင်စောင်းမှာ သိုးတစ်အုပ်ကို သူတို့ ရွက်သင်္ဘောပေါ်က လှမ်းမြင်တယ်။ သူတို့ထဲမှာ ဖလန်းဆိုတဲ့သူက နော်ဝေမှာတော့ ပန်းပဲဆရာပေါ့။ သူက ပြောတယ်။ ဒါ သိပ်ကောင်းတဲ့ သိုးတွေတဲ့။ သူပြန်ရင် သူ့မိန်းမကလည်း လက်ဆောင်မျှော်နေမှာဆိုတော့ လက်ဆောင်ပေးဖို့ သိုးတစ်အုပ်ဖမ်းမယ်ဆိုလေရဲ့။
    ဘယ်သူမှတောင် တားမမီလိုက်ဘူး။ ခုန်ဆင်းပြီး ရေးကူးချသွားတယ်။ သိုးတွေက ချောက်ကမ်းပါးတောင်စောင်း ခပ်စောက်စောက်တွေမှာ မြက်စားနေတာ။ ဖလန်းက ကုတ်ကပ်တက်သွားပြီး နီးရာသိုးတစ်ကောင်ဖမ်းဆွဲတယ်။ နားနေတဲ့ ငှက်တွေလည်း ရုတ်ရုတ်သဲသဲ ထပြန်ကြတာပေါ့။ သူလည်း သိုးတစ်ကောင်ကို ပါလာတဲ့ ပုဆိန်နဲ့ ခုတ်ဖို့ အပြင် တခြားသို့တစ်ကောင်က ကြောက်ကြောက်လန့်လန့်နဲ့ သူ့ပေါင်ခွကြားကို ပြေးကြုံးထည့်လိုက်တာ။
    ဂျော်ကဲ မချိတင်ကဲ ရေရွတ်တယ်။ “ဒီကောင် တက်တုန်းကမှကြာသေး။ ပြန်ကျတော့ တစ်ချက်ပဲ။ ပန်းပဲသမားဗျာ သိုးအကြောင်း ဘာတစ်လုံး သိမှာလဲ။”
    အဲဒီညကတော့ အဲဒီ ကျွန်းသာယာရဲ့ ချောက်ကမ်းပါးအောက်မှာ သူတို့ ရွက်ချနားကြပါတယ်။

    (ဂ)
    အရုဏ်တက်တော့ ကျွန်းသာယာက ခွာကြတယ်။ အော့ကနေဘက်ကို သွားရတာ တော်တော်ခက်လာပါတယ်။ အရှေ့ဘက်က အဆန်လေကလည်း ထန် မှုန်မှိုင်းပြီး အေးစိမ့်နေတာပဲ။ မနားတမ်း အသည်းအသန် လှော်နေခတ်နေရတယ်။ အဲဒီ  အချိန်မှာပဲ သူတို့ထဲက တစ်ယောက်။ ဆွစ်ဇာလန်မှာ လယ်တွေဘာတွေ ရှိတဲ့ မွန်း။ ဒီကောင်က လှော်တက် ဘေးချပြီး နေနေတယ်။
    “လယ်ထဲမှာဆိုရင်တော့ နက်နက်ထွန်ရင် ထွန်သလိုနက်မယ်ဆိုတာ သေချာတယ်။ ခင်ဗျားတို့ အခုဟာက နက်နက်တွန်းလှော်လို့ရော ထိထိရောက်ရောက် ရှိပါတော့မလား”
    ကျန်တဲ့သူတွေကတော့ အားသွန်လှော်တုန်းပဲ။
    “ပြီးခဲ့တဲ့ တစ်နှစ်နွေက ဂရက်တီယာ သေမလို လဲနေတုန်းကလေ သူ့မျက်နှာကြီးက ဖွေးဆုတ်နေတာပဲ။ ကျုပ်မျက်နှာရော အခု အဲဒီ အရောင်ထွက်နေပြီလား။”
    ဂျော်ကဲက “မင်းမျက်နှာကတော့ စိမ်းစိမ်းကြီး။” လို့ပြောရင်း ကျန်တဲ့သူတွေကိုပဲ ညာသံပေးနေရတယ်။ မွန်းက တစ်ချက် ဝင်မလှော်တော့ဘူးကိုး။
    နေ့ခင်းအချိန်ပိုင်းရောက်လာတော့ မွန်းကပြောတယ်။ “ကျုပ်က ခုလို နွေလယ်ရာသီတွေဆို အမြဲ ပျော်နေတတ်တဲ့သူပါ။ ဒါပေမယ့် ဒီနှစ် နွေလယ်မီးပုံပွဲမှာတော့ ကျုပ် မီးပုံပတ်လို့ မကနိုင်လောက်တော့ပါဘူး။”
သူကလွဲလို့ အားလုံးကတော့ ကုန်းရုန်းလှော်ခတ်နေဆဲ။ လေကလည်း မြောက်ကို ယိမ်းပြီး အနေတော်လောက် ပျော့ကျသွားတယ်။ ဒီတော့မှ သူတို့ ယုန်တစ်ကောင်ကို ပြုတ်ချက်ချက်ပြီး ဗျစ်ရည်တစ်စည် ဖွင့်လိုက်တယ်။ မွန်းဆီကို အစားအသောက်နဲ့ ဗျစ်ရည် ယူသွားပေးချိန်မှာတော့ မွန်းဟာ လှေလှော်တဲ့ ထိုင်ခုံကိုမှီလို့ အေးစက်တောင့်တင်းနေလေရဲ့။
    ဂျော်ကဲကပြောတယ်။
    “မွန်း။ မင်း ညစာ တောင် စားမသွားတော့ဘူးပေါ့ကွာ။”

    (ဃ)
    သိပ်မကြာခင်ဘဲ သူတို့ ပါပါဝက်စထရေးကို ရောက်တယ်။ အဲဒီ ကျွန်းက လယ်မြေကောင်းကောင်းတွေလည်း ရှိတယ်။ ကမ်းရိုးတန်းနားမှာ ဗျစ်ရည်ဆိုင်လည်း ရှိတယ်။ ခေါင်းတုံးထားတဲ့ ဘုန်းကြီး ၁၂ ပါးနေတဲ့ ဘုရားကျောင်းကလေး တစ်ကျောင်းလည်း ရေကန်ကြီးနားမှာ ရှိတယ်။ ကျွန်းသူ ကျွန်းသားတွေက သူတို့ကို ဖော်ဖော်ရွေရွေ ကြို ကြပါတယ်။ ငါးတွေ အသားတွေ ရောင်းတယ်။ ရေ ကောင်းကောင်း ရမယ့် နေရာကိုလည်း ပြပေးတယ်။
    ညနေပိုင်း ဝတ်ပြုဖို့အတွက် ဘုရားကျောင်းထဲကို ဘုန်းတော်ကြီး ၁၂ ပါး ဝင်သွားကြတယ်။
    ဂျော်ကဲတို့ နော်ဝေသားတစ်စုကတော့ စားစရာ သောက်စရာတွေ ဝယ်လို့ ခြမ်းလို့ပြီးတာနဲ့ ဗျစ်ဆိုင်ကို သွားကြတယ်။ စည်တစ်လုံးထဲက ဗျစ်ရည်တွေ မကုန်မချင်း သောက်ကြ အော်ကြ ဟစ်ကြ ဆိုကြ မြူးကြပေါ့လေ။ ဆိုင်ရှင်က နောက်ထပ် ဗျစ်စည်တစ်လုံး ဖွင့်တဲ့အချိန်မှာတော့ သူတို့ထဲက သော့ထ် တစ်ယောက် ပျောက်နေတာကို ဂျော်ကဲ သတိထားလိုက်မိတယ်။
    ဆွင်းကတော့ “ဒီကောင် ဝက်စထရေးရွာထဲက မိန်းမတွေ သွားမြာတာနေမှာပေါ့” လို့ မှန်းပြောပါတယ်။ ရွာမှာဆိုလည်း သော့ထ်က မြာပွေတဲ့နေရာမှာ နာမည်ကြီး။
    ညနေပိုင်း ဘုရားဝတ်ပြုပြီးလို့ တီးလိုက်တဲ့ ခေါင်းလောင်းသံက ဗျစ်ဆိုင်လေးဆီအထိ ရောက်ပါတယ်။
    ဗျစ်ဆိုင်ထဲမှာတော့ နောက်တစ်စည် တစ်ဝက်ကျိုးလုမှာ အချင်းချင်းတွေ ထ ဆော်ကုန်တီးကုန်ကြပြီ။ သိပ်တော့ပြသ*နာမရှိပါဘူး။ အကုန်လုံးက လွန်လွန်ကျွံကျွံမူးနေကြတာဆိုတော့ ဒဏ်ရာရလောက်အောင် နာအောင် ကျင်အောင်မလုပ်နိုင်ကြတော့ပါဘူး။ သော့ထ်ကတော့ ပျောက်နေတုန်းပဲ။
    ဗော့တ်ကလည်း သူထင်တာပြောတယ်။ “လမ်းမှာ အပြောင်းအလဲလေး စားရသောက်ရအောင် ထောပတ်တွေ ကြက်ဥတွေ လိုက်ခိုးနေတာ နေမှာပေါ့။” နော်ဝေတောင်ပိုင်း တောင်ကုန်းဒေသတွေမှာက အေးလွန်းလို့ ညဆို အကုန်အိမ်ထဲစုနေပြီး မီးဖိုထားရတယ်။ အပြင်မှာ လရောင်က မရှိတတ်ဘူး။ အဲဒီဒေသမှာ သော့ထ်က ခိုးတတ် ဝှက်တတ်တာလည်း နာမည်ကြီးတယ်လေ။
    မနေ့က လက်ကျန်အလင်းရောင်နဲ့ မနက်ဖြန်ရဲ့အဦးအစအလင်းရောင်တို့ ဆုံကြတဲ့ အာရုဏ်ကာလတစ်ခုအထိ သူတို့သောက်ကောင်းတုန်း။ ပန်းကလည်းပန်း မူးကလည်းမူးဆိုတော့ ဘာမှ သိပ်ကောင်းကောင်းမသိကြတော့ဘူး။
    “ဒီခရီးက ထူးဆန်းတယ်။ တစ်နေရာမှာ တစ်ခါနားတိုင်း တို့အုပ်စုထဲက တစ်ယောက်လျှော့နေတယ်။”
ဂျော်ကဲ အဲသလိုပြောနေတုန်းမှာပဲ ဘုရားကျောင်းဆီက ခေါင်းလောင်းသံကြားရတယ်။ သူ ဆိုင်တံခါးဘက်လျှောက်သွားပြီး ဘုရားကျောင်းဘက်ကို မျှော်ကြည့်လိုက်တယ်။ ဘုရားကျောင်း အဝင်မုခ်ဦးဘက်မှာ မနက်ခင်း ဓမ္မတေးကို ဆိုဖို့ စီတန်းသွားနေတဲ့ ဦးခေါင်းဆောင်းဘုန်းတော်ကြီးပုံရိပ်တွေကို သူ ရေကြည့်လိုက်တော့ တစ်ဆယ့်သုံးယောက် ဖြစ်နေခဲ့ပြီ။
    ဗျစ်အရက်စည်နားကို ပြန်လာရင် သူ့အဖော်တွေကို ဂျော်ကဲ ပြောလိုက်တာက
    “သော့ထ် တစ်ယောက် သောက်တာ ခိုးတာ မိန်းမပွေတာတွေကို နောင်တရ စိတ်ကုန်သွားတာ ထင်တယ်ကွ။ မနေ့က ငါ သတိထားမိတာ ဘုန်းကြီး ၁၂ ပါးပဲ ရှိတာ။ အခု ၁၃ ပါး ကွ။”
    ပြောပြီးတော့ သူ့အဖော် ဗော့တ်နဲ့ ဆွင်းနား လှဲရင်း မနက်ခင်းကြီး သူတို့ အိပ်ပျော်သွားကြပါတယ်။ အခုတော့ သူတို့ သုံးယောက်ပဲ ကျန်တော့တာပေါ့လေ။
    ဖင်း ရှတ်လန်းမှာ ကျန်ခဲ့ပြီ။
    ဖလန်း ချောက်ထဲကျ သေသွားပြီ။
    မွန်းတစ်ယောက်ကတော့ လှေပေါ်မှာ အအေးပတ် သေသွားပြီ။
    သော့ထ်ကလည်း သူတို့ကို ထားရစ်ခဲ့ပြီဆိုပါတော့။

    (င)
    “ဒီတစ်ခါတော့ ဝှိုင်မရောက်မချင်း ငါတို့ မနားတော့ဘူးဟေ့။ တစ်ခါနားရင် ပြသ*နာတစ်ခုတက်တယ်။”
ပင်လယ်ထဲစီးဝင်တဲ့ မြစ်ဝတွေနား။ ကျွန်းသေးသေးလေးတွေ ကြားမှာ သူတို့ ရွက်လွှင့်နေတာပေါ့။ တကယ်တော့ သူတို့ အော့ကနေနယ်ထဲကိုလည်း ရောက်နေပါပြီ။ ဒါပေမယ့် ဝှိုင်ကျွန်း ဘယ်နားမှာဆိုတာ သူတို့ တိတိကျကျမသိဘူး။
    အဲဒီ အချိန်မှာပဲ ဆွင်းက ပြောတယ်။
    “ဟေ့။ ဟိုကျွန်းလေးပေါ်မှာ လူတစ်ယောက်ကွ။ မျက်နှာဖုံး အစွပ်တွေ အကာတွေနဲ့ ပျားဖွပ်နေတာပဲ။ ငါ ကမ်းပေါ်တက်ပြီး သူ့ကို မေးကြည့်လိုက်မယ်လေ။ ဝှိုင်ကို ဘယ်လို ဆက်သွားရမလဲလို့။”
ဂျော်ကဲက “သတိလည်း ထားဦးနော်။ ငါနဲ့ ဗော့တ် နှစ်ယောက်တည်းဆို ဝှိုင်ကို ဆက်သွားရတာ တော်တော်ကသီမှာကွ။”
    ဆွင်းလည်း ရေကိုဖြတ်ကူး ဟိုဘက်ကမ်းကို တက်ပြီး ပျားဖွပ်သမားကို ဝှိုင်သွားဖို့လမ်းပြပါဦး သွားပြောပါတယ်။ ပျားဖွပ်သမားက တော်တော်ယဉ်ကျေးပါတယ်။ မျက်နှာဖုံးတွေ ဘာတွေချွတ်ပြီးမှ ယဉ်ယဉ်ကျေးကျေးပြန်ဖြေတယ်။
    “တောင်ဘက်ကို ရွက်လွှင့်သွားလိုက်ဗျ။ အဲဒါဆို ခုလို ကမ်းနားမဟုတ်ဘဲ ကျွန်းတွေ ဘာတွေ မရှိတဲ့ ပင်လယ်သက်သက်ဆီ ရောက်သွားမယ်။ တစ်ဖက်က ကမ်းရိုးတန်းကြီးက ဟော်ဆေးပေါ့။ အဲဒီ ကမ်းရိုးတန်းအတိုင်း တောင်ဆီကိုသာ ဆက်ရွက်လွှင့်။ တော်တော်ဝေးဝေးကြီးကကို ခင်ဗျားတို့ ကြိုမြင်ရပါလိမ့်မယ်။ ပင်လယ်ထဲက တောင်နှစ်လုံးပေါက်နေသလိုမျိုး။ အဲဒါ ဝှိုင်ကျွန်းပဲ။”
    “ကျေးဇူးတင်ပါတယ်ဗျာ။ ဒါနဲ့ ပျားရည်တော်တော်ရသလားဗျ။”
    “ဒီနှစ်က သိပ်တော့ မကောင်းဘူးဗျ။ ရာသီဥတုမကောင်းသလိုပဲ ပျားတွေလည်း မသာယာကြဘူးလေ။ ဒါပေမယ့် ဘာဖြစ်ဖြစ် မိတ်ဆွေတို့နဲ့ ကြုံတိုင်း အခုတစ်ခါရမယ့် ပျားအုံကိုတော့ လက်ဆောင်ပေးလိုက်ပါရစေ။”
    “အားနာလိုက်တာဗျာ။ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး။”
    ပျားဖွပ်သမားလည်း ပြောပြောဆိုဆို ပျားအုံဘက်ပြန်လှည့်ပြီး သူ့အလုပ်သူဆက်လုပ်နေပါတယ်။ အဲဒီ အချိန်မှာပဲ ပျားဖွပ်သမားရဲ့ ကုတ်ပိုးက လွတ်နေတဲ့နေရာပေါ်ကို ပျားတစ်ကောင်လာနားတယ်။ ပြီးတော့ သူ့ကို တုပ်ချလိုက်တော့ ပျားဖွပ်သမားလည်း ထ အော်ပါတယ်။ ပျားကောင်ကိုလည်း သပ်ချ ဖယ်ချရင်းပေါ့။
ဆွင်းလည်း ပျားကောင်ကို ဝင်ဒေါသထွက်ပြီး လက်ထဲပါတဲ့ ပုဆိန်နဲ့ ပျားအုံကို ဝင်ခုတ်ချလိုက်တယ်။
ဂျော်ကဲနဲ့ ဗော့တ်တို့ လှမ်းမြင်နေရတာပေါ့။ ပျားကောင်တွေ အုပ်လိုက်ကြီး သူတို့ရဲ့ အသိုက်ကို ဖျက်ဆီးတဲ့ အကာအကွယ်မဲ့ ဆွင်းနောက် မဲခဲနေအောင် လိုက်ကြတာ။ ဆွင်းတစ်ယောက် ပုဆိန်ကိုင်ပြီး ပင်လယ်ကမ်းစပ်ဆီ ပြေးတာ။ အော်လိုက်တာလည်း ဆူညံလို့။ ကျောက်တုန်း ချွန်ချွန်တွေနဲ့ အထိုးခံရသလိုပဲ နေမှာပေါ့။
ပင်လယ်အစပ်ရောက်တော့ သူ့ကိုယ်သူ ရေညှိတွေနဲ့ ဖုံးထားလိုက်တယ်။ ဗော့တ်နဲ့ ဂျော်ကဲ သူ့နားရောက်တော့ ဝှိုင်ကို ဘယ်လို သွားရမယ်ဆိုတာကို သူပြောပြလိုက်နိုင်ပါတယ်။ ပြီးတဲ့အချိန်မှာတော့ သူတကိုယ်လုံး ပြာနှမ်းတက်လာပြီး အဲဒီနေရာမှာပဲ ဆွင်းသေဆုံးသွားခဲ့ပါတယ်။

    (စ)
    ဂျော်ကဲနဲ့ ဗော့တ် ဝှိုင်ကျွန်းပေါ်က သီဘူး ဆိုတဲ့ စိုက်ခင်းကြီးမှာ မြင်းဝင်ဝယ်ပြီး ခရီးဆက်ကြပါတယ်။ တကယ်တော့ သူတို့ သွားမယ့်နေရာက ဒီ ဝှိုင်ကျွန်းကြီးပေါ်က တောင်နှစ်လုံးရဲ့ကြားမှာ ရှိတဲ့ ရက်ခ်ဝစ်ခ်ဆိုတဲ့ စိုက်ခင်းကြီးပါ။ သူတို့ ရောက်သွားကြတော့ ဟိုးတစ်နေရာ ဟိုးတစ်နေရာ လယ်ထဲမှာ အလုပ်လုပ်နေကြတဲ့သူတွေထဲက သူတို့နဲ့နီးတဲ့ လယ်သမားငါးယောက်အုပ်စုဆီ ဦးတည်လျှောက်သွားလိုက်တယ်။ နေသာပြီး နည်းနည်းပူတဲ့နေ့လည်း ဖြစ်တော့ ဒီလူတွေမှာ ချွေးတွေသံတွေနဲ့ပေါ့။
    ဂျော်ကဲက မေးလိုက်တယ်။
    “ခင်ဗျားတို့ အာကောလ်ကို သိလား။”
    “ကျုပ်တို့ရဲ့ အလုပ်သမားခေါင်းဆောင်ပါ။ ဒါပေမယ့် သူက အိပ်ရာထ နောက်ကျတယ်။”
    နောက်အလုပ်သမား တစ်ယောက်က
    “သူက ညပိုင်း အလုပ်လုပ်တာများတာ။ ကျုပ်တို့က နေ့ပိုင်းလုပ်တဲ့သူတွေ။”
    နောက်တစ်ယောက်ကတော့
    “မြာအင်မတန် စွံတဲ့သူဗျို့။ သူ့ဆိုရင် မိန်းမတိုင်း ပစ်ကျကြတာပဲ။”
    ဒါဆိုရင်တော့ ဂျော်ကဲ သေချာသွားပါပြီ။ သူတို့ ရှာနေတဲ့ကောင်ပဲ။
    အလုပ်သမားတွေက သူတို့ကို ခေါ်ပြီး အရိပ်ရတဲ့ စည်းရိုးတစ်ခုနားထိုင်ခိုင်းထားတယ်။ ပေါင်မုန့်တွေ ဗျစ်ရည်တွေနဲ့လည်း ဧည့်ခံထားတယ်။ ဗော့တ်ကလည်း လမ်းမှာ ဖြစ်ခဲ့သမျှ ပြန်စဉ်းစားအောက်မေ့ရင်း ပြောပြနေတယ်။ ဂျော်ကဲကတော့ စကားလည်းသိပ်မပြော ဘာမှလည်း သိပ်မစားဘူး။
ပြောစရာစကားကုန်တော့ ဒီလယ်မြေတွေကို ဘယ်သူပိုင်တာလဲလို့ ဗော့တ်ကမေးလိုက်တယ်။ လယ်သမားတွေက မြေပိုင်ရှင်နာမည်က ဂျွန်လို့ ပြောတယ်။ သူတို့ အလုပ်ရှင်က အင်မတန်ကောင်းကြောင်းတွေ အမွှန်းတင်ပြောပြကြတယ်။
အဲဒီ အချိန်မှာပဲ လယ်ထဲကို လူတစ်ယောက်ရောက်လာတယ်။ အလုပ်သမားတွေကို အလုပ်ဆက်လုပ်ကြဖို့ လိုက်အော်နေတယ်။ သူတို့နားရောက်တော့ ဗော့တ်နဲ့ ဂျော်ကဲကို မသင်္ကာသလိုကြည့်နေတယ်။ သူတို့ နှစ်ယောက်ကလည်း ခုနှစ်ရက်တစ်ပတ်လောက် ရွက်လွှင့်လာရတာဆိုတော့ ခပ်စုတ်စုတ်ဖြစ်နေတာကိုး။
    ဂျော်ကဲက လှမ်းမေးလိုက်တယ်။
    “ခင်ဗျားလား။ အာကောလ် ဒဂ်ဆန်ဆိုတာ။”
    ဟိုလူကလည်း စိတ်မပါ လက်မပါ ဖြေချင်သလို မဖြေချင်သလို သမ်းလိုက် ဝေလိုက်ရင်း
    “ဟုတ်တယ်။ ကျုပ်ပဲ။ ဘာလို့လဲ။”
    “အေး။ ကျုပ်နာမည် ဂျော်ကဲ။ ဘာဂျမ်ရွာက။ အင်ဂီရစ်ကိုတော့ ခင်ဗျားသိမှာပေါ့။ အဲဒါ ကျုပ်ညီမပဲ။ ဒီ ဂျွန်လထဲမှာပဲ သူ သားလေးတစ်ယေက်မွေးတယ်။ အဲဒါ ခင်ဗျား ကလေး။”
    အာကောလ်က ဘာမှ ပြန်မပြောဘူး။ အပျင်းတောင် တစ်ချက်ဆန့်လိုက်သေးတယ်။ ပြီးတော့ ဟက်ခနဲ တစ်ချက် ရယ်လိုက်တယ်။ ဂျော်ကဲလည်း ပြောစရာရှိတာ ဆက်ပြောရတယ်။
    “ဒီတော့ ကျုပ်ပြောချင်တာက ခင်ဗျားကလေး။ ခင်ဗျားမှာ တာဝန်ရှိတယ်။ ဒီတော့ ဒီကလေးစရိတ် ကလေးတာဝန်ကို ခင်ဗျားယူမလား မယူဘူးလား။ ဒါ ကျုပ်သိချင်တယ်။”
    “ဒါ ကျုပ် ကိုယ်ရေးကိုယ်တာ ကိစ္စဗျ။ ခင်ဗျားတို့လို ဘယ်ကပေါက်ချလာမှန်းမသိတဲ့ လူနှစ်ယောက်နဲ့ ပြောဆိုနေစရာ အကြောင်းမရှိဘူး။ ပြီးတော့ ကျုပ်တစ်သက်လုံး ကျုပ်နဲ့ရတဲ့ ကလေးမို့ ကလေးစရိတ်ခံတယ်ဆိုတာ ထုံးစံမရှိခဲ့ဘူး။ ခင်ဗျားနှမနဲ့ကျမှ ထူးပြီး စရိတ်ခံစရာလား။ ဒီလောက်အဝေးကြီးက မိန်းမနဲ့ ကလေးကိုများ။”
        ဂျော်ကဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်လာပါတယ်။ အာကောလ်ကတော့ အေးဆေးဆက်ပြောနေတယ်။
        “ပြီးတော့ ခင်ဗျားတို့ ပုံစံတွေနဲ့ အင်ဂီရစ်နဲ့ စပ်ဆက်ကြည့်လို့ကို မရဘူး။ အင်ဂီရစ်က သိပ်ချစ်စရာကောင်းတဲ့ မိန်းမ။ ပြီးတော့ သိပ်နိပ်တဲ့ မိန်းမဗျ။ ဟားဟား။ ဒါပေမယ့် ကျုပ်အခုလည်း မအားရပါဘူးဗျာ။ သိပ်နိပ်တဲ့ မိန်းမတွေက နေရာတိုင်းမှာ ရှိနေသကိုး။.ဒီတော့ ညက ကျုပ်အိပ်ရေးပျက်ထားတယ်။ ခင်ဗျားတို့ လစ်တော့။ ကျုပ်လည်း သွားလိုက်ဦးမယ်။”
    “ဟေ့ကောင်။ မင်း ငါ့ညီမရဲ့ ကလေးအဖေ တာဝန်ကို ယူမှာလား မယူဘူးလား။”
        အာကောလ်က အသမ်းမပျက် လှည့်ထွက်သွားတယ်။
        ဂျော်ကဲရဲ့ ဆောင်ဓါးဟာ အာကောလ်ရဲ့ လည်မျိုတည့်တည့်ဆီ ကွက်တိ။ တစ်ချက်ပဲ။ အာကောလ် မြေကြီးပေါ်လဲကျပြီး ဆန့်သွားတယ်။

    (ဆ)
    လယ်ထဲ အနှံ့ ဟိုနေရာ ဒီနေရာက အလုပ်သမားတွေ အကုန်လုံး ထလာကြတယ်။ ကောက်ရိုးထုံးတွေကြား အိပ်နေနားနေတဲ့ အလုပ်သမားတွေရောပဲ။ လက်ထဲမှာလည်း ခက်ရင်းခွတွေ ကောက်ဆွတွေ ကိုင်လို့။
        “ဟိုကောင်တွေ ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ။” ဂျော်ကဲ သူ့အဖော်တွေကို တ မိပါတယ်။
        ဂျော်ကဲကြံ့ကြံ့ခံ ကာကွယ်တယ်။ ဗော့တ်ကတော့ ခက်ရင်းခွစာမိပြီး နေရာတင်ပဲ ပွဲချင်းပြီးသွားပြန်ပြီ။ ရန်ပွဲကို ထိန်းပေးခဲ့တဲ့ လယ်ပိုင်ရှင် ဂျွန်ဆိုတဲ့သူ ရောက်လာချိန်အထိ ဂျော်ကဲ ခံချနိုင်ခဲ့တယ် ဆိုပါတော့။ ဒါပေမယ့် ဒဏ်ရာတွေကတော့ တော်တော်ပြင်းတယ်။ တစ်ပတ်လောက် အိပ်ရာထဲလဲ ကုယူလိုက်ရတယ်။
        ဂျော်ကဲကို ပြုစုဖို့ လယ်သူမလေး သုံးယောက်ထားပေးတယ်။ ရေပူရေချမ်းကမ်းလို့ ဆေးလိမ်းစရာရှိလိမ်းပေး ပြုစုပေးပေါ့လေ။ နောက်ဆုံးပတ်တီးခွာတဲ့နေ့မှာတော့ ဂျွန်ရောက်လာတယ်။
        “ကျုပ်ဆီက အလုပ်သမားခေါင်း အာကောလ်အကြောင်း ကျုပ်သိပါရဲ့။ မိန်းမပွေတဲ့အတတ်မှာတော့ ဟောဒီ ကျုပ်တို့အော့ကနေ နယ်စားလောက် ခင်ဗျားတို့ နော်ဝေဘုရင်လောက်နဲ့တော့ သူ့အရှူ ပ်ထုပ်က ရှင်းမရဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ကျုပ်အတွက်တော့ အင်မတန် တန်ဖိုးရှိတဲ့ ဝန်ထမ်းပါ။ ဒီတော့ကာ ကမ်းကပ်ထားတဲ့ ခင်ဗျားသင်္ဘောကို ကျုပ်အတွက် နစ်နာကြေးအနေနဲ့ ကျုပ် သိမ်းရလိမ့်မယ်။ ခင်ဗျားလည်း ကောက်ဆွနဲ့ အထိုးခံ အခုတ်ခံထိထားလိုက်တာ အခု ဒုက္ခိတနီးနီး ဖြစ်နေပြီ။ ခင်ဗျား ဝှိုင်မှာ ပျော်သလောက်နေနိုင်တယ်။ ဒီဘက်တောင်စောင်းမှာ ခြံလွတ်ကလေးရှိတယ်။ နို့စားနွားမတစ်ကောင် ခိုင်းနွားတစ်ကောင်လောက်နဲ့ သိုးလေးဘာလေး မွေးလို့ရမယ်။ ခင်ဗျား အေးအေးဆေးဆေး နိုင်သလောက် ထွန်ယက်လုပ်ကိုင် စားသောက်နေပေါ့။ ဒါ ဘုရားကြိုက်မယ့် အလုပ်ပဲ။”
        ဂျော်ကဲ လက်ခံလိုက်ပါတယ်။ အဲဒီ တောင်စောင်းလေးမှာ သူအခြေချနေလိုက်တယ်။ အော့ကနေနယ်မှာတော့ သူ့ကို “ဖိုးကောက်ဆွ” လို့ ခေါ်ကြတယ်။ တကိုယ်လုံး ကောက်ဆွ ဒဏ်ရာတွေ ပွနေတာကိုး။ လုပ်ရင်းကိုင်ရင်း တစ်နှစ်တစ်နှစ် သီးနှံသိမ်းတိုင်း စုနိုင်သလောက်လေး သူစုတယ်။ တနေ့နေ့များ နော်ဝေကို ပြန်နိုင်လေမလားလို့ပေါ့။ ဒီလိုနဲ့ နှစ်တွေ များခဲ့ပြီ။ ဖိုးကောက်ဆွတစ်ယောက် တောင်စောင်းက စိုက်ခင်းလေးထဲမှာပါပဲ။

    (ဇ)
    သူမသေခင် တစ်နွေမှာတော့ ဂျော်ကဲ ပါပါဝက်စထရေးကို တံငါလှေတစ်စင်းနဲ့ လိုက်သွားလိုက်သေးတယ်။ အဲဒီက ဘုရားကျောင်းကို သွားပြီး သော့ထ် ရှိမလား သွားစုံစမ်းတယ်။ ဘုန်းကြီးဖြစ်နေတဲ့ သော့ထ်က သူ့ကို ဝမ်းသာအားရ ထွက်တွေ့တယ်။ အခုတော့ အဘိုးကြီးနှစ်ယောက်ပေါ့လေ။ ဆံပင်တွေလည်း ကျွတ်လို့ကုန်ပြီ။ သွားတွေလည်း ကျိုးလို့ မရှိတော့ဘူးပေါ့။ ဘုရားကျောင်းရဲ့ ခမ်းနားကွေးညွတ်နေတဲ့ အဝင်တံခါးအောက်မှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြရင်း။ ဝေးနေကြတဲ့ သတင်းမကြားရတာကြာနေတဲ့ လုလင်သူငယ်ချင်းနှစ်ယောက် ပြန်တွေ့ကြသလိုမျိုး။
        ဂျော်ကဲက သူ့ခါးမှာချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို ဖြုတ်ပြီး ငွေဒင်္ဂါး ငါးစ သော့ထ်လက်ထဲ ထည့်လိုက်တယ်။
        “တနေ့ အိမ်ပြန်နိုင်နိုးနိုးနဲ့ အနှစ်လေးဆယ်ကျော် စုထားတဲ့ ငွေလေးတွေပေါ့ကွာ။ ဒီအချိန်မှတော့ မထူးတော့ပါဘူး။ ဘာဂျမ်မှာ ငါတို့ကို သိတဲ့သူ ဘယ်သူ ရှိဦးမလဲ။ ပြန်ဖို့ စိတ်ကူးနေမယ့်အစား အရှည်လျားဆုံး နောက်ဆုံးခရီးအတွက် ပြင်တာပဲ ကောင်းပါရဲ့။ ဖင်း ပြီးတော့ ဖလန်း၊ မွန်း၊ နောက် ဆွင်းနဲ့ ဗော့တ်။ သူတို့လည်း အခုတော့ တစ်ယောက်မှ မရှိကြတော့ဘူးလေ။ ဒီငွေငါးစနဲ့ သူတို့ ငါးယောက်အတွက် ဘုရားကျောင်းမှာ လူတွေကို ကျွေးမွေးကုသိုလ်ပြုပေးလို့ ရမလား။”
        “စိတ်ချပါ။ သူငယ်ချင်း။ သူတို့တွေအတွက် လုပ်ပေးရမှာပေါ့။ မင်း အတွက်ကိုလည်း မစိုးရိမ်နဲ့။ ဟုတ်ပြီလား။”
        သော့ထ်က ဂျော်ကဲကို တစ်ချက်ပွေ့ဖက်ပြီး “ငါ့သူငယ်ချင်းကို ဘုရားသခင် စောင့်ရှောက်ပါစေ။”
        ဂျော်ကဲ နှုတ်ဆက်လှည့်ပြန်ခဲ့ပြီ။ သူရင်ထဲမှာ အခုတော့ အေးသွားပြီ။ ဘော်ငွေစလို ဖြူ ဆုတ်နေတဲ့ ကောက်ဆွဒဏ်ရာတွေ။ ဒီ ဒဏ်ရာတွေကြောင့် သူ့စိတ်ထဲမှာ ရှိခဲ့ဖူးတဲ့ အနှေင့်အယှက်တွေက အခုတော့ လွင့်ပြယ်သွားကြပါပြီ။
        လှေဆိပ်ကို ပြန်နေရင်း လမ်းတစ်ဝက်ရောက်မှ ဂျော်ကဲ ဘုရားကျောင်းဆီ လှည့်ပြန်လာခဲ့ပါတယ်။ သော့ထ်ကို နောက်ထပ် ငွေဒင်္ဂါးတစ်ပြားထပ်ပေးလိုက်တယ်။
        “ဒါက အာကောလ် ဒဂ်ဆန်အတွက်ကွာ။”
        သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေကြတယ်။ သူတို့အပြုံးကြောင့် သူတို့ မျက်လုံးတွေမှာတော့ အရေးအကြောင်း အရစ်ရစ် ထလို့ပေါ့။

Saturday, June 8, 2013

အရှူံးသမား နှစ်ယောက်

(က) လူတွေ အထူးသဖြင့် မြမြရဲ့ ပတ်ဝန်းကျင်ကလူတွေ။ သူတို့တွေကို အယုံလွယ်လွန်းလှသည်လို့ မြမြက ထင်သည်။ လက်ဆုပ်လက်ကိုင်ပြလို့ မရတဲ့ အကြောင်းမျိုးတွေဆို ပိုလို့တောင် ယုံချင်ကြသေးသည်။ သူတို့ရဲ့ အဲဒီ သဘောသဘာဝကို ဘယ်အရွယ်ကစလို့ မြမြ တီးခေါက်နားလည်ခဲ့သလဲ မြမြကိုယ်တိုင်ပင် မသိပေ။ သို့သော်လည်း အဲဒီ သဘောဓလေ့အပေါ်မှာ မြမြ အခွင့်ကောင်းယူတတ်ခဲ့သည်မှာတော့ တော်တော်ကြာခဲ့ပြီ။ စာကျက်တာပျင်းလွန်းလို့ စာမေးပွဲတွေ တဖုန်းဖုန်းကျလည်း မြမြအမေနှင့် မြမြအဖေတို့သည် မြမြကို အပြစ်မဆိုပေ။ အိမ်မှာဆိုလည်း မြမြကို ဘာမှ သိပ်မခိုင်း။ ရွက်ကြမ်းရေကျိုရုပ်ကလေးနဲ့ လိုတာမရ ရတာမလို ဖြစ်ပြီး အရွယ်တော် တဆိတ်ဟိုင်းသွားတော့လည်း ဘယ်သူမှ သိပ်မစပ်စုရဲ မနောက်ပြောင်ရဲ။ မြမြအမေ ပြောနေကျ "ငယ်ငယ်ကတည်းက သိုက်ကြိုးဖြတ်တိုင်း သမီးက အသည်းအသန်ဖျားတတ်လွန်းလို့" အစချီတဲ့ ပုံပြင်တွေကား ဒီဈေးလေးနားတဝိုက်မှာ မသိသူရှားလှသည်။ သမီးဖြစ်သူကပဲ လမ်းကြောင်းခဲ့လေသလား၊ မိခင်ဖြစ်သူကပဲ ကြံကြံဖန်ဖန် လျှောက်ပြောလေသလား သူတို့ ဘာသာပင် မသေချာကြတော့ပေ။ ဖွင့်ထားတဲ့ ထမင်းဆိုင်သည်လည်း မြမြကို မွေးပြီးကတည်းက အင်မတန်အရောင်းကောင်းခဲ့သတဲ့။ ဟိုတနေ့က ဆိုင်မှာ တောက်တိုမယ်ရ ဝိုင်းလုပ်ပေးတဲ့ ကလေးမလေးတစ်ယောက် အပျင်းဖျားပြီး ဆိုင်မလာနိုင်။ ညနေစောင်းတော့မှ ကလေးမလေးအမေက မြမြထမီကလေးတစ်ထည်ကို စက္ကူအိတ်လေးနဲ့ ထည့်ထားပြီး လာပြန်ပေးသည်။ "ကလေးက မသိလို့ နားမလည်လို့ ယူမိတာ အပြစ်မယူပါနဲ့ ညီမရယ်" ဆိုပြီး တောင်းပန်လာသည်။ တကယ်တော့ သိပ်မနည်းလှတဲ့ ကိုယ့်အဝတ်အစားတွေထဲက ဒီတစ်ထည်လျော့နေတာ မြမြက သိတောင်မသိချေ။ အခြေအနေ အချိန်အခါကိုကြည့်ပြီး ချော်လဲရောထိုင်လုပ်ရတာက ဘာမှ ခက်လှတာမဟုတ်ဘဲ။ ဒါမျိုးကတော့ မြမြရပါသည်။ ပြီးတော့ တခါတခါကျတော့လည်း မြမြကိုယ်တိုင်မသိတဲ့ စွမ်းရည်တမျိုး မြမြမှာရှိနေနိုင်သည်လို့ မြမြကိုယ်တိုင်က ယုံချင်ချင်ဖြစ်နေတာလည်းပါပါသည်။

(ခ) စုမာအတွက်တော့ ဘဝဆိုတာ ရုန်းကန်ရခြင်းတည်း။ စုမာရဲ့ အဖေနဲ့အမေက စုမာငယ်ငယ်တုန်းကတော့ ပဲခူးနဲ့ခပ်လှမ်းလှမ်း ရွာတစ်ရွာမှာ နေပြီး ဟင်းသီးဟင်းရွက်များစိုက်ကာ ပဲခူးဈေးထဲ ရောင်းသည့်အလုပ်လုပ်ခဲ့ကြသည်။ အကြီးဆုံးသမီး စုမာက သူ့အောက်က မောင်လေးနှစ်ယောက်ကို ထိန်းရင်း အိမ်မှာ ချက်စရာရှိတာချက် ရှင်းစရာရှိတာရှင်းဖို့ ငယ်ငယ်ကတည်းက တာဝန်ယူရသည်။ အငယ်တွေကျောင်းတက်ဖို့ စုမာ ကျောင်းထွက်ခဲ့ရသည်။ မိသားတစ်စုလုံး စည်းစနစ်ကြီးသလို ကြိုးလည်း ကြိုးစားလွန်းတာကြောင့် ပဲခူးမြို့ရဲ့ ဒီချောင်ကျကျနေရာလေးမှာ ထမင်းဆိုင်လေး ဖွင့်လာနိုင်ခဲ့ခြင်းပင်။ နေရာလေးက ချောင်ကျပေမယ့် ဈေးနဲ့လည်းနီး ရွှေမောဓောဘုရားနဲ့လည်းနီးသည်။ ဈေးသည်၊ ဈေးဝယ်၊ ဆိုက်ကားသမား၊ မြင်းလှည်းသမား၊ ကားသမား စသည်ဖြင့် လူစုံသည်၊ စည်ကားသည်။ ထမင်းဆိုင်ကလေး သေးသေးကနေ တဖြည်းဖြည်း စုံစုံလင်လင်ရှိတဲ့ ဆိုင်ကလေးဖြစ်လာအောင် မိသားစုဝင် အားလုံး ရုန်းကန်ကြိုးစားခဲ့ကြရသည်။ ကျောင်းနေသော စုမာမောင်လေးများပင် အိမ်ပြန်ရောက်တာနဲ့ ကူညီကြရသည်။  စုမာသည် လုပ်အားတန်ဖိုးဆိုတာကို ဘဝပေးအသိနဲ့ ယုံကြည်မှုရှိခဲ့သည်။
    ငယ်ငယ်ကတည်းက အမေအဖေမရှိရင် မရှိသလို ယောက်ျားသားဈေးဝယ်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလို ရဲရဲတင်းတင်း ပြောဆိုဆက်ဆံနေထိုင်ရသည်မို့ စုမာက တည်တည်တံ့တံ့ ပြောဆိုနေထိုင်တတ်ခဲ့ရသည်။ စုမာကို ရုပ်ကလေးသန့်သန့်ပြန့်ပြန့်နဲ့ မျက်နှာကြောတင်းလှသည်  သတ္တိကောင်းလှသည်လို့ ပတ်ဝန်းကျင်က ထင်ကြသည်။ သို့သော်လည်း စုမာမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါသည်။ တကယ်တော့ စုမာသည် အလွန်ကြောက်တတ်သည်။
    အရက်မူးသမားတွေကို စုမာကြောက်သည်။ ဆိုင်ကို ရူးနှမ်းနှမ်းတွေ စိတ်မနှံ့သူတွေလာရင်လည်း သူ ကြောက်သည်။ ဈေးထဲက နတ်ဝင်သည် ဒေါ်တိုးကြီး ပူးနေကပ်နေလျှင်လည်း ကြောက်သည်။ ပြီးတော့ မျက်နှာချင်းဆိုင် ထမင်းဆိုင်က မြမြကိုလည်း စုမာကြောက်လေသည်။ မြမြတို့ဆိုင်က စုမာတို့ဆိုင်ထက် ပိုကြီးသည်မို့ အများသောအားဖြင့် ပိုလူစည်ကားတတ်ပါသည်။ သို့သော်လည်း တခါတလေ ဘာကြောင့်ရယ်မသိ စုမာတို့ဆိုင်လေးမှာ လူပိုကျပြီး သူ့ဆိုင်မှာ လူမရှိလျှင် ဆိုင်ရှေ့ခပ်ကျကျ စားပွဲတစ်လုံးမှာထိုင်ပြီး စုမာတို့ဆိုင်ဘက်ကို ခပ်စိမ်းစိမ်းကြည့်တတ်သော မြမြမျက်လုံးတွေကို စုမာ ရွံ့မိသည်။ အရပ်ထဲမှာ ပြောပြောနေကြတဲ့ မြမြက သိုက်ကလာတာဆိုတာကို ကြားဖူးထားလို့လည်း ပိုကြောက်မိတာဖြစ်မည်။

(ဂ) သည်ထမင်းဆိုင်လေးမှာ စားပွဲထိုးလုပ်တာ သိပ်မကြာသေးပေမယ့် အောင်နိုင်ပျော်သည်။ ထမင်းနပ်မှန်မှန်နဲ့ ဝဝလင်လင်စားရသလို ရွာမှာတုန်းကလိုလည်း မပင်ပန်းချေ။ ငယ်ငယ်လေးတည်းက အဖေမရှိ အမေမရှိ တစ်ကောင်ကြွက်တစ်မျက်နှာဘဝနဲ့ ရွာမှာ နေရစဉ်က အောင်နိုင် သည့်ထက် အများကြီး ပိုပင်ပန်းခဲ့သည်။ ရှိတဲ့ဆွေးမျိုးနည်းနည်းကလည်း သူတို့ကိုယ်တိုင် မနက်စာမနက် ညစာည ဆိုတော့ အောင်နိုင့်ကို ဘယ်သူမှ အလကားကျွေးမထားနိုင်။ အိမ်တစ်အိမ်မှာ ကပ်နေလို့ ရပေမယ့် ကျောင်းနေအရွယ် ငယ်ငယ်ကစလို့ပင် ကျောင်းမနေနိုင်ဘဲ နွားကျောင်းတန် နွားကျောင်း လယ်အကူတန် လယ်အကူ ခါးချိအောင်လုပ်နိုင်မှ ထမင်းနပ်မှန်ခဲ့သည်။ ကိုယ်အလုပ်လုပ်မှ ကိုယ်ထမင်းစားရမယ်ဆိုသော အသိနှင့်ပင် အောင်နိုင် အရွယ်ရောက်လာခဲ့ရသည်။
    ပြီးခဲ့တဲ့လကတော့ ရွာကို တိုလီမိုလီလေးတွေ အထည်အစလေးတွေ လာရောင်းနေကျ အဒေါ်ကြီးက ပဲခူးမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်အတွက် စားပွဲလည်းထိုး တောက်တိုမယ်ရလည်း လုပ်ဖို့ လူလိုတယ်ဆိုတော့ တခြားဘဝတူ နှစ်ယောက်နဲ့အတူ ရွာကို စွန့်ခဲ့ကြသည်။ မြို့ပြသည် သူ့ရွာထက် ပျော်စရာကောင်းသည်ဟု အောင်နိုင်ထင်သည်။ ဆိုင်ကပေးတဲ့ လုပ်အားခကိုလည်း အသားတင် စုထားနိုင်သည်။ အခြေအနေပေးတဲ့အခါ ဆိုင်နားက ဆိုက်ကားနင်းတဲ့ အကိုကြီးတွေ ဦးလေးတွေနဲ့ ခြင်းခတ် ကျားထိုးလို့ရသေးသည်။ လူမသိ သူမသိ ကျိတ်အပျော်ဆုံးကား ဆိုင်ရှင်ရဲ့ သမီး စုမာရဲ့ အလှကို ခံစားနိုင်ခြင်းပင်။ မျက်နှာတည်တည်နဲ့ ခပ်မှန်မှန်ဆက်ဆံတတ်သော စုမာအကြောင်းကိုတွေးရင် အောင်နိုင် သူ့ဘဝသူ ဝမ်းနည်းသည်။ ဆိုင်မှာ ဖွင့်တတ်တဲ့ ကက်ဆက်ကနေ “ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ” သီချင်းများဖွင့်ရင် ဘာမဆိုင်ညာမဆိုင် အောင်နိုင် လွမ်းသည်။ အောင်နိုင့်အတွက်တော့ စုမာသည် နတ်သမီး၊ “ရွှေလက်ရာ ထမင်းဆိုင်” သည် နန်းတော်တမျှတည်း။

(ဃ) ဘဝအကြောင်းမကောင်းလို့ တကောင်ကြွက်တမျက်နှာဘဝနဲ့ လူအနေဆင်းရဲပေမယ့် အောင်နိုင် တစ်ခုတော့ ကံကောင်းသည်ဆိုရမည်။ အောင်နိုင်သည် ရုပ်ရည်ပြေပြစ်ချောမောသည်။ အပြောအဆိုကချိုသလို လူ့မျိုးတစ်ရာ့တစ်ပါး သည်းညည်းလည်း ခံနိုင်သူမို့ ဆိုင်က တောက်တိုမယ်ရ တခြားအလုပ်တွေထက် စားပွဲထိုးတာကိုပဲ အောင်နိုင် ပင်တိုင်လုပ်လာရသည်။ ဒီတော့ အောင်နိုင် သန့်သန့်ပြန့်ပြန့် ဝတ်ရစားရသည်။ ကိုယ့်အထွာနဲ့ကိုယ် နည်းနည်းငြိမ်ငြိမ်းချမ်းချမ်းနေလာရတော့ အောင်နိုင် ဘဝကို မျှော်လင့်တတ်လာသည်။ စုမာအပေါ်ထားတဲ့ ရှိရင်းစွဲသာယာမှုမှာ ကိုယ်တိုင်မသိတသိနဲ့ တခြားမျှော်လင့်ချက်ကလေးတွေလည်း ကပ်လာတော့သည်။
    သို့သော် ဆိုင်ပေါ်ကနေ ခေါင်းနဲ့ မဆင်းရအောင်တော့ အောင်နိုင် ဆင်ခြင်ပါသည်။ အဲသည်လို ဆင်ဆင်ခြင်ခြင် နေလာရင်းနဲ့ပဲ အောင်နိုင် လမ်းတစ်ဖက်ဆိုင်က အမကြီး မြမြကို စသိခဲ့တာဖြစ်သည်။ အနားနားမှာ ဈေးလေးရှိပေမယ့် ထမင်းဆိုင်များသည် ကုန်ခြောက်တွေကိုတော့ ဈေးပိုချိုတဲ့ ပဲခူးဈေးကြီးထဲကနေ သွားဝယ်လေ့ရှိကြသည်။ ဈေးထဲသွားရင်း ကြုံကြိုက်လို့ မြင်းလှည်းတစ်စည်းတည်း စီးဖြစ်တာမျိုးကစလို့ မြမြကို မျက်မှန်းတန်းမိလာသည်။ အခေါ်အပြော ရှိလာသည်။ ခရီးကြုံရင်ကြုံသလိုတစ်မျိုး ဟိုဘက်ဆိုင်ဒီဖက်ဆိုင်ဆိုသလိုတစ်မျိုး မြမြ သူ့ကို ခိုးခိုးကြည့်တတ်တာကို အောင်နိုင်လူပါးက ရိပ်မိပါသည်။ မြမြက ဈေးကပြန်လာရင် သူတို့ဆိုင်ရှေ့မှာ မြင်းလှည်းပေါ်က ဆင်းသည်။ ပြီးမှ လမ်းတစ်ဖက်က သူ့ဆိုင်ကို ပစ္စည်းတွေ သယ်ရသည်။ အောင်နိုင် အနားနားရှိနေရင်တော့ မြမြက သူများဆိုင်က စားပွဲထိုးသော ဘာသော ဂရုမစိုက် တရင်းတနှီးပင် “အောင်နိုင်ရေ မမမြကို ဒီဆွဲခြင်းလေး ပင့်ပေးပါဦး” ခိုင်းတတ်သည်။ အရင်ဆို သူက ဆိုင်ဘက်ကို ကျော့ကျော့လေး ကူးသွားပြီး သူ့ဆိုင်က စားပွဲထိုးတွေကို လာသယ်ခိုင်းနေကျ။ ခုတော့ သူ့အမေကြီးလည်း ဈေးသိပ်မသွားရတော့။ သူက ပိုပြီး ဈေးဝယ်ထွက်လာတတ်သည်။
ထိုမှတဆင့် အနီးအနား ပွဲလမ်းသဘင်လေများရှိရင် ကြုံဖြစ်အောင် ဆုံဖြစ်အောင် နှစ်ယောက်စလုံး အားထုတ်လာတတ်သည်။ “ရုံဝင်လက်မှတ်တစ်စောင်အပိုရှိတယ် အောင်နိုင်ရဲ့” ဆိုပြီး ပွဲကြည့်လက်မှတ်တစ်စောင် အောင်နိုင် ရဖူးပြီ။ “ဟဲ့။ ငါတို့ဖျာမှာ လူတစ်ယောက်စာနေရာ ရသေးတယ် လာခဲ့ပါလား” မြမြက ခေါ်ဖူးပြီ်။ ပွဲကြည့်ရင်း မုန့်တွေဘာတွေ စားချင်လို့ ဝယ်ခိုင်းရင် ဝယ်ပေးရသည်။ ဒီလို ဒီလို အဖြစ်လေးတွေ များစွာမှာ မြမြရင်ခုန်ရသလို အောင်နိုင်ကလည်း အောင်မြင်မှုတစ်ခုလို ကျေနပ်တတ်လာခဲ့သည်။ ဒီလိုနဲ့ပဲ ဟိုလူ ဒီလူက စချင်နောက်ချင်လာသည်။ တချို့ဆို အဲသလိုစလိုက်နောက်လိုက်လျှင် မြမြတစ်ယောက် သဘောကျမှန်း ရက်ရောတတ် ပေးကျွေးတတ်မှန်းသိလို့ မြမြကိုဆို ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ပို စတတ်နောက်တတ်လာကြသည်။ အဲသည်အချိန်မှာ ငုံးဆူလူမသိဖြစ်ကာ ကျိတ်ဆွေးရ ကျိတ်ဒေါသထွက်ရသူကား ရုပ်တည်နဲ့နေတတ်သော စုမာပင်။ ဣနြေ္ဒမပျက် ဘာမှမဖြစ်သလိုနေဖို့ ကြိုးစားပေမယ့် အချစ်ဆိုတာက မျိုသိပ်ဖုန်းကွယ်ဖို့ ခက်လှသည်လေ။ အရင်က သူ့ကို ခိုးခိုးကြည့်တတ်သော အောင်နိုင်က ခုတော့ သူ့ကို သတိထားမိပုံမရတော့။ တစ်သက်လုံး ဒီလိုကိစ္စတွေ မစဉ်းစားဘဲ နေလာခဲ့သူမို့ သဲ့သဲ့ကလေးအတွေ့မှာ စိတ်နှလုံးလည်း ယဲ့ယဲ့ကလေးကြွေရတော့သည်။ မြွေမြွေချင်းခြေမြင်ဆိုသလို ဒီကိစ္စကို တလောကလုံးထက် မိန်းမသားနှစ်ယောက်က ပိုမြင် ပိုခံစားမိပြီး နှစ်ယောက်တည်းသိတဲ့ မျက်လုံးတိုက်ပွဲလေးတွေ ရံဖန်ရံခါ ဆင်နွှဲတတ်လာခဲ့ကြသည်။

(င) လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေသည် ရုတ်ချည်း ပြတ်ပြတ်သားသား ဖြစ်သွားခဲ့လေသည်။ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်တော့မသိ။ မိုးတွေညို့နေသော တစ်နေ့လည်တွင် ဈေးဝယ်အတူထွက်သွားသော စုမာနဲ့ အောင်နိုင်တို့ ဆိုင်ကို ပြန်ရောက်မလာကြတော့။ အဲဒီညက မိုးနဲ့အပြိုင် မြမြမျက်ဝန်းမှာလည်း မိုးသည်းရသည်။ စုမာရဲ့ အဖေနဲ့ အမေလည်း ဒေါသတွေထွက် စိတ်တွေပူကြသလို သူတို့ သားနှစ်ယောက်ကလည်း အောင်နိုင့်ကို ဓါးကြိမ်းကြိမ်းကြသည်။ ဈေးနားတဝိုက်မှာလည်း လူစိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်သွားခဲ့သည်။ သို့သော်လည်း ထုံးစံအတိုင်း သွေးအေးသွားကြတော့ အောင်နိုင်နဲ့ စုမာတို့ အကြင်လင်မယားအသစ်စက်စက် ဆိုင်ကို ပြန်ရောက်လာခဲ့တော့သည်။ ဝါတွင်းကြီးမို့ မင်္ဂလာတောင်မဆောင်ဖြစ်။ နောက်တော့လည်း သည်ကိစ္စက ဘာမှ စိတ်ဝင်စားစရာ မရှိလှတဲ့ အင်မတန်ရိုးရိုးစင်းစင်း ကိစ္စတစ်ခုသာ ဖြစ်သွားခဲ့တော့သည်။
    သို့သော်  မြမြအဖို့ကား ရှေ့ဆိုင်က လင်မယားသည် မျက်စေ့စပါးမွှေးစူးစရာ ဖြစ်လာတော့သည်။ မယားဖြစ်သူက ခပ်စူစူဖြစ်ကာစ ဗိုက်ပေါ်မှာ ပိုပိုသာသာ ပွပွဖားဖား ကိုယ်ဝန်ဆောင်အင်္ကျီကြီးဝတ်ကာ ကြွားစရာမဟုတ်တာ ကြွားချင်သည်ဟု မြင်ပြင်းကတ်သည်။ မယားဖြစ်သူကို ပျာပျာသလဲဂရုစိုက်တတ်တဲ့ ဟိုတောသားကိုလည်း ရုပ်ကလေးဗန်းပြပြီး မိန်းမထမီနားခိုစားချင်တဲ့ကောင် ခုတော့ ဟိုတုန်းကလို ကျော့ကျော့လေးမနေရဘဲ ဖုတ်လူးပြာလူးလုပ်နေကိုင်နေရပြီဟုတွေးသည်။ တစ်နေ့တော့ မြမြ “ရွှေလက်ရာ ထမင်းဆိုင်”ဘက် လှမ်းကြည့်နေဆဲ ဆိုင်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ သတိထားမိလိုက်သည်။ ခဏနေတော့ အောင်နိုင်တစ်ယောက် စုမာကို ပွေ့ချီပြီး ထွက်လာတာတွေ့သည်။ ဘာတွေများ ပိုသည်းနေပြန်သလဲမသိလို့ မြမြ စိတ်ထဲက ကျိတ်နှာခေါင်းရှုံ့တွေးသည်။ တွေးလို့မှ မဆုံးခင် မြင်လိုက်ရတာက စုမာ ထမီကနေ တတောက်တောက် ကျဆင်းနေတဲ့ သွေးတွေ။ မြမြလန့်လွန်းလို့ ရင်တုန်ပန်းတုန်ဖြစ်ကာ အိမ်ပေါ်တက်ပြီး ကိုယ့်အခန်းထဲ ဝင်လှဲနေရသည်။

(စ) မိခင်ဖြစ်သူက မြမြကို ပြောလာသည်။ “သမီးရေ ရှေ့တစ်ပတ်ထဲမှာ အမေတရားစခန်းဝင်မလို့ လိုက်ခဲ့ပါလား သမီးရဲ့” ဆိုတော့ မြမြ အံ့သြနေသည်။ မြမြတစ်သက် သူ့အမေတရားစခန်းဝင်တာ တစ်ခါမှမရှိခဲ့။ ခုလည်း “သမီးတော့ မလိုက်ပါဘူး။ အမေသွားချင်ရင် သွားလေ။ ဆိုင်ကိုတော့ စိတ်ချ” ဆိုတော့လည်း သွားတာမဟုတ်ချေ။ တစ်နေ့တစ်နေ့လည်း ဒေါသမကြီးဖို့ မေတ္တာတရားလက်ကိုင်ထားဖို့ဆိုတာမျိုးလေးတွေး စကားမစပ်ရင် စပ်အောင် ထည့်ပြောတတ်လာသည်။ နောက်တရက်တော့ ဆိုင်မှာ ပန်းကန်ဆေးတဲ့ မမြင့်က နှစ်ယောက်တည်းရှိတုန်း “မြမြကို အရူးလုပ်သွားတဲ့ ဟာတွေ။ အခုတော့ ခံနေရပြီလေ မြမြရဲ့” ဆိုပြီး ဝမ်းသာအားရ ဘာတွေမှန်းမသိ လာပြောနေသေးသည်။ သို့သော် မြမြ ခပ်မဆိတ်ပဲ နေသည်။ နောက်ရက်တွေ တော်တော် ကြာတော့မှ “ရွှေလက်ရာ ထမင်းဆိုင်” ထဲမှာ စုမာတစ်ယောက် ခပ်ဖျော့ဖျော့ပုံစံနဲ့ အနွေးထည်မချွတ်တမ်းဝတ်လို့ ဆိုင်အလုပ်လေးတွေ တောက်တောက် လိုက်လုပ်နေတာတွေ့သည်။ အောင်နိုင်ကလည်း ဦးဇင်းဝတ်သည်။ လူတွေကို မြမြက မဲ့ပြုံး ပြုံးလေသည်။
     ဆေးရုံက ဆင်းလာပြီးကတည်းက စုမာတစ်ယောက် နေရတာ မအီမသာနိုင်လှသည်။ ဆေးရုံကနေ သက်သက်သာသာရှိမှ ဆင်းလာပေမယ့် အိမ်ရောက်တော့ အမြဲတမ်းမောသလို ဖြစ်ကာ အနေရခက်နေသည်။ ပိုဆိုးတာက ည ည မက်တဲ့ အိပ်မက်တွေ။ အိပ်မက်ထဲမှာ မြမြက သူ့ကို “ဟဲ့ ကောင်မ ဒါ အကင်းပဲရှိသေးတယ်” လို့လာလာပြောသည်။ မနေနိုင်တဲ့ အဆုံး တစ်နေ့တော့ စုမာ စာတစောင်ကောက်ရေးပြီး ဆိုင်ကလူတွေအလစ်မှာ ဈေးထဲက ကောင်မလေးတစ်ယောက်ကို မြမြထံ အပေးခိုင်းလိုက်လေသည်။ စာထဲမှာတော့ တိုတိုပဲ “မမမြ ကျွန်မကို ခွင့်လွှတ်ပါ” လို့ ရေးပေးလိုက်သည်။
မြမြကား စာကို ယူလာသော ကလေးမကို လက်ဖက်ရည်နဲ့ အကျအန ဧည့်ခံရင်း စုမာရဲ့ စာတစ်ကြောင်းကို အရသာခံ ဖတ်လေသည်။ ဘာပြန်ရေးပေးလိုက်ရင် ကောင်းမလဲ စဉ်းစားသည်။ မိန်းမက ဒီလိုတော့လည်း ကြောက်တတ်သားပါလားဟု ကျေနပ်အားရနေပြန်သည်။ နောက်တော့ သူသဘောအကျဆုံး စာတစ်ကြောင်း ရေးပြီး ပြန်ပါးလိုက်လေသည်။ ထိုစာကို သယ်ပို့ရင်း ဖတ်လိုက်ရသူကလည်း ကြောက်ကြောက်နှင့်ပင် အရပ်ထဲ တိုးတိုး သတင်းဖြန့်သည်။ စုမာအတွက်ကား တွေးစရာများလှသော အိပ်ပျက်စရာ စာတစ်ကြောင်းတည်း။ “ခုတော့ အားလုံးက လွန်သွားပြီ” တဲ့။
    မြမြတစ်ယောက် ပြန်တွေးတိုင်း တစိမ့်စိမ့်ပြုံးပြီးကျေနပ်ရသော စာတစ်စောင်သည် စုမာအတွက်တော့ အိပ်မက်ထဲအထိ လိုက်ခြောက်လှန့်လေသည်။ ချွေးတွေ ရွှဲနစ်ပြီး နိုးလာသော ညမှောင်မှောင်တို့သည် စုမာအဖို့ ခြောက်ခြားစရာ ကောင်းလှသည်။ တနေ့ထက်တနေ့လည်း ပို၍ နုံးချိလာသလို ခံစားရသည်။ ဦးဇင်းထွက်ခါစ ခေါင်းတုံးနဲ့ အောင်နိုင်သည် သူ့အတွက် သူစိမ်းနဲ့ တူလာသည်။ ကတုန်ကယင်နိုင်လှသော နေ့လည်ခင်းတစ်ခုသည် ထိတ်စရာ လန့်စရာ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်လာခဲ့ပြန်သည်။ ဆိုင်ရှေ့မှာ စားပွဲတွေကို ရှိတဲ့အားလေးနဲ့ ခပ်နှေးနှေး ခပ်ငေးငေး လိုက်သုတ်နေသော စုမာသည် ဆိုင်နောက်ဖေး မီးဖိုချောင်ထဲ မီးလုံးကြီး ဘွားခနဲထွက်လာတာ တွေ့လိုက်ရလေသည်။ ပူပြင်းလှသော နွေအဝင်နေ့လည်သည် စုမာ ပတ်ဝန်းကျင်တွင် ချက်ချင်းအေးစက်သွားသည်။ လူတွေရုတ်ရုတ် ဖြစ်သွားတာ စုမာ မသိတော့။ ပတ်ပတ်ချာလည် ဖြုန်းခနဲ မှောင်မိုက်မသွားခင် မီးတောက်တွေကြားမှာ အားရပါးရ ဟစ်အော်ရယ်မောနေသည့် မြမြကို စုမာ တွေ့ဖြစ်အောင် တွေ့လိုက်သည်။

(ဆ) “အမလေး။ လန့်လိုက်တာ တော်ပါသေးရဲ့။ ချက်ချင်းငြိမ်းသွားလို့” မြမြသည် ရင်ပတ်ကို ဖိထားရသည်။ တကယ်ပင် ရင်တုန်စရာ ကောင်းလှသည်ကိုး။ သည်ဈေးနားတစ်ဝိုက်က ဆိုင်တွေဟာ ဟိုဘက်လမ်း ဒီဘက်လမ်းပေမယ့် နီးနီးလေးတွေ။ ပြီးတော့ စုမာကိုလည်း သူ့မောင်တွေ ဆိုင်ထဲက ပွေ့ချီထုတ်လာတာ တွေ့သည်။ ဆိုင်က စားပွဲထိုးလေးတွေက မြမြရဲ့ သောကကို မယုံသလို ကြည့်ကြသည်။ မြမြ တဖြည်းဖြည်းတော့ စိတ်အလိုမကျစ ပြုလာမိပြီ။ ဘယ်သူ့မှ အာရုံထဲမထားဘဲ “ဆိုင်မှာလည်း မီးဂရုစိုက်ကြဟေ့” ဟု ဆော်သြလိုက်သည်။ စိတ်ပူပူပန်ပန်နှင့် တစ်ဖက်ကမ်းကဆိုင်ကို ငေးနေသော မြမြအမေသည် သူ့အသံကြားမှ လှည့်ကြည့်ရင်း “သနားပါတယ် သမီးရယ်။ ခမျာ သွေးနုသားနုနဲ့”။ မြမြသည် သူ့အမေလေသံကို သရုပ်ခွဲကြည့်နေမိသေးသည်။ စပ်စပ်စုစု ဟိုဘက်ကမ်းအထိသွားကြည့်လာသော စားပွဲထိုးတစ်ယောက်က ကျန်တဲ့စားပွဲထိုးလေးတွေကို တိုးတိုးလှမ်းပြောသောစကားကို သားအမိနှစ်ယောက်စလုံး ကြားဖြစ်အောင် ကြားလိုက်လေသည်။ မအေဖြစ်သူက သက်ပြင်းကြီးတစ်လုံးချရသလို မြမြမှာလည်း အထိတ်တလန့်ပင် ဖြစ်မိသည်။ “အမကြီးစုမာက လဲမကျခင် မမမြနာမည်ကို အော်လိုက်တာ သူတို့ အကုန်ကြားတယ်တဲ့ကွ”။

(ဇ) စုမာတစ်ယောက် ဒုတိယအကြိမ် ဆေးရုံမှဆင်းလာပြီးနောက် ရက်အတန်ကြာ။ ဈေးလေး၏ ဟင်းရွက်တန်းသည် အခြားမနက်ခင်းများလိုပင် စည်ကားနေသည်။ ဈေးဝယ်ထွက်လာသော စုမာကို မျက်နှာသိ ဈေးသည်တချို့က နှုတ်ဆက်ကြသည်။ နေကောင်းပြီလား လှမ်းမေးကြသည်။ အားနည်းနေသေးပုံရသော်လည်း စုမာသည် ပြုံးပြုံးချိုချို ရွှင်ရွှင်လန်းလန်းပင် ခေါင်းညိတ်ပြရင်း ဈေးဝယ်နေလေသည်။ ထို့နောက် ငါးရောင်းသော ဒေါ်ခင်ထွေးဆိုင်ရှေ့ ရုတ်တရက် ရပ်လိုက်ရင်း “အမေထွေး။ ဒီကောင်မ အရှက်မရှိဘူးတွေ့လား။ သူများလင်ကို ခိုးတုန်းကခိုးပြီး ခုမှ ကြောက်နေတာလေ။” စုမာ၏ အသံသည် ဝါးတားတား တုန်ရီရီ ဖြစ်နေသည်။ ဒေါ်ခင်ထွေးက “ဟဲ့ ညည်းဘာတွေ ပြောနေတာလဲ။” စုမာသည် ဒေါ်ခင်ထွေးမေးတာကို မကြားသလိုပုံ။ သူ့ဘာသာသူ တတွတ်တွတ် ဆက် ရေရွတ်နေသည်။ “ညည်းကို ငါ ပါးချချင်နေတာ” စကားလည်းအဆုံး သူ့ပါးသူ တဖြန်းဖြန်း ချလေသည်။ ဒေါ်ခင်ထွေးလည်း ဆိုင်ပေါ်မှ အထိတ်ထိတ် အလန့်လန့် ခုန်းဆင်းရင်း အနားနားက ဈေးဝယ်တွေ ဈေးသည်တွေကို အော်ခေါ်ရတော့သည်။ စုမာက တတွတ်တွတ် ဆက်ရေရွတ်ဆဲ။ “ညည်းသောက်ရှက်ကို ငါခွဲပြမယ် ညည်း ညည်း” စုမာရဲ့ အင်္ကျီနှိပ်သီးတွေ ဗြုတ်ခနဲ့ ပြုတ်ထွက်ကုန်ကြသည်။ “ဟဲ့ ဟဲ့ နင်တို့ ဆိုင်မှာ ပရိတ်ရေ မရှိဘူးလား။ ဟိုဘက်က လှမေတို့ လှရွှေတို့ ဘုရားပန်းအိုး ဘုရားပန်းအိုးထဲကရေ”။ ဒေါ်ခင်ထွေးနဲ့ ဆိုင်နီးနားချင်းတွေ အော်ရင်း ဟစ်ရင်း စုမာကို ထိန်းဖို့ ကြိုးစားနေတုန်းမှာပဲ စုမာရဲ့ လက်တွေက ဝတ်ထားသော ပါတိတ်ထမီနွမ်းနွမ်းလေးကို တုန်တုန်ယင်ယင် ခြောက်ခြောက်ခြားခြား ချွတ်ချနေသည်။

(ဈ) ကယောင်ကတမ်း အော်ဟစ်ရင်း ဖျားနားဖျော့တော့သော မိန်းမငယ်သည် လောကကို ရုတ်တရက်  သွက်သွက်ပင် နှုတ်ဆက်သွားလေသည်။ စုမာဆုံးတဲ့ညကစလို့ မြမြတစ်ယောက် အိပ်မပျော်တော့ပေ။ ညညဆို အိမ်ကို တစ်ယောက်ယောက်က ခဲနဲ့ လာပေါက်တာလိုလို။ လာကိုင်လှုပ်တာလိုလို။ တကယ်လိုလို အိပ်မက်လိုလို။ နေ့ဘက်ဆိုလည်း မြမြသည် သူ့အခန်း ကျဉ်းကျဉ်းထဲမှ အပြင်မထွက်ချင်။ လူတွေ မြမြကို ကြည့်ကြတဲ့ မျက်လုံးတွေကို မြမြ ကြောက်သည်။ ဆိုင်က အလုပ်သမားကောင်လေးတွေ ကောင်မလေးတွေ မြမြကို ဘယ်သူမှ စကား ဟဟ မပြောရဲကြတော့သလိုပင်။ အမေသည် မြမြကို အရိပ်တကြည့်ကြည့်နေသည်။ ပြီးတော့ အမေသည် တုန်လှုပ်နေသလိုပင်။ အမေ့ကို ကြည့်ရတာ မသေခင် လေ ငါးရက်က တွေ့လိုက်တဲ့ စုမာနဲ့ တူလှသည်။ တော်တော်လည်း ပိန်လှီသွားသည်။ စုမာများ အမေ့ကို။ မြမြသည် ကိုယ့်အတွေးကို ချက်ချင်း ခေါင်းခါထုတ်လိုက်လေသည်။
    တစ်နေ့တစ်နေ့ အိမ်မှာဘာတွေ ဘာကြောင့် ဘယ်လို ဆက်ဖြစ်နေသလဲ မြမြမသိတော့။ မြမြတို့ ထမင်းဆိုင်လေး ပိတ်သွားသည်။ အဖေရော အမေရော တနေ့ထက်တနေ့ အိုစာလာနေသည်။ တရက်မှာတော့ ရန်ကုန်မှာနေသော မြမြအကို နှစ်ယေက် အိမ်ရောက်လာသည်။ သူတို့ကြည့်ရတာ တစ်ခုခုကို စိတ်တိုနေသလိုပင်။ ညကျတော့ မြမြအခန်းထဲကို အားလုံး ရောက်လာကြသည်။ ဖအေ မအေက တိုးတိုးတိုးတိုး ချော့မော့ ပြောတာတွေမြမြမကြား။ မိုးခြိမ်းသံနဲ့ တူတဲ့ သူ့အကိုကြီးစကားကိုသာ ကြားသည်။ “ဒီအိမ်ကို နောက်မှ ကြည့်စီစဉ်တာပေါ့။ ရောင်းချင်လည်းရောင်း။ အခုလတ်လတ်လောလောတော့ အမေတို့ ကျွန်တော်နဲ့လိုက်နေ။ မြမြ နင် ဒီည သိမ်းစရာ ရှိတာတွေ သိမ်း။ သမီးတစ်ယောက်တည်းဆိုပြီး အဖေနဲ့ အမေမှာ နင့်ကို ငယ်ငယ်တည်းက ဒုက္ခခံလိုက်ရတာ။ ကြီးလာတော့ အားကိုးရမလားအောက်မေ့ပါတယ်။ ပိုတောင် ဒုက္ခပေးသေး။ ငါ့ဆီလိုက်နေရင် ရူးတူးမူးတူးတွေတော့ လုပ်မယ်မကြံနဲ့။ ရိုက်သတ်ပစ်မယ်။”

(ည) အိမ်ကလေးသည် လမ်းဘေးလည်းလမ်းဘေး ဘုရားနဲ့လည်းနီး ဈေးနဲ့လည်းနီးပေမယ့် နေသူမရှိ၊ ဝယ်သူလက်သို့လည်း ရောင်းမထွက်ပေ။ လက်ရှိအိမ်ပိုင်ရှင် ဘယ်သူဆိုတာလည်း ဘယ်သူမှ သိပ်မသေချာကြတော့ပေ။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သည်အိမ်မှာ နေသွားတဲ့ ကိုယ့်ကိုယ်ကို သတ်သေသွားသော ကလေးမလေးနဲ့ သူရဲ့ ဆန်းဆန်းကြယ်ကြယ်ဖြစ်ရပ်တွေကို ခုချိန်အထိ ဒီအရပ်ထဲမှာ ပုံပြင်ဆန်ဆန် ပြောနေကြတုန်းမို့ပင်။ သည်အိမ်လေးရဲ့ ရှေ့မှာတော့ ဟင်းလက်ရာ ကောင်းလှသည်ဟု နာမည်ရသည့် “ရွှေလက်ရာ ထမင်းဆိုင်” ရှိသည်။ ရွှေလက်ရာ ထမင်းဆိုင်နဲ့ သုံးလေးဆိုင်ခြားမှာတော့ အလှူပေးနေသလို အမြဲတမ်း ဈေးဝယ်တွေနဲ့ စည်ကားနေတတ်သော “ကိုအောင်နိုင်+မမူမူသန်း ကုန်စုံဆိုင်ကြီး” ရှိပါသည်။

Thursday, April 25, 2013

ကားကြုံလိုက်သူ

အခု ကျွန်တော် ရောက်နေတာက နယူးမက္ကဆီကိုပြည်နယ် အနောက်ဂါးလော့ပ်ရပ် ၆၆ လမ်းမကြီးရဲ့ဘေးက ကားရပ်နားစခန်းတစ်ခုထဲမှာပါ။ အခုကိစ္စကို ကျွန်တော် ခင်ဗျားတို့ကို ပြောပြလိုက်ရင်ကောင်းမယ်။ ဒါမှကျွန်တော်ရူးမသွားမှာ။ ဒါပေမယ့် သွက်သွက်တော့ ပြောမှဖြစ်မယ်။ အခုက ကျွန်တော်မရူးသေးဘူးလေ။ ကျွန်တော်အကောင်းဘဲ။ နည်းနည်းလေး ကိုယ်ပူချင်တာကလွဲလို့ပေါ့။

ကျွန်တော့်နာမည်က ရော်နယ်လ် အဒမ်။ အသက် ၃၆။ လူလွတ်။ အရပ်မြင့်တယ်။ အသားညိုတယ်။ မုတ်ဆိတ်ကျင်စွယ်နဲ့။ ၁၉၄၀ထုတ် ဖို့ဒ် v8 ကား လိုင်စင်နံပါတ် ၆V-၇၉၈၉ ကိုမောင်းလာတာ။ ကျွန်တော့်ကို ဘရွတ်ကလင်မှာမွေးတယ်။ ကျွန်တော်အကုန်သိပါတယ်။ ကျွန်တော်သိတာက အခုလက်ရှိမှာ ကျွန်တော်သတိကောင်းပါသေးတယ်၊ အသိလည်းရှိပါတယ်။ ရူးသွားတာ ကျွန်တော်မဟုတ်ဘူး။ ရူးသွားတာ အခြားတစ်ခု။ ကျွန်တော် ထိန်းချုပ်ပဲ့ကိုင်လို့မရတဲ့ အခြားတစ်ခုပါ။ ကျွန်တော်မြန်မြန်ပြောမှပါ။ ဘ၀နဲ့ ကျုပ်ကြားက ချိတ်ကွင်းဆက်ကလေးဟာ ဖျတ်ကနဲ ပျက်စီးသွားနိုင်တယ်လေ။ ဒီစကားတွေဟာ ကျွန်တော်ရဲ့နောက်ဆုံးစကားတွေဖြစ်နိုင်သလို ဒီညဟာလည်း ကျွန်တော်ကြယ်တွေကို နောက်ဆုံး တွေ့ခွင့်ရတဲ့ညလည်းဖြစ်နိုင်ပါတယ်။
-------
လွန်ခဲ့တဲ့ ၆ ရက်က ကယ်လီဖိုးနီးယား ကိုပြန်ဖို့ ဘရွတ်ကလင်မှာရှိတဲ့ ကျွန်တော့်အမေကို ကျွန်တော်နှုတ်ဆက်နေခဲ့ချိန်။

‘ငါ့သား ဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာရှိပါစေ။’
‘ကျွန်တော်သွားပြီနော် အမေ။’

အမေက အိမ်ပြင်အထိ လိုက်လာတယ်။

‘မိုးတွေရွာနေတယ် အမေရဲ့။ တံခါးနားဘဲ နေခဲ့ပါတော့။ ဟာ ... အမေက ငိုနေတာလား’
‘ဒီခရီးကြောင့်ပါ။ သားကို ကားမမောင်းစေ့ချင်ဘူး’
‘လုပ်ပြန်ပြီ အမေရယ်။ ဒီလိုဘဲ သွားနေကြတာပါပဲ။’
‘အမေသိပါတယ်။ ဒါပေမယ့် ဂရုစိုက်နော်။ သတိနဲ့မောင်းပါ့မယ်လို့အမေ့ကို ပြောသွားစမ်း။ မငိုက်နဲ့။ အမြန်ကြီးမမောင်းနဲ့။ ကားတားစီးတဲ့ လူစိမ်းသူစိမ်းတွေကိုလည်းလျှောက်တင်ခေါ်မသွားနေနဲ့။’
‘လူစိမ်း။ အာ ... စိတ်မပူပါနဲ့အမေရယ်။ ဘာမှမဖြစ်ပါဘူး။ ၈ ရက်ပဲမောင်းရမှာ။ လမ်းတွေကလည်း ကောင်းမှကောင်း။ ဟော့ဒေါ့ဂ် ဆိုင်တွေ ဟမ်ဘာဂါဆိုင်တွေက ဆယ်မိုင်ကို တစ်ဆိုင်လောက်ရှိပါတယ်အမေရဲ့’
-------
ဒီလိုနဲ့ မောင်းချလာခဲ့တာပေါ့။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး။ တစ်ယောက်တည်းဖြစ်နေရတာကိုက မိုးစွေငှက်မြူးလေးတစ်ကောင်လိုလို။ တစ်ယောက်တည်းပါလားရယ်လို့မေ့တောင်နေတယ်။ ဒီလိုနဲ့ အဲဒီမနက် မိုးတွေရွာနေတုန်း ဘရွတ်ကလင်တံတားကို အဖြတ်  ကြိုးတံတားဘောင်ကို မှီရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ကြည့်ရတာ လမ်းကြုံလိုက်လို့ရမယ့်ကားတစ်စီးကိုစောင့်နေပုံပါပဲ။ သူ့ပခုံးပေါ်မှာလည်း မိုးရေတွေစိုလို့။ လက်ထဲမှာလည်း ဈေးပေါပေါခရီးဆောင်အိတ်တစ်လုံးနဲ့။ ပိန်ပိန်ပါးပါး သိပ်မထူးခြားလှတဲ့ ပုံစံမျိုး။ လျှာထိုးဦးထုပ်က မျက်လုံးတွေကိုတောင် အုပ်ကွယ်နေအောင် ငိုက်ထား စိုက်ထားလိုက်သေးတယ်။ သူက တံတားဘေး လူလျှောက်လမ်းပေါ်ကနေ ကားမောင်းလမ်းပေါ် ဆင်းလိုက်တယ်။ အား ... ကျုပ်သာ မရှောင်ရင်တိုက်ပြီ။ တကယ့်ကို တိုက်မိလုလုပဲ။ ဒါပေမယ်. ကားမောင်းရင်းမောင်းရင်းနဲ့ ဒါကို မေ့သွားမှာပါလေ။ ကျွန်တော်အဲဒီလိုထင်ထားပေမယ့်  နောက်တစ်နာရီလောက်ပဲ ကြာလိုက်တယ်၊ ကုန်းကျော်တံတားတစ်ခုကို ဖြတ်နေတုန်း သူ့ကို ထပ်တွေ့လိုက်ရတယ်။ အဲ ... သူမဟုတ်ဘူးဆိုရင်တောင် တော်တော်ကို တူတဲ့ နောက်တစ်ယောက်ပေါ့။ လူကြုံလိုက်လို့ရရင်လိုက်ချင်တဲ့ပုံလို ကျွန်တော့်ကားကို လှမ်းတားနေတယ်။ သူကျွန်တော့်ကို ဘယ်လိုကျော်တက်ပြီး ဘယ်လို ရောက်လာလဲ စဉ်းစားလို့တော့မရဘူး။ ဖြစ်နိုင်တာက အရမ်းမြန်တဲ့ ကုန်ကားတွေထဲက တစ်စင်းကသူ့ကို တင်ခေါ်လာပြီး အဲဒီကုန်ကားက ကျွန်တော့်ကားကိုကျော်တက် ပြီးတော့  သူ့ကို ဒီကုန်းကျော်တံတားမှာ ချထားပေးခဲ့သလားပဲ။ သူကတားပေမယ့် ကျွန်တော်ရပ်မပေးဘဲ မောင်းလာခဲ့တယ်။ ဒါပေမယ့် အဲဒီညမှာဘဲ သူ့ကိုနောက်ထပ်တွေ့တယ်။ ဟာရီစ်ဘာ့ဂ်နဲ့ ပစ်တ်စ်ဘာ့ဂ်ရဲ့ကြား ပင်န်ဆိုင်လ်ဗေးနီးယား လမ်းကြေးတောင်းတဲ့ဂိတ်အသစ်နားမှာပေါ့။ အဲဒီလမ်းက ၂၆၅ မိုင်ရှည်ပြီး လမ်းစည်းကမ်းအရကိုက အရမ်းအမြန်မောင်းရတဲ့နေရာ။ ဥမင်လမ်းတွေကလည်းရှိသေးတယ်။ ကျွန်တော်ကလည်း လှိုဏ်ခေါင်းထဲဝင်မှာမို့ အရှိန်ကို နည်းနည်းအလျှော့မှာ သူ့ကိုတွေ့လိုက်တာ။ ဒီတစ်ခါတော့ လမ်းဘေးမီးတိုင်ရဲ့အောက်မှာမတ်တတ်ရပ်လို့။ သူ့ရဲ့ အိတ်၊ ဦးထုပ်၊ ပခုံးပေါ်ကမိုးရေတွေ။ ကျွန်တော်အားလုံးကို ကောင်းကောင်းမြင်နေရတယ်။ ဒီတစ်ခါတော့သူက လက်ကာပြီး လက်ပြပြီးတော့ကို အရမ်းတားနေပြီ။
သူ့ရဲ့ ‘ဟယ်လို ဟယ်လို’ လို့အော်သံကလည်းခြောက်ခြားစရာ။
ကျွန်တော်အရှိန်ကို စွတ်တင်လိုက်တယ်။ လူကလည်းပြတ်တယ်လေ။ ရပ်ပေးဖို့ ရည်ရွယ်ချက်ကိုမရှိတာ။ ကျွန်တော်က ချန်ထားခဲ့လိုက် သူကကျွန်တော့်ရှေ့ကို ရောက်နေလိုက်ဖြစ်နေတာက တိုက်ဆိုင်တာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကြောက်နေပြီလေ။ ဒီလိုနဲ့ နောက်တော့ ဆီဆိုင်တစ်ခုကိုရောက်လာခဲ့ပါတယ်။

‘ကျွန်တော့်ကားကို ဆီအပြည့်ဖြည့်ဗျာ’
‘အိုကေလေ၊ ဒါနဲ့ ညလေးက သာယာတယ်ဗျ နော’
‘အင်း သာယာပါတယ်၊ ဒါနဲ့ မိုးတော့ ရွာမသွားဘူးမဟုတ်လား’
‘တစ်ပတ်လောက်ရှိပြီလေ လုံးဝမရွာတာ’
‘အော် လုံးဝ မရွာဘူးလား ... အင်း ...  ... ဒီတော့အလုပ်ဖြစ်ရဲ့လားဗျ’
‘ဖြစ်ပါတယ်။ ဘယ်လိုရာသီပဲဖြစ်ဖြစ် လူတွေကသွားနေကြတာပဲလေ။ အလုပ်ကိစ္စနဲ့ပေါ့ဗျာ။ ဒီရာသီမျိုးမှာတော့ ဒီလမ်းမှာ အပျော်ခရီးသွားတဲ့သူကတော့ ခပ်ရှားရှားပဲလေ’
‘အင်းပေါ့လေ။ ဒါနဲ့ ကားကြုံလိုက်တားစီးတဲ့သူတွေကော ရှိတတ်သလား’
‘ကားကြုံလိုက်စီးမယ့်လူ၊ ဟုတ်လား။ ဒီလိုအရပ်မျိုးမှာ။ ခင်ဗျားကလည်းဗျာ’
‘ဘာလို့လဲဗျ။ ဘာဖြစ်လို့လဲ။ မတွေ့မိဘူးလား။’
‘စဉ်းစားကြည့်ပါဦးဗျာ။ ဒီလိုလမ်းမျိုးမှာ ကားကြုံတားစီးဖို့ကြိုးစားတယ်ဆိုရင်တော့ အဲဒီလူ ရူးနေလို့ဘဲ။’
‘ဒါဆို ခင်ဗျားပြောပုံက တစ်ခါမှကို မတွေ့ဖူးဘူးပေါ့’
‘တစ်ခါမှကို မတွေ့ဘူးပေါင်ဗျာ။ ဒီလမ်းမကြီးထဲမရောက်ခင် လမ်းကြေးကောက်တဲ့နားက ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါကျော်ရင်တော့ တမေ့တမောကြီး မောင်းရတော့မှာလေ။ ဒီလောက်ဝေးဝေးကြီးတော့ ဘယ်ကားကမှ မတင်ဘူးလေဗျာ။ ဒီတစ်ကြောက လူပြတ်တယ်။ တောင်တွေတောတွေပဲရှိတာဆိုတော့လေ။ ခင်ဗျားလမ်းမှာ ဘာမှမတွေ့ဘူးမဟုတ်လားဗျ။’
‘မတွေ့ပါဘူး။ မတွေ့ပါဘူး။ မေးကြည့်တာပါ။’
‘အော်၊ အင်း အင်း။ ၁ ဒေါ်လာ နဲ့ ၄၉ ဆင့် ကျပါတယ်။’
-------
တိုက်ဆိုင်တာပဲနေမှာပါလို့တွေးရင်း ကျွန်တော်ဒီကိစ္စကိုပြန်မေ့သွားပါတယ်။ ပစ်တ်စ်ဘာ့ဂ်မှာ ညအိပ်ပြီး ကောင်းကောင်းလည်း အနားရလိုက်တယ်။ ဒါပေမယ့် အကြာကြီးမေ့မနေလိုက်ရပါဘူး။ နောက်တနေ့ မနက်မှာတော့ အိုဟိုင်းအိုပြည်နယ် ဇန်းစ်ဗီးလ်နယ်မြေရဲ့အထွက်မှာ သူ့ကိုထပ်တွေ့လိုက်ရတယ်လေ။ နေသာနေတဲ့ မွန်းလွဲပိုင်းလေးပေါ့။ အေးချမ်းသာယာတဲ့ အိုဟိုင်းအိုကွင်းပြင်မှာ ဆောင်းဦးရာသီမို့ အညိုရောင်ရိုးပြတ်ကွင်းတွေက နေမင်းရဲ့ရွှေရောင်အလင်းတန်းတွေအောက်မှာ လဲလျောင်းအိပ်မက်လို့။ ကျွန်တော်ကလည်းကားကို ဇိမ်နဲ့မောင်းလာတာ။ ရှုခင်းတွေကို ခံစားငေးမောရင်းနဲ့။ လမ်းကဖြုန်းဆို အပိတ်ကြီးနဲ့တားပြီး လမ်းလွှဲထားတာဆိုတာတွေ့လိုက်ရတယ်။ လမ်းပိတ်တားတဲ့တန်းတွေရဲ့ရှေ့မှာက အဲဒီလူလေ။ မတ်တတ်ကြီး။ သူ့ပုံစံက၊ အင်း သူ့ပုံစံကလည်း ကြောက်စရာတော့မရှိပါဘူး။ ဒါပေမယ့် စုတ်စုတ်ပြတ်ပြတ်နဲ့။ ရပ်နေပုံကတော့ ရိုးရိုးပါ။ မတ်တတ်လေးရပ် စောင့်နေသလိုမျိုး။ နွမ်းနွမ်းနယ်နယ်နဲ့။ လက်ထဲမှာတော့ အိတ်စုတ်ကြီးနဲ့။ သူ့ကြည့်ရတာ အစောကြီးကတည်းက စောင့်နေတာလိုပါပဲ။ ကားကိုလှမ်းတားပြီး ကားဆီကိုလျှောက်လာတယ်။

‘ဟယ်လို’

လမ်းကို ကာထားပြီး လမ်းလွှဲထားပေမယ့် လွှဲထားတဲ့လမ်းကို မတွေ့တော့ ကျွန်တော်ကလည်းလမ်းလွှဲကို ရှာဖို့ကားကိုရပ်ရတာပေါ့။ လွှဲလမ်းကလည်း ချက်ချင်းမတွေ့ဘူး။ ကျွန်တော်သိလိုက်ပြီ ဒီလူက သူ့ကို တင်ဖို့ ကျွန်တော်ကားရပ်ပေးတယ်လို့ ထင်သွားတာဗျ။

‘ဟယ်လို’
‘မဟုတ်ဘူးဗျ။ စိတ်မကောင်းပါဘူးဗျာ’
‘ကယ်လီဖိုးနီးယားကိုသွားမလို့လား။’
‘ဒီနေ့တော့ မသွားဘူးဗျ။ လမ်းလည်း မကြုံဘူးဗျ။ နယူးယော့ခ်ကိုသွားမှာ။ တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူးဗျာ’

အဲဒီခဏမှာပဲ လမ်းလွှဲကိုလည်းအတွေ့ ကျွန်တော် ကားကိုမြန်မြန်မောင်းသွားလိုက်တယ်။ ကိုယ့်ကိုယ်ကို အကြောက်လွန်အရူး တစ်ယောက်လိုပဲ ထင်မိတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော့်ဘေးထိုင်လို့ ကျွန်တော့်ကားနဲ့တင်ခေါ်သွားဖို့ဆိုတာကတော့ မလွယ်ဘူးလေ။ တပြိုင်တည်းမှာပဲ တစ်သက်နဲ့တစ်ကိုယ် ပြောမပြတတ်အောင် အထီးကျန်လွန်းတယ်လို့ခံစားလိုက်ရတယ်။ နာရီတွေအများကြီးကုန်လွန်သွားတယ်။ လယ်ကွင်းတွေအများကြီးကို ဖြတ်လာခဲ့တယ်။ မြို့တွေတမြို့ပြီးတမြို့ကို ကျော်လာခဲ့တယ်။ နေရဲ့ အလင်းရောင်တွေက အနုအရင့် ပြောင်းလဲသွားတယ်။ ကျွန်တော်သိနေတယ်။ ဒီလူကို ထပ်တွေ့မှာပဲ။ ကျွန်တော်သူ့ကို မြင်ရမှာ ကြောက်တယ်။ ဒါပေမယ့် လမ်းဘေးဝဲယာကိုလည်း ဒီလူ ဘယ်နေရာကများ ပေါ်လာမလဲလို့ လျှောက်ကြည့်နေမိတယ်။

ဒီလိုနဲ့ ညရောက်လာခဲ့ပါတယ်။ လမ်းဘေးမှာ ဆိုင်တစ်ဆိုင်ကိုတွေ့တော့ ရှေ့မှာ သွားရပ်ပြီး ဟွန်းတီးပစ်လိုက်တယ်။

‘ဟေ့ ... ဘာလဲ ... ဘာလိုချင်လို့လဲ’
‘အသားညှပ်မုန့်နဲ့ သောက်စရာတစ်ခုခုလောက်လေ ... ရောင်းတယ်မဟုတ်လား’
‘နေ့ဆိုရင်တော့ရောင်းတယ် ... အခုက မိုးချုပ်နေပြီ’
‘အော် ဒါဆိုလဲ ကော်ဖီလေးတစ်ခွက်လောက်ဗျာ ... ဘလက်ခ်ကော်ဖီလေးတစ်ခွက်လောက်ပါ’
‘ဒီအချိန်ကတော့ မရဘူး ဟေ့လူ ... ကျုပ်မိန်းမက ချက်တဲ့ ပြုတ်တဲ့သူ ... သူက အိပ်နေပြီ’
‘နေပါဦးဗျ ... စောစောလေးကတင် ဒီနားမှာ လူတစ်ယောက်တွေ့လိုက်တယ် ... ခင်ဗျားတို့ ဆိုင်နားတင်လေးပဲ ရပ်နေတာ ... သူ့ကြည့်ရတာ မသင်္ကာစရာကောင်းတယ်’
‘ဟင်နရီ ... အပြင်ကဘယ်သူလဲ’
‘ဘယ်သူမှ မဟုတ်ပါဘူး အမေကြီး ... လူတစ်ယောက်ပါ ... ကော်ဖီတစ်ခွက်လောက်လိုချင်လိုတဲ့ ... အိပ် ... အိပ် ... အိပ်တော့’
‘ကျုပ် နှောင့်ယှက်နေတာ မဟုတ်ပါဘူးဗျာ ... ကျုပ်ကားမောင်းလာရင်း ဒီမသင်္ကာစရာ လူကို တွေ့လိုက်လို့ပါ’
‘သူက ဘာလုပ်နေတာမိုလို့လဲ’
‘အဲ ... ဘာမှတော့လုပ်မနေဘူးပေါ့လေ ...’
‘ဟာ ... ခင်ဗျား မူးနေတာပဲဗျ ... အလကား လုပ်စရာမရှိ ... လူကောင်းသူကောင်းတွေ ပင်ပင်ပန်းပန်း အိပ်နေတုန်းကို လျှောက်နှိုးနေတယ် ... သွား ... ခင်ဗျား သွားတော့’
‘ဟေ့ ... ဒီလူက ခင်ဗျားတို့ကို ဓါးပြတွေဘာတွေ ၀င်တိုက်သွားမယ်နော်’
‘ကျုပ်တို့ ဒီ ဆိုင်အစုတ်ထဲမှာ ဘာမှမရှိဘူး ... ခင်ဗျားသွား ... မသွားရင် ရဲခေါ်လိုက်မယ်’

ကျွန်တော်လည်း ကားထဲဝင်ပြီး ဖြည်းဖြည်းချင်းမောင်းလာခဲ့တယ်။ ဒီကားကို ကျုပ်မုန်းချင်လာပြီ။ နားစရာနေရာလေးတစ်ခု တွေ့လည်းအကောင်းသား။ ခုဟာက ကျုပ်က မစ်ဇူရီပြည်နယ်ရဲ့ အိုဇာ့ခ် တောင်တွေနားမှာ။ နည်းနည်းပါးပါးရှိတဲ့ နားနေစခန်းလေးတွေကလည်း ပိတ်ထားကြတာ။ လမ်းဘေးမှာလည်း ဒီလူကို ကျုပ်ထပ်တွေ့လိုက်သေးတယ်။ နောက်ထပ်လည်းတွေ့ဦးမှာ သိနေတယ်။ နောက်လမ်းလေးအကွေ့မှာတွေ့မလား။ ဒီတစ်ခါတွေ့ရင်တော့ ဒီလူကို ကျုပ်တိုက်သတ်ပစ်တော့မယ်။ ဒါပေမယ့်လည်း နောက်တစ်နေ့ မွန်းလွဲတဲ့အထိ သူ့ကို မတွေ့တော့ပြန်ဘူး။ အိုကလာဟိုးမားအ၀င်က ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့နေရာမှာ ရထားလာလို့ ကားရပ်ပြီးစောင့်နေချိန်ကျမှ သူက ရထားလမ်းရဲ့ တခြားဘက်မှာပေါ်လာတယ်။ တယ်လီဖုန်းကြိုးတိုင်ကိုမှီလို့။ လေငြိမ်ပြီး အရမ်းခြောက်သွေ့တဲ့ နေ့ကြီး။ အိုကလာဟိုးမားရဲ့ မြေနီတွေဟာ နေရောင်အောက်မှာ ခြောက်သယောင်းလို့ပေါ့။ ဒါပေမယ့် သူ့ပခုံးမှာတော့ မိုးရေတွေစိုလို့။ ကျုပ်ဆက်သည်းမခံနိုင်တော့ဘူး။ ဘာမှ စဉ်းစားမနေဘဲ မျက်စိစုံမှိတ်ပြီး ရထားလမ်းတွေကို ဖြတ်ပြီး အရှိန်နဲ့သွားဖို့ ကားကို  သူ့ဆီဦးတည်ပြီး တအားစွတ်မောင်းဖို့ပြင်လိုက်တယ်။ သူက တစ်ချက်တောင် မော့မကြည့်ဘူး။ မြေပြင်ကိုပဲ ငေးစိုက်ကြည့်နေတယ်။ အရှိန်ကို ဆောင့်တင်ဖို့ လီဗာကို စွတ်နင်းတယ်။ ကားကို သူ့ဆီခေါင်းတည့်နေအောင် တည်လိုက်တယ်။ ရထားခပ်လှမ်းလှမ်းက လာနေတာကိုလည်း ကြားနေရတယ်။ အို လာပလေ့စေ။ ဒါပေမယ့် ဘာဖြစ်တယ်မသိဘူး။ ကားကသူ့နေရာမှာပဲ။ မရွေ့ဘူး။ ရထားကလည်း အရမ်းကပ်လာနေခဲ့ပြီ။ အသံတွေ ဘဲလ်သံတွေ ဥသြသံတွေ ဆူညံလို့။ သူကတော့ တုတ်တုတ်မလှုပ်ဘူး။ ကျွန်တော်သိပြီ။ သူကျွန်တော့်ကို သေမင်းနိုင်ငံကိုခေါ်တော့မယ်။
ကျွန်တော်သူ့ကိုမှ တိုက်သတ်လို့မရတာ။ ဒီလိုနဲ့ ရထားကဖြတ်မောင်းနေတုန်းမှာပဲ ကားစက်ကို နှိုးလို့ရသွားတယ်။ ဒီတော့ ကျွန်တော် နောက်တစ်ခေါက် ကားကို အရှိန်ယူဖို့ ပြီးရင်သူ့ကို အရှိန်ပြင်းပြင်းနဲ့ တိုက်လိုက်နိုင်ဖို့ နောက်နည်းနည်းဆုတ်လိုက်တယ်။ ဒါပေမယ့် ရထားလည်းဖြတ်ပြီးသွားရော ရထားလမ်းရဲ့ တစ်ဖက်ခြမ်းမှာ သူမရှိတော့ပါဘူး။ ပူလောင်ခြောက်သွေ့တဲ့ နွေနေ့လည်းခင်းရဲ့အလယ်မှာ ကျွန်တော်တစ်ယောက်တည်းဖြစ်နေပါတယ်။
-------
ကျွန်တော် တစ်ခုခု လုပ်ကို လုပ်မှဖြစ်တော့မယ်။ ဒီလူ ဘယ်သူလဲ၊ ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာက ဒီလမ်းပေါ်မှာ နောက်တစ်မိနစ်တောင် ကျွန်တော်တစ်ယောက်တည်းနေလို့ မဖြစ်တော့တာပဲ။

ဒီလိုနဲ့ ဆက်မောင်းလာရင်း အမျိုးသမီးငယ်တစ်ယောက်ကို လမ်းဘေးမှာ တွေ့လိုက်တယ်။

‘ဟေ့ ဟေ့ ... ကားကြုံလိုက်မလား’
‘ရှင်က ဘယ်လို ထင်လို့လဲ ... ဘယ်အထိသွားမှာလဲရှင့်’
‘အမ်မရဲလို ... ကျုပ်ခင်ဗျားကို အမ်မရဲလို အထိ ခေါ်သွားနိုင်တယ်’
‘တက်ခ်ဆက်စ် က အမ်မရဲလိုလား’
‘ဟုတ်တယ် အဲဒီအထိ’
‘အိုး ... ကောင်းလှချေလား’
‘ကဲ ... တက်ဗျာ’

အမျိုးသမီးက ကားပေါ်တက်လာပြီး ကျွန်တော်လည်းကားကို ဆက်မောင်းလာခဲ့ပါတယ်။

‘ကျွန်မ ဖိနပ်တွေချွတ်ထားချင်တယ် ရမလားရှင် ... ခြေထောက်တွေ နာလွန်းလို့ပါ ... ဟင်း ဟင်း’
‘ရပါတယ် ... ချွတ်ပါ ချွတ်ပါ’
‘ကောင်းလိုက်တာရှင် ... ကားကလည်းကောင်း ... မောင်းတဲ့လူကလည်းနှစ်လိုစရာနဲ့ ... အမ်မရဲလို အထိတောင်သွားရမှာ ... အရင်ဆို ရလိုက်မှဖြင့် ကုန်တင်ကားတွေချည်းပဲ’
‘ခဏခဏ ကားကြုံစီးလေ့ရှိသလားဗျ’
‘အင်းပေါ့ ... ဒါပေမယ့် ... ဒီလွင်တီးခေါင်ကြီးမှာ ခုလို အကောင်းစားလမ်းကြုံ လိုက်ရတာမျိုးကတော့ ခပ်ရှားရှားပဲ’
‘အော် ... အင်းပေါ့လေ ... ဒါပေမယ့် ပိုမြန်တဲ့ကားမျိုးရရင်တော့ ပိုမြန်မြန်ရောက်တာပေါ့ ... ဥပမာ တစ်ယောက်ယောက်က ကျုပ်ကားထက်မြန်တဲ့ကားနဲ့ ကားကြုံတင်ခေါ်ရင် ပိုမြန်မြန်ရောက်တာပေါ့’
‘ရှင်ပြောတာကို နားမလည်ဘူး’
‘ဒီလိုလေ ... ဥပမာ ကျွန်တော်ဆိုပါတော့ ... ကျွန်တော်က ၄၅ မိုင်နှုန်းနဲ့မောင်းလာတယ် ... ခင်ဗျားကို လမ်းဘေးမှာတွေ့တယ် ... မတင်ဘူး ... ခင်ဗျားက ကားကြုံရလိုက်တိုင်း ၆၅ မိုင် ... ဒါမှမဟုတ် မိုင် ၇၀ လောက်ကားနဲ့ရတယ် ကျွန်တော်ကို ကျော်တက်သွားလိုက် ... တစ်နေရာကျတော့ ဆင်းပြီး နောက်အကြုံထပ်စောင့်လိုက် ... ဟော ... ကျွန်တော်က ခင်ဗျားကို ထပ်တွေ့လိုက်မယ် ... မတင်ဘူး ...  အဲ ... ဒါပေမယ့် အရမ်းမြန်တဲ့ကားလာမယ် ... ခင်ဗျားကို တင်ခေါ်မယ် ... ’
‘ဟုတ်မှာပေါ့ ... ရချင်လည်းရမယ် ... ရချင်မှလည်းရမယ် ... နေပါဦး ... အဲဒီတော့ ဘာဖြစ်လဲ’
‘အဲ ... ဘာမှ မဖြစ်ပါဘူး ... ကားမောင်းလာရင်း တောရောက်တောင်ရောက် လျှောက်တွေးမိတာမျိုးပါ’
‘အိုး ... ဒီလောက်ကောင်းတဲ့ ကားကိုမောင်းရင်း ဒါမျိုးတွေ တွေးနေတယ် ... ကြံကြံဖန်ဖန်ရှင်’
‘ကဲ ... ဒါဖြင့် ... ခင်ဗျားသာဆို ဘာလုပ်နေမလဲ’
‘အိုး ... ကျွန်မသာ ရှင့်လို ကိုလူချောတစ်ယောက်ဆိုရင် ဇိမ်နဲ့နေမပေါ့ရှင် ... လမ်းဘေးမှာများ လှလှပပ မိန်းကလေးတစ်ယောက်တွေ့ရင် ... အေးအေးဆေးဆေး ... ရပ်ပြီး နားပြီး တင်ခေါ် ... အဲ ... ပြီးရင် ... ဟာ ... အမလေး’
‘မင်းရောသူ့ကို တွေ့လိုက်တယ်လား’
‘ဘာ ... ဘယ်သူ့ကို တွေ့ရမှာလဲ’
‘ဟိုလူလေ ... ခြံစည်းရိုးနားကလူ’
‘ဘယ်သူ့မှ မတွေ့ဘူးရှင့်’
‘ဟိုမှာလေကွာ’
‘အို ... ဘာမှမရှိဘူးရှင့် ... ခြံစည်းရိုးကြီးဘဲ ရှိတယ် ... အမလေး ... ရှင် ခြံစည်းရိုးကို ကားနဲ့တိုက်မလို့လား’
‘အဲဒီမှာ လူရှိပါတယ်ဆိုကွာ ... ပိန်ပိန်နဲ့ မီးခိုရောင်အ၀တ်တွေနဲ့ ... လက်ထဲမှာ ခရီးဆောင်အိတ် တလုံးနဲ့လေ ... ငါ ဒီလူ့ကို တိုက်မလို့’
‘သူ့ကိုတိုက်မလို့ ... ဟုတ်လား ... နေပါဦး ရှင်က လူတယောက်ကို သတ်မလို့ပေါ့ ... ဒီလိုလား’
‘ဒီလူကို ရှင်းမှ ဖြစ်မယ် ... အနည်းဆုံး ဒီလူရှိတယ်ဆိုတာ သေချာမှ ဖြစ်တော့မယ် ... မင်းတကယ်မတွေ့ဘူးလား ... သေချာလား’
‘ဘာမှ မတွေ့ဘူး’
‘ဒါဆို ... စောင့်ကြည့်နေ ... နောက်တခါပေါ်အလာကို ကြည့်နေလိုက် ... လမ်းမကို မျက်ခြေမပျက်စေနဲ့ ... ဒီလူပေါ်လာဦးမှာပဲ ... ဟော ... ဟိုမှာ ဟိုမှာ ...’
‘အိုး ... တော်တော့ရှင် ... ဒီတံခါး ဘယ်လို ဖွင့်ရမလဲ ... ကျွန်မဆင်းတော့မယ်’
‘မင်းတွေ့လိုက်တယ်မဟုတ်လား ... ဒီတစ်ခါတော့ မင်းတွေ့လိုက်တယ်မဟုတ်လား’
‘အို ... ကျွန်မ အခုတစ်ခါလည်း ဘယ်သူ့မှ မတွေ့ဘူး ... ဘယ်တော့မှလည်း တွေ့မှာမဟုတ်ဘူး ... ဒီအချိန်မှာ ကျွန်မသိတာ ... အသက်ဆက်ရှင်နေဖို့ပဲ ... ရှင့်ကား ဆက်စီးနေလို့ကတော့ အသက်ဆက်ရှင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး’
‘ဟေး ... ကိုယ်တောင်းပန်ပါတယ် ... ကိုယ် ဘာဖြစ်သွားမှန်း မသိလိုက်ဘူး ... နေပါဦးကွာ’
‘ကျွန်မ တောင်းပန်နေတယ်နော်’
‘အာ ... မင်းသွားလို့ မဖြစ်သေးဘူး ... ဒီမှာ ... မင်း ကယ်လီဖိုးနီးယားကို မသွားချင်ဘူးလား ... ငါအရောက်လိုက်ပို့ပါ့မယ်’
‘သေတာတောင်မလိုက်ဘူးရှင့် ... ကျေးဇူးကြီးပါရဲ့’
‘ဟေး ... ခဏလေးပါ’
‘ဒီမှာ ... ရှင်လိုအပ်နေတာ ... မိန်းမတစ်ယောက်မဟုတ်ဘူး ... အိပ်ဆေးတစ်ခွက်ပဲ ... ခုမှပဲ သိတော့တယ် ... ဆင်းတော့မယ်’
‘ဟေ့ ... မဟုတ်သေးဘူး ... မင်းမသွားရဘူး’
‘အိုး ... ရှင့်လက်တွေကို ဖယ်စမ်း ... ဖယ်လိုက်စမ်း’
‘ဟေ့ ... နေပါဦး ... ပြန်လာခဲ့ပါကွာ’
-------
အမျိုးသမီးဟာ ကျွန်တော့်ကို တစ္ဆေသရဲတကောင်လို စွန့်ခွာပြေးထွက်လို့ ကားပေါ်ကဆင်းသွားပါတယ်။ နှစ်မိနစ် သုံးမိနစ် အတွင်းမှာပဲ ကုန်ကားတစ်စီးက သူမကို တင်ခေါ်သွားခဲ့တော့ ကျွန်တော်တစ်ယောက်တည်း ပြန်ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်ဟာ တက်ခ်စက်စ်ပြည်နယ်ရဲ့ မြက်ခင်းပြင်ကျယ်ကြီးအလယ်မှာ။ အဲဒီကုန်ကားရဲ့နောက်မှာလည်း ဘာကားတစ်စီးမှ ထပ်မလာသေးဘူး။ ဘာလုပ်ရမလဲ။ ဘယ်လို အားတင်းရမလဲ။ နားစရာ တစ်နေရာရလည်းအကောင်းသား။ ဒီကားထဲတင်ပဲ လမ်းဘေးမှာ တရေးတမောအိပ်လိုက်ရင်ရော။ နောက်ခန်းထိုင်ခုံပေါ်က အနွေးအင်္ကျီကိုယူလိုက်မယ်။ ဒီအနွေးအင်္ကျီကိုပဲ စောင်လုပ်ခြုံပြီး -
‘ဟယ်လို’
အဲဒီ အသံကို ကျွန်တော် ကြားလိုက်ရချိန်မှာ သူက ကားဆီကို လာနေပါပြီ။
‘ဟယ်လို’
ကားလက်ကိုင်ခွေပေါ်ကနေ ကျော်ပြီး သူ့ကိုလှမ်းမြင်နေရပြီ။ ကျွန်တော့်ဆီလာနေတာ။
‘ဟယ်လို’
ဒီ့ထက်ပိုနီးလာလို့ မဖြစ်တော့ဘူး။ ကျွန်တော် ကားကို တအားမောင်းချ လာခဲ့ပါတယ်။ သူ့ရဲ့လှမ်းအော်သံကို ကျွန်တော်ကြားလိုက်ရပါသေးတယ်။
‘ဟယ်လို’
-------
အော် တကယ်တော့ သူ့ကို အဲဒီတုန်းကတည်းက စကားပြောကြည့်လိုက်ရမှာ။ ချစရာရှိလည်း အဲဒီတုန်းကတည်းကဘဲ သတ်လိုက် ချလိုက်ရမှာ။ ခုတော့ သူ့ဟာက နေရာတိုင်းမှာ သူက ရောက်နေတာကြီး။ ဆီဖြည့်လည်းပေါ်လာ၊ အအေးဝယ်လည်းပေါ်လာ၊ ကော်ဖီဝယ်လည်းပေါ်လာ၊ မုန့်ဆင်းဝယ်စားလည်းပေါ်လာနဲ့။ ညဘက် ကားကို အရှိန်နည်းနည်းလေး လျှော့လိုက်တာနဲ့ တွေ့တော့တာပဲ။ အမ်မရဲလို ရပ်နားစခန်းအပြင်မှာ မတ်တတ်ကြီး။ နယူးမက္ကဆီကို ပြည်နယ်အ၀င်နားလေးက ရပ်နားစခန်းရဲ့ ရေသောက်စင်ဘေးနားမှာ မတ်တတ်ကြီးပဲ။ နာဗာဟို စခန်း ရောက်တော့ ကားတာယာတွေကို ဆင်းစစ်ဆေးနေတုန်း သူ အပြင်မှာစောင့်နေတာ ကျွန်တော်တွေ့တယ်။ အယ်လ်ဘာကာကီးမှာ ဆီ ၁၀ ဂါလံဝယ်နေတုန်းကလည်း သူ့ကို တွေ့လိုက်တယ်။ ကျွန်တော်တော့ ကားကို မရပ်ရဲတော့ဘူး။ မြန်နိုင်သမျှမြန်မြန် မောင်းနေရတယ်။ ခုမောင်းနေရတဲ့ နေရာကလည်း လပေါ်မှာ မောင်းနေရသလိုပဲ။ ကြီးမား ကျယ်ပြန့်ပြီး ခြောက်သွေ့လွန်းတဲ့ နယူးမက္ကဆီကို ရဲ့ ကုန်းပြင်မြင့်ကြီးပေါ်မှာ။ လမျက်နှာပြင်ပေါ် အမှုမဲ့ အမှတ်မဲ့နဲ့တွားသွားနေတဲ့ ခြင်တစ်ကောင်လို ကျွန်တော်ကားက ပြေးနေတယ်။ အဲ အခုကျတော့ သူက ကျွန်တော့်ကား အရပ်ကိုတောင် စောင့်မနေတော့ဘူး။ ဒီဆုံးစမထင်တဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော် မဖြစ်မနေ တစ်နာရီ ၈၅ မိုင်နှုန်းလောက်နဲ့ မောင်းနေရတယ်။ အဲဒီလို မောင်းနေတုန်းကိုပဲ နှစ်မိုင်ကို တစ်ခါလောက် သူ့ကို ကျွန်တော် တွေ့နေရတယ်။ သူသဏ္ဍာန်က အရိပ်မဲ့နေတယ်။ ကျွန်တော့်ရှေ့မှာ ဖျတ်ကနဲ ပေါ်ပေါ်လာတယ်။ တိတ်ဆိတ်ပြီး အသက်မဲ့နေတဲ့ မြေပြင်ပေါ်မှာ သူ့အရင် အသွင်အပြင်အတိုင်းပဲ။ ခြောက်ခန်းနေတဲ့ မြစ်တွေထဲမှာ၊ ရှေးဟောင်းရေခဲမြစ်တွေရဲ့ ပျက်စီးတိုက်စားမှုတွေကြောင့် ဖြစ်ပေါ်လာခဲတဲ့ ကျောက်စောင်ကျောက်တုံးတွေရဲ့ အပေါ်မှာ၊ သန့်ရှင်းပြီး တိမ်ကင်းစင်တဲ့ လေအလျဉ်ထဲမှာ သူဟာ တဖျတ်ဖျတ် ပေါ်လာနေတယ်။
-------
အခု ဒီမနက် နယူးမက္ကဆီကို ဂါးလော့ပ်ရပ်ကို ရောက်လာချိန်မှာတော့ ကျွန်တော့်မှာ အဖော်မရှိ တစ်ယောက်တည်း။

ဒီမှာလည်း ယာဉ်ရပ်နားစခန်းလေး ရှိတယ်။ ဒီလ ဒီရာသီဆိုတော့လည်း အေးစက် တိတ်ဆိတ်ခြောက်ကပ်လို့ပေါ့။ စခန်းထဲက ၀င်သွားလိုက်ပြီး ဖုန်းဆက်လို့ ရမလား သွားမေးလိုက်တယ်။ ကျွန်တော် သိပ်ရင်းနှီးတဲ့ သူတစ်ယောက်နဲ့က စကားပြောမှ ဖြစ်တော့မှာမို့ပါ။ ကျွန်တော်ချစ်တဲ့ လူတစ်ယောက်ကို စကားပြောလိုက်မှပဲ ကျွန်တော် မာန်တင်းနိုင်လိမ့်မယ်။

ဒီလိုနဲ့ ကျွန်တော် အမေ့အိမ်ကို ဖုန်းခေါ်ဖို့ အတွက် စိတ်ကူးလိုက်ပါတယ်။

‘ခေါ်မယ့် နံပါတ်ကို ပြောပါရှင်’
အလိုအလျောက်ဖုန်းပြောအော်ပရေတာရဲ့ အသံကို ကြားလိုက်ရပါတယ်။
‘အဝေးကို ခေါ်မှာပါ’
‘ဟုတ်ကဲ့။ ရပါပြီ။ နံပါတ်ကို ပြောပါ။’
‘နယူးယော့ခ်ကိုပါ။ ကျွန်တော့်နာမည် ရော်နယ်လ် အဒမ် ပါ။ ဘရွတ်ကလင်မှာ ရှိတဲ့ ကျွန်တော့်အိမ်ကို ခေါ်ချင်လို့ပါ။  နံပါတ်က ဘိခ်ျဝုဒ် ၉၉၇၀’
‘ဟုတ်ပြီ။ လိုင်းနံပါတ်က’
‘၃၁၂’
‘အယ်လ်ဘာကာကီး ... နယူမက္ကဆီကို ဂါးလော့ပ် ကပါ။ နယူးယော့ခ်က ဘိခ်ျဝုဒ် ၉၉၇၀ ကိုခေါ်ချင်လို့တဲ့’

ကျွန်တော် ဖတ်ဖူးတာတော့ ချစ်ခြင်းမေတ္တာတရားဟာ မကောင်းဆိုးဝါးတွေကို ဖျောက်ဖျက်ပစ်နိုင်သတဲ့။ ဒီလို မနက်အစောကြီးကတော့ အမေ အိမ်မှာ ကျိန်းသေ ရှိမှာပဲ။ အရပ်မြင့်မြင့် ဆံပင်ဖြူဖွေးဖွေး အိမ်နေရင်း အ၀တ်အစားနဲ့ အမေ တတောက်တောက် အိမ်အလုပ်တွေ လိုက်လုပ်နေမှာကို ကျွန်တော်မြင်ယောင် ကြည့်မိပါတယ်။ ကျွန်တော်ထင်ပါတယ်။ အမေ့ရဲ့ တည်ငြိမ်အေးချမ်းတဲ့ အသံကို ကြားလိုက်ရုံနဲ့တင် ရပါပြီ။

‘ပထမ ၃ မိနစ်စာအတွက် ၃ ဒေါ်လာနဲ့ ၈၅ ပြား ကျမှာကို သင် ပေးရပါမယ်။ အခု တစ်ဒေါ်လာ နဲ့ ဆင့် ၅၀ ထည့်ပါ။ ပြီးရင် ကျန်တဲ့ ပိုက်ဆံကို ဆက်ထည့်ဖို့ ခဏစောင့်ပါ။’

ကျွန်တော်ပိုက်ဆံကို ထည့်လိုက်တယ်။

‘တစ်ဒေါ်လာ နဲ့ ဆင့် ၅၀ ရပါတယ်။ နောက် တစ်ဒေါ်လာ နဲ့ ဆင့် ၅၀ ထည့်ပါ။’

ကျွန်တော်ပိုက်ဆံကို ထပ်ထည့်လိုက်တယ်။

‘နောက်ဆုံး ၈၅ ဆင့် ကိုထည့်ပေးပါ။’

ကျွန်တော်ပိုက်ဆံ ၈၅ ဆင့် ကို ထပ်ထည့်လိုက်တယ်။

‘ဘရွတ်ကလင်နဲ့ ပြောလို့ ရပါပြီ။’
‘ဟဲလို’
‘ဟဲလို ... မစ္စက် အဒမ်ရဲ့ အိမ်ကပါ’
‘ဟဲလို ... အမေလား’
‘ဒါ မစ္စက် အဒမ်ရဲ့ အိမ်ကပါ။ ဘယ်သူနဲ့ စကားပြောချင်ပါသလဲ’
‘အခုစကားပြောနေတာ ဘယ်သူလဲဗျ’
‘ကျွန်မ မစ္စက် ၀ှစ်တ်နေပါ’
‘ဟင် ... ဘယ်လိုဖြစ်တာလဲ ... အဲဒီအိမ်မှာ ဘာ မစ္စက် ၀ှစ်တ်နေ မှာ မရှိပါဘူး ... ဘိခ်ျဝုဒ် ၉၉၇၀ မဟုတ်လား’
‘ဟုတ်ပါတယ် ... မောင်ရင်’
‘ကျွန်တော့် အမေ ဘယ်မှာလဲ။ မစ္စက် အဒမ်လေ’
‘သူမရှိပါဘူး ... ဆေးရုံမှာပါ ... အခုဆက်တာ ဘယ်သူပါလဲ’
‘ဆေးရုံမှာ ... ဟုတ်လား’
‘ဟုတ်ပါတယ် ... ဆေးရုံမှာပါ ... အခုဆက်တာ ဘယ်သူပါလဲ ... မိသားစုဝင် တယောက်ယောက်များပါလား’
‘သူက ဘာလို့ ဆေးရုံတင်လိုက်ရတာလဲ’
‘စိတ် အထိခိုက်လွန်ပြီး ဗုန်းဗုန်းလဲသွားလို့ ဆေးရုံတင်ထားရတာ ၅ ရက်ရှိသွားပြီ မောင်ရင်။ မောင်ရင်က ဘယ်သူလဲ’
‘စိတ်အထိခိုက် လွန်ပြီးတော့ ... ဟုတ်လား ... နေပါဦး ... ကျွန်တော့်အမေက ... ဘယ်ကဘယ်လို ...’
‘အေးကွယ် ... သူ့ရဲ့ သားကြီး ရော်နယ်လ် ဆုံးကတည်းက ဖြစ်သွားတာပဲ’
‘သူ့သားကြီး ရော်နယ်လ် ဆုံးကတည်းက ... ဟုတ်လား ... အာ ... မဟုတ်သေးပါဘူး ... ဒါ နံပါတ်ဘယ်လောက်လဲ’
‘ဒါက ဘိခ်ျဝုဒ် ၉၉၇၀ ပါ။ ဟုတ်ပါတယ်။ ရုတ်တရက် ဖြစ်သွားတာလေ။ လွန်ခဲ့တဲ့ ၆ ရက်က သူ့သား ရော်နယ်လ် အဒမ် ခမျာ ဘရွတ်ကလင် တံတားပေါ်မှာ ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတာလေ’
‘လူကြီးမင်းရဲ့ ၃ မိနစ်က ပြည့်သွားပြီ ဖြစ်ပါတယ်ရှင်။ လူကြီးမင်းရဲ့ ၃ မိနစ်က ပြည့်သွားပြီ ဖြစ်ပါတယ်ရှင်။ လူကြီးမင်းရဲ့ ၃ မိနစ်က ပြည့်သွားပြီ ဖြစ်ပါတယ်ရှင်။ လူကြီးမင်းရဲ့ ၃ မိနစ်က ပြည့်သွားပြီ ဖြစ်ပါတယ်ရှင်။ လူကြီးမင်းရဲ့ ၃ မိနစ်က ပြည့်သွားပြီ ဖြစ်ပါတယ်ရှင်။’

ကဲ အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ နယူမက္ကဆီကို ဂါးလော့ပ်ရပ်က ကားရပ်နားစခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော် သေသေချာချာ ပြန်စဉ်းစားနေတာ။ ပြီးတော့ ကျွန်တော် မနည်း အားတင်းထားရတာပါ။ ဒီလိုမှ မဟုတ်ရင် ... အဲဒီလိုမှ မဟုတ်ရင် ကျွန်တော် ... ကျွန်တော် ရူးသွားတော့မှာ။ အပြင်မှာ မှောင်လာပြီ၊ ညရောက်လာပြီ။ ကျယ်လွင့်ပြီး အသက်ဝိညာဉ်ကင်းမဲ့တဲ့ နယူးမက္ကဆီကိုရဲ့ ညပေါ့။ ကောင်းကင်ပေါ်မှာတော့ ကြယ်တွေ သိန်းသန်းချီလို့။ ကျွန်တော့်ရှေ့မှာတော့ မိုင်ထောင်ချီတဲ့ လမ်းမကြီး ရှိနေတယ်။ ကုန်းမြင့်တွေ တောင်စဉ်တွေ မြက်ခင်းတွေ ကန္တာရတွေကို ဖြတ်လို့ပေါ့။ အဲဒီ ကုန်းမြင့်၊ တောင်တန်း၊ မြက်ခင်း၊ လွင်ပြင်တွေရဲ့ တနေရာရာမှာ ကားကြုံလိုက်ဖို့ တချိန်လုံး လိုက်နေခဲ့တဲ့ သူရှိနေပါလိမ့်မယ်။ သူစောင့်နေမှာပါ။ တနေရာမှာ ပေါ့။ ကျွန်တော်သိခွင့်ရလာမယ့် တစ်နေရာရာပေါ့။ ကျွန်တော်သိခွင့်ရလာမယ့် တစ်နေရာရာ။ သူဘယ်သူလဲ ဆိုတာ။ ပြီးတော့ ကျွန်တော်ဘယ်သူလဲ ဆိုတာ။

မှတ်ချက်။ ။ဘာသာပြန်ချက်များ မတိကျပါ။ အမှားများအား သည်းခံပါရန် မေတ္တာရပ်ခံပါသည်။
မူရင်း အသံလွှင့်ချက်(၁၉၄၆) နှင့် စာသားများကို အောက်ပါလိပ်စာတွင် ရရှိနိုင်ပါသည်။
http://www.escape-suspense.com/2007/03/suspense_the_hi.html
http://www.genericradio.com/show.php?id=6845efa745272e3b

Saturday, April 20, 2013

ကမ္ပည်း မှတ်တမ်း နဲ့ လူတစ်ယောက်ရဲ့ လမ်းမ


ကမ္ပည်း မှတ်တမ်း နဲ့ လူတစ်ယောက်ရဲ့ လမ်းမ

ခံဝန်ချက် ။ ။
ဒီ ၀တ္ထုတိုကို ကျွန်တော် မန္တလေးမှာ တက္ကသိုလ်တက်နေတဲ့ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်က ဖတ်ခဲ့ဖူးတာပါ။ ဒါပေမယ့် ကျောရိုးပဲ မှတ်မိပြီး ၀တ္ထုတိုရဲ့ နာမည်၊ စာရေးသူရဲ့ နာမည်တွေကို မမှတ်မိတော့ပါဘူး။ ဒီဝတ္ထုက ပေးတဲ့ ရသနဲ့ သင်ခန်းစာကို ကြိုက်လွန်းလို့ ကျွန်တော် ရေးတတ်သလို ပြန်ရေးလိုက်တာပါ။ မူရင်းကို ရှာတွေ့ခဲ့ရင်တော့ အဲဒါကို ဖတ်စေချင်တာပါ။ ခုတော့ အဲဒီ မူရင်းက ရှာမတွေ့သေးတော့ ကျွန်တော်မှတ်မိတဲ့ ကျောရိုးကိုပဲ တတ်နိုင်သမျှ အဆင်ပြေအောင် ပြန်ရေးပြီး တင်လိုက်တာပါ။ ဒီတော့ ဒီဝတ္ထုကို ဖတ်ပြီး ဒီဇာတ်လမ်းမျိုး ဖတ်ဖူးသလိုပဲလို့ ထင်ခဲ့ရင် ‘ဟုတ်ပါတယ်။ ကျွန်တော်ကူးချထားတာပါ’ လို့ အရင် ၀န်ခံလိုက်ပါရစေ။

(က) ဧရာဝတီမြစ်ကို ဖြတ်လျက် မန္တလေးဘက်ကမ်းကို ငေးရင်း ကားပေါ်မှာ အားလုံး ငြိမ်ငြိမ်သက်သက် လိုက်ပါလာကြသည်။ သူတို့အားလုံးက မန္တလေးတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။ တချက်တချက် သူတို့ချင်း စကားပြောသံတိုးတိုးကို ကြားရသည်။ မိန်းကလေးနှစ်ယောက် နဲ့ ယောက်ျားလေး တစ်ယောက်က နောက်ခုံတန်းမှာ ထိုင်ပြီး ရှေ့မှာ ယောက်ျားလေးသုံးယောက် အားလုံးခြောက်ယောက်ဖြစ်သည်။ မောင်းသူ ကျွန်တော့်ဘေးခုံပေါ်မှာတော့ သူတို့ရဲ့ စာအုပ်တစ်ချို့ နှင့် တိုလီမိုလီတွေပါသော စက္ကူသေတ္တာ ခပ်ရွယ်ရွယ်တစ်လုံး။ ထင်ထားခဲ့တာက လူငယ်တစ်သိုက်ဆိုတော့ နည်းနည်းနားညည်းမည်လို့။ သို့သော် ခုတော့ သူတို့က လူငယ်များဖြစ်ကြသော်လည်း တည်တည်ငြိမ်ငြိမ်ရှိလွန်းကြသည်။ စာတမ်းပြုစုဖို့အတွက် မင်းကွန်းကို သွားလေ့လာကြမည်ဆိုသည်။ တစ်ယောက်က ပန်းချီဆရာထင်သည်။ သူ့မှာ ပန်းချီဆွဲပစ္စည်းတွေလည်း ကားနောက်ခန်းထဲမှာ ပါသည်။ တစ်ယောက်ကတော့ ကင်မရာကို လွယ်လျက်သား။ ဒါပေမယ့် အားလုံးက စကားနည်းကြသည်။ ပြောတာတွေကျတော့လည်း ကျွန်တော်သိပ်နားမလည်သော ပညာရပ်ဆိုင်ရာတွေ။
မနက်ခင်းပေမယ့် နေကတော့ အပူရှိန်ခပ်ပြင်းပြင်းပင်။ စစ်ကိုင်းဘက်ကနေ မင်းကွန်းဆီလာသော မြစ်ဘေးလမ်းသည် သိပ်ကောင်းလှသည်တော့ မဟုတ်ပေ။ ဒီတော့ လမ်းက လူသွားလူလာ ရှင်းလှသည်။ သုံးထပ်ကန်ကို ရောက်တော့ ကားကို ရပ်ခိုင်းပြီး အားလုံးဆင်းကြသည်။ ကန်ကို ဓါတ်ပုံရိုက်သူက ရိုက်သည်။ ပတ်ကြည့်သူက ပတ်ကြည့်သည်။ ကျွန်တော်ကတော့ ကားနဲ့ ခပ်လှမ်းလှမ်းမှာ ဆေးလိပ်သွားသောက်နေလိုက်၏။ သူတို့က ကျွန်တော့်ကားကို စငှားကတည်းက 'ဦးလေး၊။ ဆေးလိပ်သောက်တတ်ရင်တော့ ကားနားတုန်း ခပ်လှမ်းလှမ်းမှာ သွား သွား သောက်ပေးပါဗျာ' လို့ ကြိုပြောပြီးသား။ တော်တော်ကြာတော့ အားလုံး ကားဆီ ပြန်လာကြသည်။
'ဦးလေးရေ ... ဆက်သွားကြစို့ဗျာ'
ကျွန်တော်က ဆေးလိပ်ကို လက်စသတ်လိုက်ရင်း ကားဆီ သွက်သွက် ပြန်လျှောက်လာလိုက်သည်။
ပန်းချီဆရာလိုလို လူငယ်က
'ရှေ့ နားကျရင် ပန်းချီ ပြခန်းတစ်ခု ရှိတယ် ဦးလေး၊ အဲဒီမှာ ကျွန်တော်တို့ ခဏဆင်းမယ်။'
ကျွန်တော်က ကားအငှားလိုက်တာ ကြာပြီဆိုပေမယ့် မင်းကွန်းဘက်ကိုတော့ ဒီကားလမ်းက မလာဘူးပါ။ ကိုယ်ကိုယ်တိုင် လာစရာရှိရင်လည်း စက်လှေနဲ့ပဲ လာလိုက်တာများသည်။ သို့သော်လည်း သူတို့ပြောတဲ့ ပြခန်းကတော့ လွဲစရာမရှိ။ မြင်လိုက်တာနဲ့ သိသာသည်။ ပြခန်းထဲမှာလည်း ပန်းချီကားတွေ ရှိသလို အပြင်မှာလည်း တစ်ချို့ ထောင်လျက်။ တစ်ချို့ဆွဲလက်စ။ ကားရပ်ပြီး သူတို့ ထွက်သွားကြချိန်မှာ ကျွန်တော်လည်း ငေါင်တောင်တောင် ကျန်ရစ်ခဲ့သည်။ ယူလာသော ပန်းချီပစ္စည်းတွေလည်း သယ်သွားကြသည်ဆိုတော့ ပေးမှာလား ကိုယ်တိုင်ထိုင်ဆွဲမှာလား မပြောတတ်ချေ။ တအောင့်ပဲလို့ ကျွန်တော်ထင်ထားခဲ့ပေမယ့် တော်တော်ကြာတဲ့ အထိ ပေါ်မလာတော့ ကျွန်တော်ပိုပျင်းလာခဲ့သည်။ အမှတ်မဲ့စွာပဲ ကျွန်တော်ခြေထောက်တွေက ကားအပြင် အဲဒီကမှတဆင့် မလှမ်းမကမ်းက ဘုန်းကြီးကျောင်းဘက်ဆီ။ သူတို့ထွက်လာရင်လည်း အရှင်းကြီးလှမ်းမြင်ရနိုင်သည်ပဲ။ ဘုန်းကြီးကျောင်းတံတိုင်းက အလှူရှင်နာမည်များ။ အမှုမဲ့ အမှတ်မဲ့ ဖတ်ကြည့်နေစဉ်မှာပဲ တွေ့လိုက်တာက
အဘိုး ဦးလှဘော် + အဘွား ဒေါ်သစ်၊ အဘိုး ဦးစံ + အဘွား ဒေါ်ခင်ထား တို့အားအမှူးထား၍
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး ကောင်းမှုအလှူ
၁၃၂၂ ခု တန်ဆောင်မုန်းလပြည့်
ကိုယ်နဲ့ နာမည်တူတစ်ယောက်ကို တွေ့တော့ ပျင်းပျင်းရိရိ ရှိနေချိန်မို့ထင်သည်။ ဘာရယ်မဟုတ်စိတ်ဝင်စားမိသည်။ အောင်မျိုးဆိုသောနာမည်က ကိုယ်ကျောင်းနေခဲ့စဉ်ကလည်း ခပ်များများပင်။ နှစ်တိုင်း အောင်မျိုးတစ်၊ အောင်မျိုးနှစ် စသည်ဖြင့် နာမည်အပြောင်းခံရသည်။ အများသောအားဖြင့်က နံပါတ်နှစ်ချည်းပဲ ဖြစ်ရတတ်သမို့ သူငယ်ချင်းတစ်ချို့ပင် ကျွန်တော့်နာမည်ကို အောင်မျိုးနှစ်လို့ ထင်နေကြသေးသည်။ ရေးထိုးထားသော ခုနှစ်သက္ကရာဇ်အရတော်တော်ကြာပြီဆိုပေမယ့် အုတ်တံတိုင်းတွေက ထူသည်မို့ ခိုင်ခိုင်မာမာပင်။ အုတ်တံတိုင်းရဲ့ တစ်နေရာမှာလည်း ကျကျနန အုတ်ခံရေအိုးစင်တစ်ခု။ ရေအိုးစင်က အုတ်တံတိုင်းနဲ့ စာလျှင် နည်းနည်းပိုသစ်သလိုရှိပြီး အင်္ဂတေကိုင်ထားလိုက်တာ ပြောင်လက်လို့နေသည်။ ရေအိုးစင်က အုတ်ခုံကို အပိတ် ထူထူမြင့်မြင့်မို့ ပိုလည်းတင့်တင့်တယ်တယ်ရှိသည်။ အပေါ်မျက်နှာပြင်မှာ နည်းနည်းချိုင့်ကာ သဲခင်းထားပြီး အိုးနှစ်လုံးကို သပ်သပ်ရပ်ရပ်တင်ထားသည်။ ရေလဲထားတာလည်း မကြာသေးဘူးထင်သည်။ အိုးတွေမှာ ရေစက်တွေ စွတ်စိုဆဲ။ ရေခွက်တွေက ကြွေရည်သုတ်ခွက်တွေ။ သန့်သန့်ပြန့်ပြန့်ပင်။ ရေတစ်ခွက်ခပ်သောက်လိုက်ရင်း သာဓုခေါ်လိုက်မိသည်။ ပြီးမှ ဘာရယ်မဟုတ် အုတ်ခုံရဲ့ ဒူးတစ်တိုက်နေရာလောက်မှာ မြှပ်ထားသော စကျင်ပြား ၀ါကျင့်ကျင့်ပေါ်က မှိန်ဖျော့သော အလှူရှင်နာမည်တွေဖတ်ကြည့်လိုက်တော့
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး
သားလေး သုံးနှစ်ပြည့် မွေးနေ့ကုသိုလ် အလှူ
၁၃၂၅ ခု သီတင်းကျွတ်လပြည့်
'သြော် ဒါဆို သူက ၁၃၂၂ မှာပဲ မွေးတာပေါ့။ ဟိုတံတိုင်းကို လှူတုန်းက သူက လသားလေးရှိသေးတာပေါ့'
ဘာရယ်မဟုတ် ဆက်စပ်လျှောက်တွေးနေမိရင်း ကိုယ်နဲ့ အသက်ပါတူနေတာကို အံ့သြနေမိသည်။ သီတင်းကျွတ်လပြည့်မွေးတယ်ဆိုရင်တော့ မွေးနေ့ပါတူလိုက်သေးသည်။ တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်မိဘတွေကတော့ ဘုတ်မင်းကန်ရွာက။ အိမ်တော့မရောက်ဖြစ်တာ ကြာခဲ့ပြီ။ ဒီတစ်ခါပြန် အလည် ရောက်ဖြစ်ရင်တော့ အမေ့ကို မေးကြည့်လိုက်ဦးမည်။ ကျွန်တော်ငယ်ငယ်တုန်းက ဘာတွေလှူပေးခဲ့ဖူးသလဲလို့။ အမေ့ကတော့ လူကြုံရှိတိုင်း သူ့မြေးတွေကိုရော ချွေးမကိုရော ကျွန်တော့်ကိုရော လာလည်ဖို့ မပြတ်မှာနေကျ။ ကျွန်တော်တို့ကတော့ တစ်နှစ်တစ်ခါလောက် လည်နိုင်ဖို့တောင် တော်တော်အားထုတ်နေရသည်။ ဒါတောင် မန္တလေးနဲ့ ဘုတ်မင်းကန်ဆိုတာ ဘာမှ ဝေးတာမဟုတ်။ အမေကလည်း မန္တလေးတော့ သူ့သမီးတွေလိုက်ပို့မှပဲ လာတတ်သည်။ သူဘာသာသူဆို မလာရဲ။ ကားရှုပ်သည်၊ ဆိုင်ကယ်ရှုပ်သည်ဆိုသည်။ အဖေက လာရဲသော်လည်း သူ့တို့အဖေကို သည်းသော သမီးတွေက တစ်ယောက်တည်း ဘယ်တော့မှ မလွှတ်ချေ။ မောင်အငယ်ဆုံးမို့ သူတို့က ကျွန်တော့်ကိုတော့ သံယောဇဉ်ကြီးကာ မကြာမကြာရောက်လာတတ်ကြသော်လည်း အဖေတို့ အမေတို့ လွှတ်ပါဦး ဆိုရင်တော့
‘ဟယ် ... ဖိုးအောင်ရယ်။ နင့်အိမ်က ကျဉ်းကျဉ်း။ အရပ်က လူရှုပ်ရှုပ်နဲ့။ အဖေတို့ နေရခက်ပါတယ်’
ဆိုသော ဆင်ခြေ တွင်တွင်ပေးကာ လွှတ်ခဲလှသည်။ တစ်ခါတစ်ခါ လွှတ်လည်း လေးငါးရက်ထက်မပို လာပြန်ခေါ်တော့သည်။ အဖေရောက်နေပြီဆိုရင်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ နားညည်းအောင် ကြားရတတ်သည်။ အဖေက အမှတ်သညာကောင်းသူမို့ ဘာတွေလှူဘူးတယ်ဆိုတာ ပိုကောင်းကောင်းမှတ်မိနိုင်သည်။ ဒါပေမယ့် မင်းကိုမွေးတော့ ဘာလှူတာ ဘာညာ တစ်ခါမှ ပြောသံတော့ မကြားဖူး။ ရယ်တော့ ရယ်စရာပင်။ ဒီအရွယ်ကြီးရောက်မှ ဘာလို့ သိချင်တာလဲလို့ အဖေ ဘုတောရင်တော့ ဘာပြန်ဖြေမလဲ ကြိုစဉ်းစားထားမှ။
(ခ) မောင်ကျောင်းသားများအုပ်စု ပြန်ထွက်လာတာ တွေ့လိုက်တော့ အတွေးစကို ဖြတ်ရင်း ကားဆီလျှောက်သွားလိုက်သည်။ ပန်းချီပစ္စည်းတွေက ပေးခဲ့ ဒါမှမဟုတ် ထားခဲ့ကြပြီထင်သည်။ ပြန်ပါမလာတော့။ ပန်းချီဆရာလိုလိုကောင်လေးအပြင် ကျန်တဲ့သူတွေကလည်း ပန်းချီကို တော်တော်စိတ်ဝင်စားကြပုံရသည်။ စကားလက်စ မပြတ်နိုင်သေးဘဲ ဝေဖန်ဆွေးနွေးကြဆဲ။ ကားပေါ်အားလုံးရောက်တော့ ကားစက်နှိုးရင်း အပြင်မှာထောင်ထားတဲ့ ပန်းချီကားတွေကို လှမ်းကြည့်လိုက်တော့ နားလည်ရခက်လွန်းသည်ထင်မိပြန်သည်။ သူ့ခေတ်နဲ့ သူအခါပေပဲလား၊ ကိုယ်နားမလည်တဲ့ ပညာရပ်ပေမို့လားမသိ။
‘ရှေ့မှာ လက်ဖက်ရည်ဆိုင်ပါလား ဦးလေး။ နည်းနည်းတောင်ဆာသလိုပဲ။ ခဏရပ်ပြီး တခုခု ဆင်း စားကြရအောင်ဗျာ။ ဦးလေးရော မနက်စာ စားခဲ့လား။’
‘ဦးက နေမထွက်ခင်ကို မနက်စား အများကြီးစားနေကျကွ။ ဒီမလာခင်ကတည်းက ထမင်းကြော် အ၀စားလာခဲ့တာ။’
‘လက်ဖက်ရည်လောက်တော့ ဆင်းသောက်ပါဦး။ ကျွန်တော်တို့ တိုက်ပါ့မယ်။’
ကောင်လေးတွေက ဖော်ဖော်ရွေရွေတော့ တော်တော်ရှိကြသည်။ ယဉ်ယဉ်ကျေးကျေးတွေပင်။
‘ဦးက မန္တလေးသားလား’
ကားရပ်လုရပ်ခင်မှာပင် ကျောင်းသူတစ်ယောက်က လှမ်းမေးသည်။ ကျွန်တော်အဖြေချင်ဆုံး မေးခွန်းကို အမေးခံရတော့လည်း ခလုတ်တိုက်မတတ်ဖြေလိုက်မိသည်။
‘ကျုပ်က ဘုတ်မင်းကန်သားဗျ’
‘သြော် ... နာမည်ကျော်ရွာသားကိုးဗျ’
ဒီလူငယ်တွေလောက်ဆို ဟိုးတချိန်က ဘုတ်မင်းကန်ရွာသူအလှဘွဲ့ ‘မင်းဂံဘုတ် ရွာသူများ အသားတော် ၀င်းလို့ ၀ါဝါညီရွှေ’ ဆိုတာကို မသိလောက်ထင်ခဲ့တာ။ သူတို့က သိကြသည်ပဲ။ ဒီဘက်ခေတ်အဆိုတော်တွေလည်း ပြန်ဆိုကြသည် ထင်ပါရဲ့။ အသက်ရလာတော့လည်း သီချင်းတွေနားမထောင်ဖြစ်တာတောင် ကြာခဲ့ပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ ထီသည်တွေ ဖွင့်တာလောက်ပဲ နားထောင်ဖြစ်တော့သည်။ ဟိုး ငယ်ငယ်တုန်းကတော့ သီချင်းတွေထက်ပိုခုံမင်တာ မရှိနိုင်တော့လို့တောင် ထင်ခဲ့ဖူးသည်။ အရွယ်ရလာတော့လည်း ဘယ်လိုက ဘယ်လို ဒါတွေနဲ့ အဆက်ပြတ်သွားမှန်းပင် သတိမထားမိလိုက်။ သူတို့က သူတို့နဲ့ ထိုင်ဖို့ ခေါ်ပေမယ့် ကားသမားထုံးစံ ကိုယ့်ဘာသာကိုယ်ပဲ သက်သက်တစ်ခုံမှာ သွားထိုင်နေလိုက်သည်။
တိုက်ဆိုင်မှုတွေများလွန်းသည်ထင်သည်။ လက်ဖက်ရည်ဆိုင်နဲ့ လမ်းတစ်ဖက်က စေတီငယ်တစ်ခု ဖြစ်သည်။ စေတီငယ်ရဲ့ အ၀င်မုခ်ဦးအမိုးခုံးသည် အင်္ဂတေ ပန်းတမော့လက်ရာတို့ဖြင့် လှပ တင့်တယ်လွန်းလှသည်။ မုခ်ဦးအမိုး ကွေးကွေးဝိုက်ဝိုက်တစ်လျှောက် အလှူရှင်အမည်ကို လှလှပပ ရေးထိုးထားသည်။ ကြည့်ရတာ ကြေးသတ္ထုကဲ့သို့သော သတ္ထုတစ်မျိုးကို မြှပ်၍ စာလုံးဖော်ထားသည်ထင်သည်။ လမ်းတစ်ဖက် ခပ်လှမ်းလှမ်းကပင် ရှင်လင်းတောက်ပစွာ မြင်ရသော လက်ရာပင်။
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး ကောင်းမှု
၁၃၃၂ ခု သီတင်းကျွတ်လပြည့်ကျော် ၃ ရက်
ဒါကို လှူတော့ ဒီလူ့အသက်က ၁၀ နှစ်သားရှိပြီ။ ကျွန်တော် လေးတန်းကျလို့ အဖေက မန္တလေးက သူ့အကို ၀မ်းကွဲဆီပို့ပြီး ကျောင်းတက်ခိုင်းခဲ့တဲ့ နှစ်ပေါ့။ အဲဒီ ဦလေးကို ကျွန်တော် တော်တော်ကြောက်ရတာဖြစ်သည်။ ဒီလူက ဆယ်နှစ်သား အရွယ်ရောက်တာတောင် နောက်မှာ နောက်ထပ် ညီ ညီမ ရှိပုံ မရချေ။ အကို အမလည်း မရှိဘူး ထင်သည်။ မိဘတွေ ဒီလူ့ကို ဘယ်လောက် ချစ်ကြပါလိမ့်။ အားနေတော့လည်း လူက တွေးချင်သည်။ ကုက္ကိုတန်းဆိုတာ ဘယ်နားကပါလိမ့်။ မန္တလေးအနီးတစ်ဝိုက်ကတော့ မဟုတ်ဘူးထင်သည်။ ကျွန်တော့်တစ်သက် အနှစ် ၅၀ နီးနီး မန္တလေးနားပဲ နေလာတာ ရောက်ဖူး ကြားဖူးတဲ့ ရွာထဲမှာတော့ ဒီနာမည် မပါ။ ကျွန်တော်တို့ ဘုတ်မင်းကန်လို နာမည်ကြီး မဟုတ်တာ သေချာသည်။
ကျောင်းသားတစ်ယောက်က ကားတံခါးဖွင့်ပေးဖို့ လာပြောတော့ ကျွန်တော် ကားတံခါးလိုက်ဖွင့်ပေးရသည်။ သူက ကားရှေ့ခန်း စက္ကူသေတ္တာထဲက စာရွက်အလွတ်တွေ ဖောင်တိန်တွေနဲ့ စာအုပ်တစ်ချို့ကို နှိုက်ပြီး ‘ရပြီ ဦးလေး’ ဟုပြောသည်။ ကူသယ်ပေးမယ်ပြောတော့လည်း လက်မခံ။ ‘ရပါတယ် ခင်ဗျ’ ဟုသာပြောပြီး သူ့ဘာသာ သယ်သွားသည်။ အိမ်က သားတော်မောင်တွေရော ဘယ်လိုပါလိမ့်။ ဒီလို ယဉ်ယဉ်ကျေးကျေးတွေမှ ဟုတ်ရဲ့လား။ ကျွန်တော့်ထက် မအေကို ပို ကပ်ကြသော သားတော်မောင်တွေဆီ စိတ်က ရောက်သွားပြန်သည်။ ကျောင်းသားတစ်စုကတော့ လက်ဖက်ရည်စားပွဲပေါ်မှာ စာအုပ် စာရွက်ကိုယ်စီနှင့် အကျအနပင် ဘာတွေလဲတော့ မသိ အလုပ်ရှုပ်နေကြသည်။ ကြာကြဦးမည်ထင်ပါရဲ့။ ကားကတော့ ဆီထည့်ပေးပြီး  နေ့တွက်နဲ့ အပြတ်ငှားထားတာမို့ ဘာမှမထူး။ မမောင်းရ ပိုတောင်သက်သာသေးသည်။ ဒါပေမယ့် ကားသမား ကားမမောင်းဘဲ ငုတ်တုတ်ထိုင်နေရတော့ စိတ်တွေက တောင်ရောက်မြောက်ရောက်။ အခွင့်ရတုန်း ဆေးလိပ်တစ်ဖွာ နှစ်ဖွာ ဖွာဦးမှ။
(ဂ) ဆေးလိပ်မီးညှိရင်း မျက်လုံးတွေက မုခ်ဦး အ၀င်က အလှူရှင်နာမည် စာတန်းဆီ ပြန်ရောက်သွားပြန်သည်။ ‘ငါနဲ့ သက်တူ ရွယ်တူဆိုတော့ ဒီကောင် ဘယ်မှာ ကျောင်းတက်တာပါလိမ့်’။ ကျွန်တော်လိုပဲ ရွာသားပေမယ့် မန္တလေးမှာ ကျောင်းလာတက်ဖြစ်တယ်ဆိုတာလည်း ဖြစ်နိုင်သည်ပင်။ ကျွန်တော်က (၁၃) ကျောင်းထွက်။ ကျွန်တော်နဲ့ အတန်းတစ်ခုခုမှာ နာမည်တူခဲ့တဲ့ အောင်မျိုးတစ်ယောက်ယောက်ရော မဖြစ်နိုင်ဘူးလား။ စဉ်းစားမိသလောက်တော့ သိဖူး ခင်ဖူးတဲ့ အောင်မျိုးတွေနဲ့ ကုက္ကိုတန်းဆိုတဲ့ ရွာက တွဲရက်ရှိမနေ။ ငယ်ငယ်တုန်းက အောင်မျိုးတွေကိုလည်း ကောင်းကောင်းမမှတ်မိ။ မှတ်မှတ်ရရ ကျွန်တော်ရဲ့ နောက်ဆုံး ကျောင်းသားဘ၀ ကိုးတန်းတက်တုန်းက အောင်မျိုးကတော့ ကျွန်တော်နဲ့ သိပ်တည့်တာမဟုတ်။ ဒီကောင်က ရွှေတချောင်းသား။ ပြီးတော့ ဒီကောင့်မှာ အကို တစ်ယောက်ရှိပြီး အဲဒီအကိုကလည်း ဆယ်တန်းကျ။ သူတို့ ညီအကိုနှစ်ယောက်လုံး လူဆိုးတွေအဖြစ်နာမည်ကြီးသည်။ သူများသာပြောတာ ကျွန်တော်ကလည်း ခဏခဏ လူကြီးမိဘခေါ်ဖို့ ဖြစ်ရသူဆိုတော့ ဆရာ ဆရာမတွေက အောင်မျိုးဆို ဘယ်အောင်မျိုးဖြစ်ဖြစ် ကြောက်လှသည်ဆိုသည်။
မောင်ကျောင်းသားတွေက ဘာတွေလုပ်ကြသည်မသိ။ မပြီးနိုင်ကြပေ။ ဆွေးနွေးကြဆဲ။ နေ့လည်နားကပ်လာပြီး ဗိုက်ကဆာလာသည်မို့ လက်ဖက်ထမင်းတစ်ပွဲ ကြက်ဥကြော်နဲ့ မှာစားလိုက်သည်။ အားလုံးထကာ ကားဆီလျှောက်သွားချိန်မှာတော့ မွန်းတည့်လုပြီ။ ပိုက်ဆံရှင်းဖို့ စားပွဲထိုးလေး ခေါ်လိုက်တာ ရှင်းပြီးပြီဆိုပဲ။
‘ငါ့တူတို့။ ဦးလေးစားတာ ဘယ်လောက်ကျသွားသလဲ။ ပြန်ယူပါကွ’
‘ဟာ။ ကျွန်တော်တို့ ကျွေးပါရစေ။’
‘မဟုတ်တာ။ ကားခထဲမှာ အဲဒါ အကုန်ပါပြီးသာပါကွ။ ငါ့ဘာသာ ၀ယ်စားရမှာ။’
‘အဲလိုလည်း မဟုတ်ပါဘူး။ ဦးလေးရယ်။ ထားလိုက်ပါ။ ကျွန်တော်တို့ နောက်ရက်တွေလည်း လာဖို့ ရှိဦးမှာ။ အဆင်ပြေရင် ဦးလေးနဲ့ပဲ  လာလိုက်မယ်လေ။ ကိုယ့်တူတွေလို သဘောထားပါဗျ။’
ကျွန်တော်တို့ ကားသမားတွေအတွက်တော့ ပြောရဆိုရ အဆင်ပြေတဲ့ ခရီးသည်ရတာ ကံကောင်းလွန်းသည်ပင်။ ဒီကလေးတွေနဲ့ လာရတာ မဆိုး။ ဈေးကိုလည်း နည်းနည်းမှပင် မစစ်ခဲ့ကြ။ ပိုက်ဆံတတ်နိုင်ကြသည် ထင်ပါရဲ့။ အိမ်က သားတော်မောင်တွေရော တက္ကသိုလ်တက်ကြတာ ဘာတွေများသုံးစရာတွေရှိပြီး ဘယ်လိုတွေ သုံးကြပါလိမ့်။ မှတ်မှတ်ရရ ခုထိ ပိုက်ဆံလုံးခနဲ ပေးရတာမျိုး ကြုံတော့ မကြုံဘူးလှပေ။ သူတို့အမေက ကျွန်တော်မသိအောင် ကြည့်ကျက်လုပ်ပေးနေလေသလားမသိ။ သမီးကတော့ ငယ်သေးလို့ထင်သည်။ တော်တော်လိမ္မာသည်။ မုန်းဖိုးပေးသမျှ စုထားသည်ချည်း။ မုန့်ဝယ်စားပါသမီးရဲ့ လို့ အတင်းပြောရသည်။ ဒါကြောင့်မို့ မိန်းမကရော သားတွေကပါ ကျွန်တော့်ကို သမီးမှ သမီး သည်းသည်းလှုပ်သည် ထင်ကြသည်။ ကျွန်တော်ကလည်း အမှန်လိုပဲမို့ အငြင်းခက်ပါသည်။ ဒါတောင်မှ သမီးနဲ့ မှတ်မှတ်ရရ ဘာမှ အတူမလှူဘူး။ စားဝတ်နေရေးကလည်း ရုန်းကန်နေရလို့ထင်ပါသည်။
လမ်းတစ်လျှောက် စက်ဘီးစီးသူရော လမ်းလျှောက်သူရော များလှသည်မို့ ကားကို ဖြေးဖြေးပဲ မောင်းရသည်။ သည်လိုနဲ့ပဲ နာမည်ကျော် မင်းကွန်းပုထိုးတော်ကြီး ရောက်လာခဲ့ကြသည်။ ဒီမှာတော့ ကျောင်းသားတွေ ကျိန်းသေ ကြာကြပေလိမ့်မည်။
‘ဦးလေးရေ။ သွားစရာရှိရင် အေးအေးဆေးဆေးသွားနေ။ နှစ်နာရီလောက် ကြာဖို့များတယ်။’
‘ရပါတယ်ကွ။ မင်းတို့ ကားထဲက ယူချင်တာရှိရင် ခက်နေပါ့မယ်။’
‘ရပါတယ်။ ဦးလေးလည်း ပျင်းမှာပေါ့။ ဟိုနားဒီနား လျှောက်သွားပါ။’
‘ကောင်းပါပြီကွာ။ ဒါဆိုလည်း ဦးလေး ဒီနားတစ်ဝိုက်မှာပဲ ရှိမယ်။ လူအိုရုံဘက် ဒါမှမဟုတ် ခြင်္သေ့ရုပ်တွေရှိတဲ့ မြစ်ကမ်းခြေဘက်မှာ ရှိမယ်လေ။’
(ဃ) မြစ်ကမ်းခြေမှာ ရှိတဲ့ ခြင်္သေ့ရုပ် အပြိုအပျက်တွေဘက် လျှောက်လာခဲ့ပြီး ဒီနေရာရောက်တိုင်း ဖြစ်နေကျထုံးစံ ဟိုးတစ်ခေတ်တစ်ချိန်က မြန်မာတွေရဲ့ အားထုတ်မှုကို အံ့သြစောကြောနေမိသည်။ နောက်ထပ်ထုံးစံ တစ်ခုကိုလည်း မပျက်မကွက်လုပ်ရသေးသည်။ ခပ်ရွယ်ရွယ် အုတ်ခဲကျိုးစကို ကိုင်ပြီး ခြင်္သေ့ရုပ်ပေါ်ကနေ ကျော်အောင်ပစ်ဖို့ ကြိုးစားတာ။ ငယ်ငယ်က ကျောင်းပြေးပြီး လှေတွေနဲ့ ဒီဘက်ကမ်းအထိ လာခဲ့တာ သတိရသည်။ အခုခေတ်ကလေးတွေကတော့ ဒီလို မရှိကြတော့ဘူးထင်ပါရဲ့။ တကယ်တမ်းတွေးကြည့်ရင် အန္တရာယ် များလွန်းလှသည်။ ငယ်ငယ်တုန်းဆိုတော့လည်း ကြောက်ရကောင်းမှန်းမသိခဲ့။ နန်းတော်ကျွန်းရွာက သူငယ်ချင်းတွေက လှေရှိသည်မို့ မင်းကွန်းကို ကျောင်ပြေးရတာ အဆင်ပြေသည်။ အိမ်တွေက မသိအောင် လျှောက်သွားရတာကိုက အရသာဖြစ်ခဲ့သည်။ ရေနစ်သေနိုင်သည့် အန္တရာယ်ထက် စာသင်ခန်းကို ပို ကြောက်တတ်ခဲ့သည် ဆိုရမည်။
တစ်နာရီ ကျော်ကျော်လောက် ကြာတော့ ကားဆီ ပြန်သွားပြီး အရိပ်အခြေ ကြည့်လိုက်သည်။ ဘယ်သူ့မှ မတွေ့။ ပုထိုးပေါ်တက်နေရင်ပဲဖြစ်ဖြစ် ပုထိုးဟိုဘက်ခြမ်းရောက်နေရင်ပဲဖြစ်ဖြစ် မြင်ရမှာမဟုတ်။ ခေါင်းလောင်းကြီးနဲ့ကလည်း ကပ်လျက်ဆိုတော့ သူတို့ဘာသာ သူတို့များ လမ်းလျှောက်သွားကုန်ကြလေသလား မသိ။ သူတို့က သဘောကောင်းကြသည်ဆိုတော့ တစ်ခုခုပြောမှာမျိုး စိတ်တော့ သိပ်မပူလှ။ သူတို့ နှစ်နာရီလောက်ကြာမယ်ဆိုတာ တကယ်ပဲထင်ပါရဲ့။ ဘာတွေကိုများ နှစ်နာရီ ကြာအောင် ကြည့်ကြမလို့ပါလိမ့်။
ဘိုးဘွားရိပ်သာဘက်လမ်းလျှောက်ရင်း ဆေးလိပ်သောက်ဖို့ ပြင်လိုက်သည်။ အနီးအနားက ဆိုင်တွေ လူတွေကိုလည်း ငေးရင်း ကြည့်ရင်း။ သမီးဖို့ ကစားစရာ တစ်ခုခု ၀ယ်သွားမလားလည်း စဉ်းစားမိသည်။ နည်းနည်းကြာပြီး ကားဆီပြန်လာတော့လည်း ကျောင်းသားအုပ်ကို မတွေ့ရသေး။ ပိုက်ဆံက ကြိုပေးထားတာဆိုတော့ ဒီကိစ္စတော့ ပူစရာမရှိ။ သူတို့တွေ ပုံစံကလည်း မိကောင်းဖခင်သားသမီးဆိုတာ ဒီပုံစံလို့ ပြောရမယ့် ရုပ်ကလေးတွေ။ ကားထဲကပဲ ထိုင်စောင့်တာ ကောင်းပါတယ် စဉ်းစားပြီး ကားထဲ ၀င်ထိုင်နေလိုက်သည်။ ဒီလိုနဲ့ တော်တော် ကြာသွားပြန်သည်။ ပေါ်မလာကြသေး။ ဘာလုပ်ရင်ကောင်းမလဲ။ စဉ်းစားရင်း စဉ်းစားရင်း ခေါင်းထဲ ဖျတ်ကနဲ အကြံတစ်ခု ရသွားသည်။ ဒီနားတစ်ဝိုက်မှာ ဟိုလူတွေမိသားစုက ခဏခဏ လှူတတ်ပုံရသည်ဆိုတော့ ဘိုးဘွားရိပ်သာမှာ ဒါမှမဟုတ် ဒီအနီးအနားမှာရော တစ်ခုခု လှူခဲ့ကြလေမလား။ အလုပ်မရှိ ကြောင်ရေချိုးဆိုတာ ဒါပဲ။
ဘာပဲဖြစ်ဖြစ် အချိန်ဖြုန်းစရာတစ်ခု ရလာတော့ ၀မ်းသားအားရ ဖြစ်သွားသည်။ ဘိုးဘွားရိပ်သာနှင့် အနားတစ်ဝိုက်က အုတ်တံတိုင်းတွေကို ဖတ်ရတာက စိတ်ဝင်စားစရာ ကောင်းလာသည်။ ဒါပေမယ့် ခေါင်းသာ တဖြည်းဖြည်းနောက်လာရော ဘာမှ မတွေ့။ စိတ်ထဲမှာ မဖြစ်နိုင်သလို ထင်မိပြန်သည်။ တဖက်ကလည်း ဒါ မထူးဆန်းဘူး ဖြစ်နိုင်တာပဲလို့ တွေးမိပြန်သည်။ ဒီလိုနဲ့ပဲ လမ်းလျှောက်ရင်း တောင်ဖတ်မြောက်ဖတ်နှင့် ကိုယ့်ကိုယ်ကို သတိထားမိချိန်မှာ ခေါင်းလောင်းကြီးထားတဲ့ အဆောက်အအုံနားရောက်နေခဲ့ပြီ။ ဒီအဆေက်အအုံမှာကတော့ သံပန်းကွက်တွေနဲ့ရော ဆေးရေးတွေနဲ့ပါ အလှူရှင်နာမည်တွေ တစ်ပုံတစ်ပင်။ ကိုယ့်တစ်သက် ဘာတစ်ခုမှ ကမ္ပည်းထိုးမလှူဖူးတာလည်း ခုမှ သတိထားမိသည်။ အလှူဆိုတာ မဖြစ်မနေ ကမ္ပည်းထိုးလှူမှ မဟုတ်ဘဲလို့ ဆင်ခြေလည်းကန်မိသည်။ ဒါပေမယ့်လည်း ခုလို ကမ္ပည်းတွေလိုက်ဖတ်နေမိမှ တစ်ခုခုကို အားကျသလို ခံစားရသည်။ ဖတ်လိုက်တဲ့ အလှူ့ရှင်တွေ တော်တော်များလာပေမယ့် ရှာနေတဲ့ နာမည်တစ်ခုကိုတော့ မတွေ့သေးပေ။ မန္တလေးမြို့နေ ဦးကြင်လှိုင်။ ကျော်ချ။ မတ္တရာမြို့နေ။ ကျော်ချ။ ပဲခူးမြို့ ဆံတော်တွင်းရပ်။ ကျော်လိုက်။ ခေါင်းတွေက နည်းနည်းတောင် နောက်လာပြန်ပြီ။ ခဏနားဦးမှ။
နောက်တစ်ခေါက် ပြန်စဖတ်တဲ့ အချိန်မှာတော့ ရှာဖွေတဲ့ အလုပ်ကို တော်တော် ကျွမ်းလာသည်လို့ထင်သည်။ မြန်မြန်ကျော်ချ တတ်လာပြီး မြန်မြန် ရှာတတ်လာသည်။ ဒါပေမယ့် မတွေ့သေး။ ‘နေပါဦး။ ဒါထက် ဒီလူ မြို့တွေ ဘာတွေ ပြောင်းသွားရင်ရော။ ဒါဆို ကုက္ကိုတန်းနဲ့ ဘယ်စတော့ မလဲ။ သေသေချာချာ ဖတ်မှပါ။’
စိတ်အေးလက်အေးနဲ့ ကျကျနန ပြန်ဖတ်လို့ ထင်သည်။ ကျွန်တော့်စိတ်အထင် သိပ်မကြာလိုက်ခင်မှာပဲ အမိုးမျက်နှာကြက်နားလောက်မှာ တွေ့လိုက်ရတဲ့ စာတန်းက
ကုက္ကိုတန်းရွာနေ ခမည်းတော် ဦးမျိုးဝေ + မယ်တော် ဒေါ်ခင်လေး အမှုးထား၍ အရှင်ဇာဏေယျ  ကောင်းမှု
၁၃၄၁ ခု သီတင်းကျွတ်လပြည့်ကျော် ၂ ရက်
‘သြော် ဒီလူ ဦးဇင်း ၀တ်နဲ့ လှူထားတာထင်ပါရဲ့’ လို့ တွေးမိရင်း ကိုယ့်ရဲ့ ရှာဖွေတွေ့ရှိမှုအတွက် ကျေနပ်သွားသည်။ ဘုန်းကြီးဆိုတော့ ဘွဲ့တော်ကို နေနံသင့် ပေးထာသည်။ အင်္ဂါသား ဆိုတော့ စ၊ ဆ၊ ဇ၊ ဈ၊ ည။ ကျွန်တော်လည်း သူ့လို့ ပဲ အင်္ဂါနေ့ မွေးပေမယ့် အဖေအမေက ဘာကြောင့်လဲမသိ အောင်မျိုးလို့ နာမည်ပေးခဲ့သည်။ အကြောင်းတစ်ခုခုတော့ ရှိမည်ထင်ပါသည်။ ကျန်းမာရေး ဒါမှမဟုတ် ဘ၀မှာ တိုးတက်ကြီးပွားအောင် စသည်ဖြင့် မြန်မာ့ နာမည်ပေးက ဥပဒေသ စုံလှသည်။ ဒီလူက အလှူကို သူ့မွေးနေ့နဲ့ အကိုက် လုပ်တာ ထင်သည်။ ကမ္ပည်းတွေက သီတင်းကျွတ်လပြည့်နားချည်းပင်။ ရက်နည်းနည်း အတိုးအဆုတ်ဖြစ်ကာ လွဲသွားသည် ထင်သည်။ ရှာနေတာကို တွေ့သွားပြီမို့ ဆော့ကစားလို့ ပြီးသွားတဲ့ ကလေးတစ်ယောက်လို ကျေကျေနပ်နပ် ဖြစ်သွားပြီး ဟိုဒီ ဆက်ကြည့်နေမိသည်။ ဒီလူက အပြီးအပိုင်များ သာသနာ့ဘောင် ၀င်သွားလေသလား။ မိဘတွေက သားတစ်ယောက်တည်းဆိုတော့ ပေးဝင်ပါ့မလား။ တီဗွီဇာတ်လမ်းတွဲ တစ်ခုလိုပင် စိတ်ဝင်စားစရာ ဖြစ်လာသည်။
အဲဒီ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းလောင်းကြီးထားတဲ့ အဆောက်အအုံနဲ့ မလှမ်းမကမ်းက အင်္ဂတေ ခုံတန်းလျားတစ်ခုရဲ့ ကမ္ပည်းမှာတော့
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၄၂ ခု သီတင်းကျွတ်လပြည့်နေ့
‘သြော်၊ ဒီလူ သာသနာ့ဘောင် အပြီးဝင်တာ မဟုတ်ဘူးပဲ။ တော်တော် အရွယ်ရောက်တဲ့ အထိလည်း အဲဒီရွာမှာ ရှိနေတုန်းပဲ။ ပြည့်စုံကြတယ် ထင်ပါရဲ့။ လှူနိုင်လိုက်ကြတာ။ ခုံတန်းကြီးကလည်း ကောင်းလိုက်တာ။ ကိုယ့်ဘာသာ တစ်ယောက်တည်း လှူတာဆိုတော့ သူ့မွေးနေ့နဲ့ အချိန်ကိုက် ဖြစ်အောင် ကမ္ပည်းထိုးလိုက်နိုင်တယ် ထင်ပါရဲ့’ စသည်ဖြင့် မရေမရာ အချက်အလက်တွေ ပေါ်မှာ အခြေခံပြီး ကျကျနန အတွေးဆန့်ရင်း စာတန်းကိုလည်း နောက်တစ်ခေါက်ပြန်ဖတ်ရင် ပြုံးနေမိပါသည်။
‘ဘာတွေ သဘောကျနေတာလဲ ဦးလေးရ။ ကျွန်တော်တို့ က ဦးလေး ပျင်းနေပြီ ထင်တာ။’
ကျောင်းသားလေးထဲက နှစ်ယေက်က ကျွန်တော့်အနား ဘယ်အချိန်က ရောက်လာသည်မသိလိုက်။ ကျန်တဲ့ လေးယောက်ကိုတော့ ခေါင်းလောင်းကြီးနားမှာ တွေ့လိုက်သည်။
‘သြော် ဘာမှ မဟုတ်ပါဘူးကွာ။ ဟိုဟာလေ။’
လက်က ဘာရယ်မဟုတ် ခုံတန်းလျားက ကမ္ပည်းကို လက်ညှိုးညွှန်မိသည်။ ကျောင်းသား တစ်ယောက်က ကျွန်တော့်နာမည်ကို ကားလာငှားကတည်းက မေးပြီး သိထားသူမို့ ကမ္ပည်းကို ဖတ်ရင်း
‘သြော်။ ဦးလေးတို့ လှူထားတာလား။’
ခေါင်းကို ခပ်ဖြည်းဖြည်းခါရင်း
‘မဟုတ်ပါဘူးကွာ။ အရမ်းခင်တဲ့ နာမည်တူ သူငယ်ချင်းတစ်ယောက်ပါ။’
‘သြော်’
ဘုရားအရိပ်လာပြီး ညာသလို ဖြစ်လေမလား။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ ကမ္ပည်းစာ လေးခု ဖတ်ပြီးချိန်မှာ အရမ်းရင်းနှီးကြပြီးသားလူတွေလို ခံစားရသည်။ သာဓု သာဓု သာဓုပါ သူငယ်ချင်းရေ။
‘ဦးလေး ကြည့်ချင်သေးတာ လုပ်ချင်သေးတာ ရှိသေးရင် အေးဆေးလုပ်နော်။ ကျွန်တော်တို့ ကားနားက စောင့်မယ်။’
သူတို့က သဘောကောင်းလို့ စောင့်မယ်ဆိုပေမယ့် ကျွန်တော်က ခပ်သွက်သွက်ပဲ သူတို့ နောက်က လိုက်သွားလိုက်သည်။
(င) ဒီလိုနဲ့ပဲ နေစောင်းစပြုလာနေပြီ။ သူတို့ စားဖို့ ရွေးလိုက်တဲ့ ထမင်းဆိုင်က ကောင်းလွန်းသည်။ ဈေးကြီးမည့်ပုံပင်။ တခြားဆိုင်မှာ သွားစားရင်ကောင်းမလား စဉ်းစားနေတုန်းကိုပဲ တစ်ယောက်က
‘ဦးလေး။ ကျွန်တော်တို့ ကျွေးမှာနော်။ အားမနာပါနဲ့ဗျ။ လာပါ။’
သူတို့ရဲ့ လှိုက်လှဲ ဖော်ရွေမှုမှာ ကျွန်တော်စိတ်ချမ်းသာ လက်ချမ်းသာဖြင့် မျောပါသွားသည်။ တစ်စားပွဲစီ စားကြသည်မို့ ရွံ့စရာ အားနားစရာလည်းမလို။ လက်ဖက်ထမင်းက ခံနေတော့ မဆာ့တဆာ ဖြစ်နေတာဆိုးသည်။ လက်ရာကကောင်းတော့ ဆာဆာနဲ့သာ စားလိုက်ရရင်ဟု စားနေရင်း တန်းလန်းကို လောဘကြီးနေမိသေးသည်။ ဒီလို ကားအငှား ခဏခဏ ရလျှင် ကောင်းမည်။ ကျွန်တော့်သားတွေကတော့ သူတို့လောက် သဘောကောင်းနိုင်မည်မထင်။ သဘောကောင်းချင်ရင်တောင် အဲသလောက် အင်အားမရှိဟု ကျွန်တော်သိပါသည်။
စားပွဲချင်းကပ်လျက်မို့ သူတို့ ပြောတဲ့ စကားတွေကို ကြားနေရသည်။ ကျွန်တော့်နာမည် ပါလာတာကိုလည်း သတိထားမိသည်။ သူတို့ကတော့ ရိုးရိုးသားသားပြောနေသည်မို့ထင်သည်။ အသံကိုလည်းပုံမှန်အသံဖြင့် အေးအေးဆေးဆေးပင် ပြောနေကြသည်မို့ ပြတ်ပြတ်သားသားပင် ကြားနေရသည်။ ကျွန်တော် ခုနက ကမ္ပည်းကို ဖတ်နေတဲ့ အကြောင်း ပြောနေကြခြင်းပင်။ ကောင်မလေးတစ်ယောက် ပြောသည်။
‘အဲဒါပြောတာပေါ့ဟဲ့။ ဂုဏ်လိုချင်လို့ သက်သက်ချည်းပဲ ကမ္ပည်းထိုးကြတာ မဟုတ်ဘူးလို့။ ငါတို့ အမှတ်တရ ဓါတ်ပုံ ရိုက်ကြသလိုပေါ့ဟ။ တစ်ခါတစ်လေ အမှတ်တရ ပြန်ကြည့်ရတာ ဘယ်လောက် ကောင်းသလဲ’
သူ့ဥပမာက မြင်လွယ်ပေမယ့် နောက်ကောင်မလေး ၀င်ပြောတာကို ပို သဘောကျသည်။
‘ကိုယ် ပြုခဲ့ ဖူးတဲ့ ကုသိုလ်ကို ပြန်အမှတ်ရပြီ ပီတိပြန်ဖြစ်ရတာ ကုသိုလ်ရတယ်ဟဲ့။’
ကျွန်တော်က အသက်ကြီးပေမယ့် သူပြောတာ ဟုတ်သလား မဟုတ်သလား သိရအောင်က ဘာသာရေးနဲ့ မနီးစပ်လှ။ ခုကြည့်ရတာက ကျွန်တော်က ကျွန်တော့်နာမည်တူရဲ့ ကမ္ပည်းစာကို ဖတ်တာက စလို့ ကမ္ပည်းထိုးလှူခြင်းအကြောင်းစကားစပ်၊ အဲဒီလို လှူတာကို ကောင်လေးတွေက ပကာသန နွယ်တယ်လို့ ဝေဖန်လေသလားမသိ၊ ကောင်မလေးတွေက အကောင်းဖက်က တွေးပြပြောပြပေးနေတာ ဖြစ်နိုင်သည်။ သူတို့ လူငယ်လေးတွေလည်း ဒီလို လေးလေးနက်နက် ကောင်းကောင်းမွန်မွန်တွေ ထိုင်ဆွေးနွေးတတ်ကြသည်ပင်။ ကျွန်တော်ကတော့ ခုအချိန်ထိတောင် ဒီလို ကိစ္စမျိုးတွေ တခုတ်တရ ဘယ်သူနဲ့ မှ မပြောဖြစ်။ အိမ်မှာ တစ်ခုခု လှူကြ တန်းကြစို့လို့ မိန်းမက ဆိုလာရင်တောင် ‘မင်း ကြည့်ကျက်လုပ်ကွာ။ မင်းလုပ်တတ်တာပဲ’ ပြောပြီး နောက်ကပဲ လိုက်ကာ ခိုင်းတာလုပ်ပေးလိုက်တာ များပါသည်။ ငယ်ငယ်ကဆိုရင်တော့ ခု သူတို့လို ဒီလိုအကြောင်းအရာတွေ ဆွေးနွေးဖို့ မပြောနဲ့။ ဆိုးလွန်း ရိုင်းလွန်းလို့ဆိုပြီး စကားဟဟ လာပြောသူတောင် သိပ်မရှိ။ မိန်းမရတော့ ကိုယ့်မိဘတွေကပင် ကိုယ့်မိန်းမကို အသနားပိုကြရှာသည်။ သားနှစ်ယောက် ရပြီး တော်တော်ကြာမှ သမီးတစ်ယေက်မွေးလာတော့ ‘ဒီသမီးတစ်ယောက်ရမှ ဒီကောင် လိမ္မာလာတာ’ ဆိုပြီး သမီးလေးကို အမွှမ်းတင်ကြသည်။ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့လည်း ဟုတ်သလိုလို ထင်မိသည်။ သမီးကြောင့်ပင် ကျွန်တော် ပြောင်းလဲပစ်ခဲ့ စွန့်လွှတ်ပစ်ခဲ့တဲ့ အကျင့်တွေ အများကြီး ရှိပါသည်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ပါ။ ဘေးလူတွေက ထောက်ပြ ပြောပြကြမှပဲ ဘာတွေလုပ်ခဲ့မိမှန်း ကိုယ့်ကိုယ်ကို သိတော့သည်။ ထမင်းစားပြီးတော့ ဆိုင်ကအထွက်မှာတော့
‘ဦးလေးရေ။ ရှေ့နားကျရင် ဘုန်းကြီးကျောင်း တစ်ကျောင်း ၀င်ဦးမယ်။’
မြသိန်းတန်ကို အရင်သွားမယ် ထင်ထားသော်လည်း သူတို့က ဘုန်းကြီးကျောင်းကို အရင်ဝင်မည်ဆိုသဖြင့် ဘုန်းကြီးကျောင်းကို အရင်သွားကြသည်။ လမ်မကြီးဘေးကနေ လမ်းသွယ်တစ်ခုထဲကို တော်တော်ချိုးဝင်သွားရသည်။ ကျောင်းကြီးက အိုလှပြီ ဖြစ်သော်လည်း ခိုင်ခံ့ ၀ံ့ထည်လှသည်။ ကျောင်းဝင်းတစ်ခုလုံး အရိပ်ရအပင်ကြီးများဖြင့် အေးချမ်းတိတ်ဆိတ်နေသည်။ စက္ကူသေတ္တာထဲက ဘာတွေလဲတော့မသိ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတာတွေကို သယ်ကာ အားလုံး ကျောင်းပေါ်တက်ကြတော့ ကားနားမှာပဲ ဝေ့လည်လည်ချန်နေခဲ့လိုက်သည်။ ကျောင်းက ရဟန်းသိပ်များများစားစား ရှိဟန်မတူ။ တစ်ချိန်ကတော့ ပို စည်ကားခဲ့ပုံရသည် ထင်မိသည်။ ကျောင်းဝင်းထဲမှာလည်း အဆောက်အအုံလေးတွေ ဟိုးနားတစ်လုံး ဒီနားတစ်လုံး။ ကျောင်းပေါ်က ဘုရားရှိခိုးသံကြားတော့ ကားနဲ့ ခပ်လှမ်းလှမ်းမှာ ဆေးလိပ်သောက်ရင်း နားစွင့်နေမိပြန်သည်။ ဘုန်းကြီးကတိုင်ပေးသံ ကျောင်းသားများကနောက်က လိုက်ဆိုသံကိုကြားရတော့ ကြာဦးမယ်ထင်ပါရဲ့ ဟုတွေးမိသည်။ ခြေလှမ်းများကလည်း ဘာရယ်မဟုတ် ခပ်လှမ်းလှမ်းပိတောက်ပင်ကြီးရဲ့ အောက်က ဇရပ်ကလေးဆီ ဦးတည်လိုက်မိသည်။ သွပ်မိုး ပျဉ်ခင်း ဇရပ်ကလေးက မျက်နှာဝလေးပင် နောက်ကိုငါးပင် ဖြစ်ပြီး တောင့်တေင့်တင်းတင်း ခိုင်ခိုင်မာမာနဲ့ ကျယ်ကျယ်ဝန်းဝန်း လင်းလင်းချင်းချင်း။ ပိတောက်ရွက်တွေကတော့ တဝေ့ဝေ့တောက်လျှောက်ကြွေကျနေသည်မို့ မြေပြင်ပေါ်မှာ များလွန်းလှသည်။ လေသင့်လျှင် ရွေ့ပါသွားကြရင်းကပင် ချိုးချိုးချွတ်ချွတ် မြည်နေသေးသည်။ ဇရပ်က လူတစ်ရပ်လွတ်အောင်လဲမမြင့် နိမ်လည်း မနိမ့်လှပေ။ ဇရပ်အောက်မှာတော့ မှန်မှန်လှည်းကျင်းသည်ထင်သည်။ သစ်တချို့ ပုံထားပြီး အားလုံး သပ်သပ်ရပ်ရပ်ပင်။ ခွေးတစ်ချို့ အိပ်နေကြသည်ကို တွေ့တော့ ကြောက်မိသော်လည်း သူတို့က ခေါင်းပင်ထောင်မကြည့်ပေ။ ဘုန်းကြီကျောင်းနေကြသည့် ခွေးတွေဆိုတော့ လူဝင်လူထွက် ယဉ်ပါးပုံပင်။ ဇရပ်ကို တက်သည့်လှေကားက ငါးထစ်ပဲရှိသည်။ အနိမ့်ဆုံးအထစ်က အုတ်ပြင်ကျယ်ကျယ်နဲ့ ဖိနပ်ချွတ်လို့ ရအောင်လုပ်ထားသည်။ ဘုန်းကြီးကျောင်းဝင်းထဲဆိုတော့ လူတွေအနေနဲ့က ဘယ်သူမှ ဖိနပ်စီးကြမှာ မဟုတ်ပေမယ့် ဘုန်းကြီးရဟန်းတွေ အကြောင်းရှိလို့ ကြွလာရင်တော့ အဆင်ပြေပေလိမ့်မည်။ ပထမ လှေကားထစ်ပေါ်ခြေချရင်း မသိစိတ်က တခုခု လှုံ့ဆော်သလို ခံစားရကာ ခေါင်းကို မော့အကြည့်မှာပဲ ဇရပ်ရဲ့ နဖူးစည်းကမ္ပည်းစာတမ်းက သူ့ကို အံ့သြသွားစေခဲ့သည်။ တော်တော် လှူနိုင်တဲ့ မိသားစုပါပဲ။
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၄၇ ခု သီတင်းကျွတ်လပြည့်နေ့
၁၃၄၇ ဆိုတော့ ဒီလူ့အသက် အစိတ်ရှိပြီ။ ဒီအချိန်ထိ ဒီလူက အိမ်ထောင်မကျခဲ့လေသလား။ ကျွန်တော်ဆို အဲဒီအရွယ်မှာ သားနှစ်ယောက်တောင်ရနေပြီ။ ဒီလူ တယ်ညံ့တာပဲ လို့ စိတ်ထဲကပဲ ခပ်တိုးတိုးလှောင်လိုက်ရင်း တစ်ဦးတည်းသော သားဆိုတော့ မိဘတွေကများ ချုပ်ချယ်လွန်းခဲ့လေသလား။ သူကိုယ်တိုင်က မစွံခဲ့သူလား။ မိဘနဲ့ ချစ်သူကြား အသည်းကွဲခဲ့ရသူလား။ ကျွန်တော့်မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်ကဗျာမဆန်ခဲ့။ အသက်နှစ်ဆယ်မပြည့်သေးတဲ့ ကျွန်တော်နဲ့ အဲဒီအချိန်က ကျွန်တော့် ကောင်မလေးတို့ အလည်လွန်နောက်ကျခြင်းက ‘နင် ငါ့နောက်လိုက်ခဲ့ဟာ’ လို့ ခေါ်ဖြစ်တဲ့ဆီရောက်ပြီး အိမ်ထောင်ကျခဲ့သည်လို့ တိုတို လွယ်လွယ်ပြောလို့တောင် ရပါသည်။ ကျွန်တော့်အိမ်နားက ဒေါက်တာ သောင်းလှ သားလို ယောက်ျားမဟုတ် မိန်းမမဟုတ်ကောင် ဖြစ်နေတာတော့ မဟုတ်ဘူးထင်ပါရဲ့။ ဒေါက်တာ သောင်းလှသားကို ကြည့်ကြည့်ပြီး ကျွန်တော်သားအလတ်ကောင် ငယ်ငယ်ရွယ်ရွယ်တစ်ခုလပ် ဖြစ်သွားတာကိုတောင် တော်ပါသေးရဲ့လို့ ကျွန်တော့်မှာ ကျိတ်ကျေနပ်နေရသည်။ လိမ္မာတယ် လိမ္မာတယ်ဆိုပြီး အဲသလို ပေါက်ကရမလုပ်တာ တော်ဦးမည်။ ဒေါက်တာ သောင်းလှကတော့ ဆရာဝန်မို့ထင်သည်။ သူ့သားကို သူက အေးအေးဆေးဆေး လက်ခံနိုင်ပုံပင်။ ဦးမျိုးဝေ ဒေါ်ခင်လေးတို့ကတော့ ရွာကဆိုတော့ ကျွန်တော့်လိုပဲ နေပါလိမ့်မည်။ သားအလတ်ကောင် တစ်ခုလပ်ဆိုမှ ဒီ အောင်မျိုးလည်း တစ်ခုလပ်ဖြစ်နေနိုင်သားပင်။ တစ်ခုလပ်ဆို မိဘကလည်း ကမ္ပည်းမှာ မိန်းမနာမည် ဘယ်ထည့်မလဲ။ မုဆိုးဖို ဆိုရင်မှ မိန်းမနာမည် ထည့်ချင်ထည့်ဦးမည်။ သဘာဝကိုကလည်း ကျွန်တော်တောင် ကျွန်တော့်သားတစ်ခုလပ်ဆိုတာ တစ်ခါတစ်ခါ မေ့မေ့နေသည်။ ကိုယ့်သားကိုယ် လူပျိုပဲထင်နေမိသည်။ ‘ဒါပေမယ့် ဒီလူကတော့ မုဆိုးဖိုတွေ တစ်ခုလပ်တွေ ချောက်တောက်တောက်တွေ အဲသလို ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ပြည့်စုံချမ်းသာပုံရတော့ တက္ကသိုလ်တွေဘာတွေ တက်တယ်ထင်ပါရဲ့။ အဲသလို လူတွေက အိမ်ထောင်ပြုတာနောက်ကျတတ်ကြတာပဲ’ ဟု ကိုယ့်ကိုယ်ကို ပြောလိုက်ရင်း ရှေ့သွားဖြစ်မယ့်နေရာတွေကျရင် ကမ္ပည်းတွေကို ဂရုတစိုက် ဖတ်ဖို့ သေချာနေတော့သည်။ မိန်းမတွေ ဘာတွေ ရပြီး သူအဖေအမေတွေလိုပဲ သားသမီးတွေ ဘာတွေနဲ့ လှူထားတာတွေဘာတွေ လာလောက်သည်။ ဘမျိုးဘိုးတူခဲ့ရင်ပေါ့လေ။ ကျွန်တော်မတွေ့လိုက်ပဲ လမ်းမှာ ကျော်သွားခဲ့တာတွေ ထဲမှာရော မပါဘူး ပြောနိုင်မလား။
(စ) ကျောင်းသားအုပ်စု ဘုန်းကြီးကျောင်းပေါ်က ဆင်းလာတော့ ကားထဲ အရင်ဦးအောင် ၀င်ထိုင်စောင့်နေလိုက်သည်။ ခုတောင် နေ တော်တော် ကျနေပြီ။ အချိန်က သိပ်ကျန်တာ မဟုတ်။ ရနိုင်သမျှ ကမ္ပည်းတွေ များများ ဖတ်ဖြစ်ချင်သေးသည်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက ကျိတ်ပြုံးမိသည်။ ကျွန်တော်ပုံစံက သိသိသာသာ လောလောလောလောဖြစ်နေသည်ထင်သည်။
‘ဦးလေး အိမ်အပြန်နောက်ကျမှာ စိုးလို့လား။ မြသိန်းတန် သွားပြီးရင် ပြီးပါပြီ ဦးလေးရဲ့။ အဲဒီမှာကလည်း ခဏပါပဲ။’
‘ဟာ။ မဟုတ်တာ မောင်ကျောင်းသားတို့ရာ။ အေးအေးဆေးဆေးလုပ်ပါ။ ဦးလေးက မင်းတို့ မြသိန်းတန်မှာ အေးအေးဆေးဆေး နေရအောင်လို့ပါ။’
မြသိန်းတန်ဘုရားဘက်ရောက်လာတော့ နေရောင်အကျမှာ မင်းကွန်းသည် အလှကြီးလှနေသည်။ ဘုရားခြေရင်းမှာ ကားရပ်ရပ်ချင်း အားလုံး ဆင်းကြသည်။ သူတို့တွေ ပန်းတွေဘာတွေ ၀ယ်နေတုန်း ကျွန်တော် ဘာကြောင့်ရယ်မသိ ဆန္ဒစောကာ ဘုရားပေါ် အရင်တက်လာခဲ့လိုက်သည်။ ဘုရားပေါ်တက် ဘုရားဝတ်ပြုပြီးတာနဲ့ လုပ်ငန်းစပြီ။ မန္တလေးမြို့နေ ဦးထွန်းခင်။ မဟုတ်သေးဘူး။ နောက်တစ်ခု။ ရန်ကုန်မြို့ မြောက်ဥက္ကလာပ။ ဒါလည်း မဟုတ်သေးဘူး။ အဆင့်တွေများလှသော ဘုရားပုရ၀ုဏ်အတွင်းမှာ ဘာရယ်မဟုတ် ရှာပုံတော်မင်းသာကြီး ဖြစ်နေသည်။ ကျွန်တော်တစ်သက်မှာလည်း စိတ်ဝင်စားဖို့ အကောင်းဆုံး အလုပ်တစ်ခုလို ထင်လာမိသည်။ ဆိုးသည်မဟုတ် ကောင်းသည်မဟုတ် ဆင်းရဲသည်မဟုတ် ချမ်းသာသည်မဟုတ် သမားရိုးကျ နေ့တွေကို ကျွန်တော်ဖြတ်သန်းခဲ့တာ များလွန်းလို့ ထင်ပါရဲ့။
ဒီလိုနဲ့ မတွေ့မတွေ့နဲပဲ ဘုရားခြေရင်း တံတိုင်းတွေက ကမ္ပည်းတွေကို လိုက်ဖတ်တော့မှ တွေ့လိုက်ရတာက
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၃၀ ခု တပေါင်းလပြည့်ကျော် ၈ ရက်
ဒါကကျတော့ ဒီလူ ကလေးတုန်းက လှူခဲ့တာပဲဟု တစ်ယောက်တည်း တွက်ချက် မှန်းဆကြည့်နေမိသည်။ ဒီတစ်ခုကျတော့ သူ့မွေးနေ့နဲ့ ချိန်လှူတာမျိုးလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် ဒီလူက တော်တော်တော့ ကံကောင်းတာပင်။ ဘယ်လောက် ပြည့်စုံသလဲ မပြောနိုင်ပေမယ့် အတိုင်းအတာ တစ်ခုအထိပြည့်စုံပုံရတယ်လို့တော့ထင်မိသည်။ ကျွန်တော့်ကားကို ငှားစီးလာကြတဲ့သူငယ်တွေလို ယဉ်ယဉ်ကျေးကျေးလူတစ်ယောက် ဖြစ်မည်လို့လည်း သေချာနေမိသည်။
‘ငါလည်း ပိုက်ဆံလေး ဘာလေး စုပြီး တစ်ခုခု မှတ်မှတ်ရရလေး လှူဦးမှပါ’။ စိတ်ထဲမှာ တီးတိုးရေရွတ်ရင်း ဘာရယ် မဟုတ် ၀မ်းနည်း အားငယ်သလို ခံစားရသည်။ အသက်ကြီးလာလေ လူဆိုတာ အတွေးပိုများလေပဲ ထင်သည်။ အောက်ခြေ ဘုရားပတ်လမ်းမှာ လျှောက်လာရင်း နည်းနည်းလေးပင်သွားတဲ့ စိတ်ကြောင့်ပဲ လမ်းလျှောက်တာကလည်း နှေးသွားသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း တစ်ခုခုကို ၀မ်းနည်းသလို ခံစားလာရသည်။ ထူးဆန်းသော အဲဒီခံစားချက်က ပိုပိုတိုးလာသလိုပင်။ ကျွန်တော်မျက်နှာက ညိုမှောင်နေခဲ့သည် ထင်သည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို စိတ်မကောင်းသလို လှမ်းကြည့်နေကြသည်။ ကိုယ့်ကို ကြည့်နေကြပါလားလို့ သတိဝင်မှ သေသေချာချာ ပြန်ကြည့်လိုက်တော့ ကျွန်တော့်ကျောင်းသားအုပ်။ သူတို့ အားလုံးက ခပ်လတ်လတ်အရွယ် ခေါင်းလောင်းလေးနံဘေးမှာ ရပ်နေကြသည်။ သူတို့က ကျွန်တော့်ကို ဝေေ၀မှိုင်းမှိုင်း ဘာလို့ ငေးကြည့်နေကြပါလိမ့်။ ကျွန်တော် မျက်နှာကို ကြိုးစားအားတင်းပြင်လိုက်ပြီး သူတို့ရပ်နေတဲ့ နေရာဆီ ဆက်လျှောက်လာခဲ့သည်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို ငါတော်တော် ကြောင်တာပဲဟု အထပ်ထပ်ပြောနေမိသည်။ သူတို့ကြည့်ရတာ ဒီနားမှာ ရပ်နေတာ ကြာပြီထင်သည်။ ကျွန်တော် သူတို့အနား နီးလာတော့ အားလုံးက ခေါင်းလောင်းဆီ ကျွန်တော်လာလို့ ရစေချင်ပုံဖြင့် လူရှဲပေးလိုက်ကြသည်။ ဒါက ထူးဆန်းပါသည်။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ ထူးဆန်းနေသည်ဟု ခံစားလို့မရ။
‘ကျွန်တော်တို့ ကားပေါ်က စောင့်မယ် ဦလေး။ ဦးလေး အေးအေးဆေးဆေး လုပ်စရာရှိတာလုပ်ပါ။ ပြီးရင် ကျွန်တော်တို့ ပြန်ရုံပဲလေ။ အေးအေးဆေးဆေးနေနော် ဦးလေး။ အားမနာနဲ့နော်။’
ကျောင်းသားတစ်ယောက်က ဦးဆောင်ပြောပါသည်။ တစ်ခုခုတော့ လွဲနေသလိုပင်။ သူတို့ မျက်လုံးတွေထဲမှာ ကျွန်တော်မြင်ရတဲ့ ကျွန်တော့် အတွက် ကရုဏာသည် လိုတာထက် ပိုနေသလိုပင်။ ဒါမှမဟုတ် သူတို့ဘာသာ တစ်ခုခုကို ၀မ်းနည်းနေကြတာလည်း ဖြစ်နိုင်ပါသည်။ သူတို့အားလုံး ထွက်သွားချိန်မှာ ကျွန်တော်နဲ့ ခေါင်းလောင်းသည် မျက်နှာချင်းဆိုင် နှစ်ယောက်တည်းကျန်ခဲ့သူ လူသားနှစ်ယေက်လို ဖြစ်သွားသည်။ ခေါင်းလောင်းကို ခေါင်းလောင်းထိုးချင်သူတွေ အဆင်ပြေလောက်တဲ့ အမြင့်မှာ ချိတ်ဆွဲထားပြီး သစ်သား ထိုးတံကိုလည်း အရန်သင့် ထားထားပေးထားသည်။
ဘာပဲပြောပြော ခုလက်ရှိခဏမှာတော့ ခုနလေးတင် ဘုရားပေါ်တက် ဘုရားရှိခိုးရင်း ပိုက်ဆံနည်းနည်း လှူခဲ့ပြီမို့ ကျွန်တော့်မှာ ခေါင်းလောင်းထိုး ဝေငှစရာတော့ ရှိနေခဲ့ပါပြီ။ ခေါင်းလောင်းထိုးတံကို ကောက်ကိုင်လိုက်ပြီး ခေါင်းလောင်းထိုးဖို့လက်ကို အမြှောက် ကျွန်တော်ရဲ့ မျက်လုံးတွေက ခေါင်းလောင်းရဲ့ အပေါ်နား ပတ်လည်က ကမ္ပည်းလေးကို ဖတ်မိလျက်သား ဖြစ်နေခဲ့သည်။
ကုက္ကိုတန်းရွာနေ ဦးမျိုးဝေ + ဒေါ်ခင်လေး တို့က ကွယ်လွန်သူ သား မောင်အောင်မျိုး အားရည်စူး၍
ကျွန်တော့်မျက်လုံးတွေ ချက်ချင်းေ၀၀ါးသွားခဲ့တာ ကျွန်တော်သိလိုက်သည်။ မြသိန်းတန် ဘုရားဆီမှ ခေါင်းလောင်းဆည်းလည်းလိုလို အသံတွေက ရုတ်ချည်း ပီပြင်ကြည်လင်လာသလို ခံစားရသည်။ ရက်စွဲ။ ရက်စွဲ။ ကျွန်တော် ဖတ်ကြည့်နိုင်ဖို့ ကြိုစားသည်။ ဒါပေမယ့် ကျွန်တော်သဲသဲကွဲကွဲ မမြင်ရ။ ကျွန်တော်မျက်တောင်ခတ်လိုက်ရင်တော့ မြင်ရကောင်း မြင်ရသွားနိုင်သည်။ ဒါပေမယ့် ကျွန်တော် မျက်တောင်ခတ်လိုက်ဖို့ အားမထုတ်ချင်ခဲ့။ ခေါင်းလောင်းလေး ဘယ်လောက် အိုမင်းနေသလဲဆိုတာကို ကြည့်ရုံနဲ့တင် ဒီရက်စွဲကို ကျွန်တော် ရင်ထဲမှာ မှန်းဆလို့ရနေသည်။ မြင်ရတော့ရော ဘာထူးမှာလဲ။ ပြီးတော့ လှည့်မကြည့်ဘဲနဲ့ ကျွန်တော့်နောက်မှာ ခေါင်းလောင်းထိုးဖို့ တစ်ယောက်ယောက်စောင့်နေတာကိုလည်း ကျွန်တော်သိသည်။ ဒီတော့ အချိန်မဆိုင်းဘဲ ကျွန်တော်လက်တွေကို လှုပ်ရှားလိုက်ပါသည်။
ခေါင်းလောင်းထိုးတံက ခေါင်းလောင်မျက်နှာပြင်ကို ထိခတ်သွားတိုင်း ကျွန်တော့် နှလုံးသားနဲ့ အဇ္ဈတ္တကို တစ်ခုခုက လာပုတ်ခတ်တာ ခံစားရသည်။ လေထဲမှာ ပျံ့သွားသော ခေါင်းလောင်းသံသည် ချိုသာလွန်းလှသည်။ သို့သော် ရှိုက်သံဆန်လှသည်။ မြသိန်းတန် ဘုရားရဲ့ နေ၀င်ချိန်သည် တိမ်ရောင်စုံတို့ ဖြင့် တောက်တောက်ပပ လှနေခဲ့သည်။ ငှက်သံ ခေါင်းလောင်းသံတွေနဲ့ လှုပ်လှုပ်ခတ်ခတ်ရှိလှသည်။ ဒီအချိန်ဆို ဘုတ်မင်းကန်မှာလည်း နေညိုရော့မည်ဟု တွေးရင်း ကျွန်တော်လွမ်းဆွတ်မိပါသည်။