ကမ္ပည်း မှတ်တမ်း နဲ့ လူတစ်ယောက်ရဲ့
လမ်းမ
ခံဝန်ချက် ။ ။
ဒီ ၀တ္ထုတိုကို ကျွန်တော် မန္တလေးမှာ
တက္ကသိုလ်တက်နေတဲ့ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်က ဖတ်ခဲ့ဖူးတာပါ။ ဒါပေမယ့်
ကျောရိုးပဲ မှတ်မိပြီး ၀တ္ထုတိုရဲ့ နာမည်၊ စာရေးသူရဲ့ နာမည်တွေကို
မမှတ်မိတော့ပါဘူး။ ဒီဝတ္ထုက ပေးတဲ့ ရသနဲ့ သင်ခန်းစာကို ကြိုက်လွန်းလို့ ကျွန်တော်
ရေးတတ်သလို ပြန်ရေးလိုက်တာပါ။ မူရင်းကို ရှာတွေ့ခဲ့ရင်တော့ အဲဒါကို ဖတ်စေချင်တာပါ။
ခုတော့ အဲဒီ မူရင်းက ရှာမတွေ့သေးတော့ ကျွန်တော်မှတ်မိတဲ့ ကျောရိုးကိုပဲ
တတ်နိုင်သမျှ အဆင်ပြေအောင် ပြန်ရေးပြီး တင်လိုက်တာပါ။ ဒီတော့ ဒီဝတ္ထုကို ဖတ်ပြီး ဒီဇာတ်လမ်းမျိုး
ဖတ်ဖူးသလိုပဲလို့ ထင်ခဲ့ရင် ‘ဟုတ်ပါတယ်။ ကျွန်တော်ကူးချထားတာပါ’ လို့ အရင်
ဝန်ခံလိုက်ပါရစေ။
(က) ဧရာဝတီမြစ်ကို ဖြတ်လျက် မန္တလေးဘက်ကမ်းကို
ငေးရင်း ကားပေါ်မှာ အားလုံး ငြိမ်ငြိမ်သက်သက် လိုက်ပါလာကြသည်။ သူတို့အားလုံးက မန
္တလေးတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။ တချက်တချက် သူတို့ချင်း
စကားပြောသံတိုးတိုးကို ကြားရသည်။ မိန်းကလေးနှစ်ယောက် နဲ့ ယောက်ျားလေး တစ်ယောက်က
နောက်ခုံတန်းမှာ ထိုင်ပြီး ရှေ့မှာ ယောက်ျားလေးသုံးယောက်
အားလုံးခြောက်ယောက်ဖြစ်သည်။ မောင်းသူ ကျွန်တော့်ဘေးခုံပေါ်မှာတော့ သူတို့ရဲ့
စာအုပ်တစ်ချို့ နှင့် တိုလီမိုလီတွေပါသော စက္ကူသေတ္တာ ခပ်ရွယ်ရွယ်တစ်လုံး။
ထင်ထားခဲ့တာက လူငယ်တစ်သိုက်ဆိုတော့ နည်းနည်းနားညည်းမည်လို့။ သို့သော် ခုတော့
သူတို့က လူငယ်များဖြစ်ကြသော်လည်း တည်တည်ငြိမ်ငြိမ်ရှိလွန်းကြသည်။
စာတမ်းပြုစုဖို့အတွက် မင်းကွန်းကို သွားလေ့လာကြမည်ဆိုသည်။ တစ်ယောက်က
ပန်းချီဆရာထင်သည်။ သူ့မှာ ပန်းချီဆွဲပစ္စည်းတွေလည်း ကားနောက်ခန်းထဲမှာ ပါသည်။
တစ်ယောက်ကတော့ ကင်မရာကို လွယ်လျက်သား။ ဒါပေမယ့် အားလုံးက စကားနည်းကြသည်။
ပြောတာတွေကျတော့လည်း ကျွန်တော်သိပ်နားမလည်သော ပညာရပ်ဆိုင်ရာတွေ။
မနက်ခင်းပေမယ့် နေကတော့
အပူရှိန်ခပ်ပြင်းပြင်းပင်။ စစ်ကိုင်းဘက်ကနေ မင်းကွန်းဆီလာသော မြစ်ဘေးလမ်းသည်
သိပ်ကောင်းလှသည်တော့ မဟုတ်ပေ။ ဒီတော့ လမ်းက လူသွားလူလာ ရှင်းလှသည်။ သုံးထပ်ကန်ကို
ရောက်တော့ ကားကို ရပ်ခိုင်းပြီး အားလုံးဆင်းကြသည်။ ကန်ကို ဓါတ်ပုံရိုက်သူက
ရိုက်သည်။ ပတ်ကြည့်သူက ပတ်ကြည့်သည်။ ကျွန်တော်ကတော့ ကားနဲ့ ခပ်လှမ်းလှမ်းမှာ
ဆေးလိပ်သွားသောက်နေလိုက်၏။ သူတို့က ကျွန်တော့်ကားကို စငှားကတည်းက 'ဦးလေး၊။
ဆေးလိပ်သောက်တတ်ရင်တော့ ကားနားတုန်း ခပ်လှမ်းလှမ်းမှာ သွား သွား သောက်ပေးပါဗျာ'
လို့ ကြိုပြောပြီးသား။ တော်တော်ကြာတော့ အားလုံး ကားဆီ ပြန်လာကြသည်။
'ဦးလေးရေ ... ဆက်သွားကြစို့ဗျာ'
ကျွန်တော်က ဆေးလိပ်ကို
လက်စသတ်လိုက်ရင်း ကားဆီ သွက်သွက် ပြန်လျှောက်လာလိုက်သည်။
ပန်းချီဆရာလိုလို လူငယ်က
'ရှေ့ နားကျရင် ပန်းချီ ပြခန်းတစ်ခု
ရှိတယ် ဦးလေး၊ အဲဒီမှာ ကျွန်တော်တို့ ခဏဆင်းမယ်။'
ကျွန်တော်က ကားအငှားလိုက်တာ
ကြာပြီဆိုပေမယ့် မင်းကွန်းဘက်ကိုတော့ ဒီကားလမ်းက မလာဘူးပါ။ ကိုယ်ကိုယ်တိုင်
လာစရာရှိရင်လည်း စက်လှေနဲ့ပဲ လာလိုက်တာများသည်။ သို့သော်လည်း သူတို့ပြောတဲ့
ပြခန်းကတော့ လွဲစရာမရှိ။ မြင်လိုက်တာနဲ့ သိသာသည်။ ပြခန်းထဲမှာလည်း ပန်းချီကားတွေ
ရှိသလို အပြင်မှာလည်း တစ်ချို့ ထောင်လျက်။ တစ်ချို့ဆွဲလက်စ။ ကားရပ်ပြီး သူတို့
ထွက်သွားကြချိန်မှာ ကျွန်တော်လည်း ငေါင်တောင်တောင် ကျန်ရစ်ခဲ့သည်။ ယူလာသော
ပန်းချီပစ္စည်းတွေလည်း သယ်သွားကြသည်ဆိုတော့ ပေးမှာလား ကိုယ်တိုင်ထိုင်ဆွဲမှာလား
မပြောတတ်ချေ။ တအောင့်ပဲလို့ ကျွန်တော်ထင်ထားခဲ့ပေမယ့် တော်တော်ကြာတဲ့ အထိ
ပေါ်မလာတော့ ကျွန်တော်ပိုပျင်းလာခဲ့သည်။ အမှတ်မဲ့စွာပဲ ကျွန်တော်ခြေထောက်တွေက
ကားအပြင် အဲဒီကမှတဆင့် မလှမ်းမကမ်းက ဘုန်းကြီးကျောင်းဘက်ဆီ။ သူတို့ထွက်လာရင်လည်း
အရှင်းကြီးလှမ်းမြင်ရနိုင်သည်ပဲ။ ဘုန်းကြီးကျောင်းတံတိုင်းက အလှူရှင်နာမည်များ။
အမှုမဲ့ အမှတ်မဲ့ ဖတ်ကြည့်နေစဉ်မှာပဲ တွေ့လိုက်တာက
အဘိုး
ဦးလှဘော် + အဘွား ဒေါ်သစ်၊ အဘိုး ဦးစံ + အဘွား ဒေါ်ခင်ထား တို့အားအမှူးထား၍
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး ကောင်းမှုအလှူ
၁၃၂၂ ခု
တန်ဆောင်မုန်းလပြည့်
ကိုယ်နဲ့ နာမည်တူတစ်ယောက်ကို တွေ့တော့
ပျင်းပျင်းရိရိ ရှိနေချိန်မို့ထင်သည်။ ဘာရယ်မဟုတ်စိတ်ဝင်စားမိသည်။
အောင်မျိုးဆိုသောနာမည်က ကိုယ်ကျောင်းနေခဲ့စဉ်ကလည်း ခပ်များများပင်။ နှစ်တိုင်း
အောင်မျိုးတစ်၊ အောင်မျိုးနှစ် စသည်ဖြင့် နာမည်အပြောင်းခံရသည်။ အများသောအားဖြင့်က
နံပါတ်နှစ်ချည်းပဲ ဖြစ်ရတတ်သမို့ သူငယ်ချင်းတစ်ချို့ပင် ကျွန်တော့်နာမည်ကို
အောင်မျိုးနှစ်လို့ ထင်နေကြသေးသည်။ ရေးထိုးထားသော ခုနှစ်သက္ကရာဇ်အရတော်တော်ကြာပြီဆိုပေမယ့်
အုတ်တံတိုင်းတွေက ထူသည်မို့ ခိုင်ခိုင်မာမာပင်။ အုတ်တံတိုင်းရဲ့ တစ်နေရာမှာလည်း
ကျကျနန အုတ်ခံရေအိုးစင်တစ်ခု။ ရေအိုးစင်က အုတ်တံတိုင်းနဲ့ စာလျှင်
နည်းနည်းပိုသစ်သလိုရှိပြီး အင်္ဂတေကိုင်ထားလိုက်တာ ပြောင်လက်လို့နေသည်။ ရေအိုးစင်က
အုတ်ခုံကို အပိတ် ထူထူမြင့်မြင့်မို့ ပိုလည်းတင့်တင့်တယ်တယ်ရှိသည်။
အပေါ်မျက်နှာပြင်မှာ နည်းနည်းချိုင့်ကာ သဲခင်းထားပြီး အိုးနှစ်လုံးကို
သပ်သပ်ရပ်ရပ်တင်ထားသည်။ ရေလဲထားတာလည်း မကြာသေးဘူးထင်သည်။ အိုးတွေမှာ ရေစက်တွေ
စွတ်စိုဆဲ။ ရေခွက်တွေက ကြွေရည်သုတ်ခွက်တွေ။ သန့်သန့်ပြန့်ပြန့်ပင်။ ရေတစ်ခွက်ခပ်သောက်လိုက်ရင်း
သာဓုခေါ်လိုက်မိသည်။ ပြီးမှ ဘာရယ်မဟုတ် အုတ်ခုံရဲ့ ဒူးတစ်တိုက်နေရာလောက်မှာ
မြှပ်ထားသော စကျင်ပြား ၀ါကျင့်ကျင့်ပေါ်က မှိန်ဖျော့သော
အလှူရှင်နာမည်တွေဖတ်ကြည့်လိုက်တော့
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး
သားလေး
သုံးနှစ်ပြည့် မွေးနေ့ကုသိုလ် အလှူ
၁၃၂၅ ခု
သီတင်းကျွတ်လပြည့်
'သြော် ဒါဆို သူက ၁၃၂၂ မှာပဲ
မွေးတာပေါ့။ ဟိုတံတိုင်းကို လှူတုန်းက သူက လသားလေးရှိသေးတာပေါ့'
ဘာရယ်မဟုတ် ဆက်စပ်လျှောက်တွေးနေမိရင်း
ကိုယ်နဲ့ အသက်ပါတူနေတာကို အံ့သြနေမိသည်။ သီတင်းကျွတ်လပြည့်မွေးတယ်ဆိုရင်တော့ မွေးနေ့ပါတူလိုက်သေးသည်။
တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်မိဘတွေကတော့ ဘုတ်မင်းကန်ရွာက။ အိမ်တော့မရောက်ဖြစ်တာ
ကြာခဲ့ပြီ။ ဒီတစ်ခါပြန် အလည် ရောက်ဖြစ်ရင်တော့ အမေ့ကို မေးကြည့်လိုက်ဦးမည်။
ကျွန်တော်ငယ်ငယ်တုန်းက ဘာတွေလှူပေးခဲ့ဖူးသလဲလို့။ အမေ့ကတော့ လူကြုံရှိတိုင်း သူ့မြေးတွေကိုရော
ချွေးမကိုရော ကျွန်တော့်ကိုရော လာလည်ဖို့ မပြတ်မှာနေကျ။ ကျွန်တော်တို့ကတော့
တစ်နှစ်တစ်ခါလောက် လည်နိုင်ဖို့တောင် တော်တော်အားထုတ်နေရသည်။ ဒါတောင် မန္တလေးနဲ့
ဘုတ်မင်းကန်ဆိုတာ ဘာမှ ဝေးတာမဟုတ်။ အမေကလည်း မန္တလေးတော့ သူ့သမီးတွေလိုက်ပို့မှပဲ
လာတတ်သည်။ သူဘာသာသူဆို မလာရဲ။ ကားရှုပ်သည်၊ ဆိုင်ကယ်ရှုပ်သည်ဆိုသည်။ အဖေက
လာရဲသော်လည်း သူ့တို့အဖေကို သည်းသော သမီးတွေက တစ်ယောက်တည်း ဘယ်တော့မှ မလွှတ်ချေ။
မောင်အငယ်ဆုံးမို့ သူတို့က ကျွန်တော့်ကိုတော့ သံယောဇဉ်ကြီးကာ
မကြာမကြာရောက်လာတတ်ကြသော်လည်း အဖေတို့ အမေတို့ လွှတ်ပါဦး ဆိုရင်တော့
‘ဟယ် ... ဖိုးအောင်ရယ်။ နင့်အိမ်က
ကျဉ်းကျဉ်း။ အရပ်က လူရှုပ်ရှုပ်နဲ့။ အဖေတို့ နေရခက်ပါတယ်’
ဆိုသော ဆင်ခြေ တွင်တွင်ပေးကာ
လွှတ်ခဲလှသည်။ တစ်ခါတစ်ခါ လွှတ်လည်း လေးငါးရက်ထက်မပို လာပြန်ခေါ်တော့သည်။
အဖေရောက်နေပြီဆိုရင်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ နားညည်းအောင် ကြားရတတ်သည်။ အဖေက
အမှတ်သညာကောင်းသူမို့ ဘာတွေလှူဘူးတယ်ဆိုတာ ပိုကောင်းကောင်းမှတ်မိနိုင်သည်။
ဒါပေမယ့် မင်းကိုမွေးတော့ ဘာလှူတာ ဘာညာ တစ်ခါမှ ပြောသံတော့ မကြားဖူး။ ရယ်တော့
ရယ်စရာပင်။ ဒီအရွယ်ကြီးရောက်မှ ဘာလို့ သိချင်တာလဲလို့ အဖေ ဘုတောရင်တော့
ဘာပြန်ဖြေမလဲ ကြိုစဉ်းစားထားမှ။
(ခ) မောင်ကျောင်းသားများအုပ်စု
ပြန်ထွက်လာတာ တွေ့လိုက်တော့ အတွေးစကို ဖြတ်ရင်း ကားဆီလျှောက်သွားလိုက်သည်။
ပန်းချီပစ္စည်းတွေက ပေးခဲ့ ဒါမှမဟုတ် ထားခဲ့ကြပြီထင်သည်။ ပြန်ပါမလာတော့။
ပန်းချီဆရာလိုလိုကောင်လေးအပြင် ကျန်တဲ့သူတွေကလည်း ပန်းချီကို
တော်တော်စိတ်ဝင်စားကြပုံရသည်။ စကားလက်စ မပြတ်နိုင်သေးဘဲ ဝေဖန်ဆွေးနွေးကြဆဲ။
ကားပေါ်အားလုံးရောက်တော့ ကားစက်နှိုးရင်း အပြင်မှာထောင်ထားတဲ့ ပန်းချီကားတွေကို
လှမ်းကြည့်လိုက်တော့ နားလည်ရခက်လွန်းသည်ထင်မိပြန်သည်။ သူ့ခေတ်နဲ့ သူအခါပေပဲလား၊
ကိုယ်နားမလည်တဲ့ ပညာရပ်ပေမို့လားမသိ။
‘ရှေ့မှာ လက်ဖက်ရည်ဆိုင်ပါလား ဦးလေး။
နည်းနည်းတောင်ဆာသလိုပဲ။ ခဏရပ်ပြီး တခုခု ဆင်း စားကြရအောင်ဗျာ။ ဦးလေးရော မနက်စာ
စားခဲ့လား။’
‘ဦးက နေမထွက်ခင်ကို မနက်စား
အများကြီးစားနေကျကွ။ ဒီမလာခင်ကတည်းက ထမင်းကြော် အ၀စားလာခဲ့တာ။’
‘လက်ဖက်ရည်လောက်တော့ ဆင်းသောက်ပါဦး။
ကျွန်တော်တို့ တိုက်ပါ့မယ်။’
ကောင်လေးတွေက ဖော်ဖော်ရွေရွေတော့
တော်တော်ရှိကြသည်။ ယဉ်ယဉ်ကျေးကျေးတွေပင်။
‘ဦးက မန္တလေးသားလား’
ကားရပ်လုရပ်ခင်မှာပင်
ကျောင်းသူတစ်ယောက်က လှမ်းမေးသည်။ ကျွန်တော်အဖြေချင်ဆုံး မေးခွန်းကို
အမေးခံရတော့လည်း ခလုတ်တိုက်မတတ်ဖြေလိုက်မိသည်။
‘ကျုပ်က ဘုတ်မင်းကန်သားဗျ’
‘သြော် ... နာမည်ကျော်ရွာသားကိုးဗျ’
ဒီလူငယ်တွေလောက်ဆို ဟိုးတချိန်က
ဘုတ်မင်းကန်ရွာသူအလှဘွဲ့ ‘မင်းဂံဘုတ် ရွာသူများ အသားတော် ၀င်းလို့ ၀ါဝါညီရွှေ’
ဆိုတာကို မသိလောက်ထင်ခဲ့တာ။ သူတို့က သိကြသည်ပဲ။ ဒီဘက်ခေတ်အဆိုတော်တွေလည်း
ပြန်ဆိုကြသည် ထင်ပါရဲ့။ အသက်ရလာတော့လည်း သီချင်းတွေနားမထောင်ဖြစ်တာတောင်
ကြာခဲ့ပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ ထီသည်တွေ ဖွင့်တာလောက်ပဲ နားထောင်ဖြစ်တော့သည်။ ဟိုး
ငယ်ငယ်တုန်းကတော့ သီချင်းတွေထက်ပိုခုံမင်တာ မရှိနိုင်တော့လို့တောင် ထင်ခဲ့ဖူးသည်။
အရွယ်ရလာတော့လည်း ဘယ်လိုက ဘယ်လို ဒါတွေနဲ့ အဆက်ပြတ်သွားမှန်းပင် သတိမထားမိလိုက်။
သူတို့က သူတို့နဲ့ ထိုင်ဖို့ ခေါ်ပေမယ့် ကားသမားထုံးစံ ကိုယ့်ဘာသာကိုယ်ပဲ
သက်သက်တစ်ခုံမှာ သွားထိုင်နေလိုက်သည်။
တိုက်ဆိုင်မှုတွေများလွန်းသည်ထင်သည်။
လက်ဖက်ရည်ဆိုင်နဲ့ လမ်းတစ်ဖက်က စေတီငယ်တစ်ခု ဖြစ်သည်။ စေတီငယ်ရဲ့
အ၀င်မုခ်ဦးအမိုးခုံးသည် အင်္ဂတေ ပန်းတမော့လက်ရာတို့ဖြင့် လှပ တင့်တယ်လွန်းလှသည်။
မုခ်ဦးအမိုး ကွေးကွေးဝိုက်ဝိုက်တစ်လျှောက် အလှူရှင်အမည်ကို လှလှပပ ရေးထိုးထားသည်။
ကြည့်ရတာ ကြေးသတ္ထုကဲ့သို့သော သတ္ထုတစ်မျိုးကို မြှပ်၍ စာလုံးဖော်ထားသည်ထင်သည်။
လမ်းတစ်ဖက် ခပ်လှမ်းလှမ်းကပင် ရှင်လင်းတောက်ပစွာ မြင်ရသော လက်ရာပင်။
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး နှင့် သား မောင်အောင်မျိုး ကောင်းမှု
၁၃၃၂ ခု
သီတင်းကျွတ်လပြည့်ကျော် ၃ ရက်
ဒါကို လှူတော့ ဒီလူ့အသက်က ၁၀
နှစ်သားရှိပြီ။ ကျွန်တော် လေးတန်းကျလို့ အဖေက မန္တလေးက သူ့အကို ၀မ်းကွဲဆီပို့ပြီး
ကျောင်းတက်ခိုင်းခဲ့တဲ့ နှစ်ပေါ့။ အဲဒီ ဦလေးကို ကျွန်တော်
တော်တော်ကြောက်ရတာဖြစ်သည်။ ဒီလူက ဆယ်နှစ်သား အရွယ်ရောက်တာတောင် နောက်မှာ နောက်ထပ်
ညီ ညီမ ရှိပုံ မရချေ။ အကို အမလည်း မရှိဘူး ထင်သည်။ မိဘတွေ ဒီလူ့ကို ဘယ်လောက်
ချစ်ကြပါလိမ့်။ အားနေတော့လည်း လူက တွေးချင်သည်။ ကုက္ကိုတန်းဆိုတာ ဘယ်နားကပါလိမ့်။
မန္တလေးအနီးတစ်ဝိုက်ကတော့ မဟုတ်ဘူးထင်သည်။ ကျွန်တော့်တစ်သက် အနှစ် ၅၀ နီးနီး မန
္တလေးနားပဲ နေလာတာ ရောက်ဖူး ကြားဖူးတဲ့ ရွာထဲမှာတော့ ဒီနာမည် မပါ။ ကျွန်တော်တို့
ဘုတ်မင်းကန်လို နာမည်ကြီး မဟုတ်တာ သေချာသည်။
ကျောင်းသားတစ်ယောက်က
ကားတံခါးဖွင့်ပေးဖို့ လာပြောတော့ ကျွန်တော် ကားတံခါးလိုက်ဖွင့်ပေးရသည်။ သူက
ကားရှေ့ခန်း စက္ကူသေတ္တာထဲက စာရွက်အလွတ်တွေ ဖောင်တိန်တွေနဲ့ စာအုပ်တစ်ချို့ကို
နှိုက်ပြီး ‘ရပြီ ဦးလေး’ ဟုပြောသည်။ ကူသယ်ပေးမယ်ပြောတော့လည်း လက်မခံ။ ‘ရပါတယ်
ခင်ဗျ’ ဟုသာပြောပြီး သူ့ဘာသာ သယ်သွားသည်။ အိမ်က သားတော်မောင်တွေရော ဘယ်လိုပါလိမ့်။
ဒီလို ယဉ်ယဉ်ကျေးကျေးတွေမှ ဟုတ်ရဲ့လား။ ကျွန်တော့်ထက် မအေကို ပို ကပ်ကြသော
သားတော်မောင်တွေဆီ စိတ်က ရောက်သွားပြန်သည်။ ကျောင်းသားတစ်စုကတော့
လက်ဖက်ရည်စားပွဲပေါ်မှာ စာအုပ် စာရွက်ကိုယ်စီနှင့် အကျအနပင် ဘာတွေလဲတော့ မသိ
အလုပ်ရှုပ်နေကြသည်။ ကြာကြဦးမည်ထင်ပါရဲ့။ ကားကတော့ ဆီထည့်ပေးပြီး နေ့တွက်နဲ့
အပြတ်ငှားထားတာမို့ ဘာမှမထူး။ မမောင်းရ ပိုတောင်သက်သာသေးသည်။ ဒါပေမယ့် ကားသမား
ကားမမောင်းဘဲ ငုတ်တုတ်ထိုင်နေရတော့ စိတ်တွေက တောင်ရောက်မြောက်ရောက်။ အခွင့်ရတုန်း
ဆေးလိပ်တစ်ဖွာ နှစ်ဖွာ ဖွာဦးမှ။
(ဂ) ဆေးလိပ်မီးညှိရင်း
မျက်လုံးတွေက မုခ်ဦး အ၀င်က အလှူရှင်နာမည် စာတန်းဆီ ပြန်ရောက်သွားပြန်သည်။ ‘ငါနဲ့
သက်တူ ရွယ်တူဆိုတော့ ဒီကောင် ဘယ်မှာ ကျောင်းတက်တာပါလိမ့်’။ ကျွန်တော်လိုပဲ
ရွာသားပေမယ့် မန္တလေးမှာ ကျောင်းလာတက်ဖြစ်တယ်ဆိုတာလည်း ဖြစ်နိုင်သည်ပင်။
ကျွန်တော်က (၁၃) ကျောင်းထွက်။ ကျွန်တော်နဲ့ အတန်းတစ်ခုခုမှာ နာမည်တူခဲ့တဲ့
အောင်မျိုးတစ်ယောက်ယောက်ရော မဖြစ်နိုင်ဘူးလား။ စဉ်းစားမိသလောက်တော့ သိဖူး
ခင်ဖူးတဲ့ အောင်မျိုးတွေနဲ့ ကုက္ကိုတန်းဆိုတဲ့ ရွာက တွဲရက်ရှိမနေ။ ငယ်ငယ်တုန်းက
အောင်မျိုးတွေကိုလည်း ကောင်းကောင်းမမှတ်မိ။ မှတ်မှတ်ရရ ကျွန်တော်ရဲ့ နောက်ဆုံး
ကျောင်းသားဘ၀ ကိုးတန်းတက်တုန်းက အောင်မျိုးကတော့ ကျွန်တော်နဲ့ သိပ်တည့်တာမဟုတ်။
ဒီကောင်က ရွှေတချောင်းသား။ ပြီးတော့ ဒီကောင့်မှာ အကို တစ်ယောက်ရှိပြီး
အဲဒီအကိုကလည်း ဆယ်တန်းကျ။ သူတို့ ညီအကိုနှစ်ယောက်လုံး လူဆိုးတွေအဖြစ်နာမည်ကြီးသည်။
သူများသာပြောတာ ကျွန်တော်ကလည်း ခဏခဏ လူကြီးမိဘခေါ်ဖို့ ဖြစ်ရသူဆိုတော့ ဆရာ ဆရာမတွေက
အောင်မျိုးဆို ဘယ်အောင်မျိုးဖြစ်ဖြစ် ကြောက်လှသည်ဆိုသည်။
မောင်ကျောင်းသားတွေက
ဘာတွေလုပ်ကြသည်မသိ။ မပြီးနိုင်ကြပေ။ ဆွေးနွေးကြဆဲ။ နေ့လည်နားကပ်လာပြီး
ဗိုက်ကဆာလာသည်မို့ လက်ဖက်ထမင်းတစ်ပွဲ ကြက်ဥကြော်နဲ့ မှာစားလိုက်သည်။ အားလုံးထကာ ကားဆီလျှောက်သွားချိန်မှာတော့
မွန်းတည့်လုပြီ။ ပိုက်ဆံရှင်းဖို့ စားပွဲထိုးလေး ခေါ်လိုက်တာ ရှင်းပြီးပြီဆိုပဲ။
‘ငါ့တူတို့။ ဦးလေးစားတာ
ဘယ်လောက်ကျသွားသလဲ။ ပြန်ယူပါကွ’
‘ဟာ။ ကျွန်တော်တို့ ကျွေးပါရစေ။’
‘မဟုတ်တာ။ ကားခထဲမှာ အဲဒါ
အကုန်ပါပြီးသာပါကွ။ ငါ့ဘာသာ ၀ယ်စားရမှာ။’
‘အဲလိုလည်း မဟုတ်ပါဘူး။ ဦးလေးရယ်။
ထားလိုက်ပါ။ ကျွန်တော်တို့ နောက်ရက်တွေလည်း လာဖို့ ရှိဦးမှာ။ အဆင်ပြေရင်
ဦးလေးနဲ့ပဲ လာလိုက်မယ်လေ။ ကိုယ့်တူတွေလို သဘောထားပါဗျ။’
ကျွန်တော်တို့ ကားသမားတွေအတွက်တော့
ပြောရဆိုရ အဆင်ပြေတဲ့ ခရီးသည်ရတာ ကံကောင်းလွန်းသည်ပင်။ ဒီကလေးတွေနဲ့ လာရတာ မဆိုး။
ဈေးကိုလည်း နည်းနည်းမှပင် မစစ်ခဲ့ကြ။ ပိုက်ဆံတတ်နိုင်ကြသည် ထင်ပါရဲ့။ အိမ်က
သားတော်မောင်တွေရော တက္ကသိုလ်တက်ကြတာ ဘာတွေများသုံးစရာတွေရှိပြီး ဘယ်လိုတွေ
သုံးကြပါလိမ့်။ မှတ်မှတ်ရရ ခုထိ ပိုက်ဆံလုံးခနဲ ပေးရတာမျိုး ကြုံတော့
မကြုံဘူးလှပေ။ သူတို့အမေက ကျွန်တော်မသိအောင် ကြည့်ကျက်လုပ်ပေးနေလေသလားမသိ။
သမီးကတော့ ငယ်သေးလို့ထင်သည်။ တော်တော်လိမ္မာသည်။ မုန်းဖိုးပေးသမျှ စုထားသည်ချည်း။
မုန့်ဝယ်စားပါသမီးရဲ့ လို့ အတင်းပြောရသည်။ ဒါကြောင့်မို့ မိန်းမကရော သားတွေကပါ
ကျွန်တော့်ကို သမီးမှ သမီး သည်းသည်းလှုပ်သည် ထင်ကြသည်။ ကျွန်တော်ကလည်း
အမှန်လိုပဲမို့ အငြင်းခက်ပါသည်။ ဒါတောင်မှ သမီးနဲ့ မှတ်မှတ်ရရ ဘာမှ အတူမလှူဘူး။
စားဝတ်နေရေးကလည်း ရုန်းကန်နေရလို့ထင်ပါသည်။
လမ်းတစ်လျှောက် စက်ဘီးစီးသူရော
လမ်းလျှောက်သူရော များလှသည်မို့ ကားကို ဖြေးဖြေးပဲ မောင်းရသည်။ သည်လိုနဲ့ပဲ
နာမည်ကျော် မင်းကွန်းပုထိုးတော်ကြီး ရောက်လာခဲ့ကြသည်။ ဒီမှာတော့ ကျောင်းသားတွေ
ကျိန်းသေ ကြာကြပေလိမ့်မည်။
‘ဦးလေးရေ။ သွားစရာရှိရင်
အေးအေးဆေးဆေးသွားနေ။ နှစ်နာရီလောက် ကြာဖို့များတယ်။’
‘ရပါတယ်ကွ။ မင်းတို့ ကားထဲက
ယူချင်တာရှိရင် ခက်နေပါ့မယ်။’
‘ရပါတယ်။ ဦးလေးလည်း ပျင်းမှာပေါ့။
ဟိုနားဒီနား လျှောက်သွားပါ။’
‘ကောင်းပါပြီကွာ။ ဒါဆိုလည်း ဦးလေး
ဒီနားတစ်ဝိုက်မှာပဲ ရှိမယ်။ လူအိုရုံဘက် ဒါမှမဟုတ် ခြင်္သေ့ရုပ်တွေရှိတဲ့
မြစ်ကမ်းခြေဘက်မှာ ရှိမယ်လေ။’
(ဃ) မြစ်ကမ်းခြေမှာ
ရှိတဲ့ ခြင်္သေ့ရုပ် အပြိုအပျက်တွေဘက် လျှောက်လာခဲ့ပြီး ဒီနေရာရောက်တိုင်း
ဖြစ်နေကျထုံးစံ ဟိုးတစ်ခေတ်တစ်ချိန်က မြန်မာတွေရဲ့ အားထုတ်မှုကို
အံ့သြစောကြောနေမိသည်။ နောက်ထပ်ထုံးစံ တစ်ခုကိုလည်း မပျက်မကွက်လုပ်ရသေးသည်။
ခပ်ရွယ်ရွယ် အုတ်ခဲကျိုးစကို ကိုင်ပြီး ခြင်္သေ့ရုပ်ပေါ်ကနေ ကျော်အောင်ပစ်ဖို့
ကြိုးစားတာ။ ငယ်ငယ်က ကျောင်းပြေးပြီး လှေတွေနဲ့ ဒီဘက်ကမ်းအထိ လာခဲ့တာ သတိရသည်။
အခုခေတ်ကလေးတွေကတော့ ဒီလို မရှိကြတော့ဘူးထင်ပါရဲ့။ တကယ်တမ်းတွေးကြည့်ရင် အန္တရာယ်
များလွန်းလှသည်။ ငယ်ငယ်တုန်းဆိုတော့လည်း ကြောက်ရကောင်းမှန်းမသိခဲ့။
နန်းတော်ကျွန်းရွာက သူငယ်ချင်းတွေက လှေရှိသည်မို့ မင်းကွန်းကို ကျောင်ပြေးရတာ
အဆင်ပြေသည်။ အိမ်တွေက မသိအောင် လျှောက်သွားရတာကိုက အရသာဖြစ်ခဲ့သည်။
ရေနစ်သေနိုင်သည့် အန္တရာယ်ထက် စာသင်ခန်းကို ပို ကြောက်တတ်ခဲ့သည် ဆိုရမည်။
တစ်နာရီ ကျော်ကျော်လောက် ကြာတော့
ကားဆီ ပြန်သွားပြီး အရိပ်အခြေ ကြည့်လိုက်သည်။ ဘယ်သူ့မှ မတွေ့။
ပုထိုးပေါ်တက်နေရင်ပဲဖြစ်ဖြစ် ပုထိုးဟိုဘက်ခြမ်းရောက်နေရင်ပဲဖြစ်ဖြစ်
မြင်ရမှာမဟုတ်။ ခေါင်းလောင်းကြီးနဲ့ကလည်း ကပ်လျက်ဆိုတော့ သူတို့ဘာသာ သူတို့များ
လမ်းလျှောက်သွားကုန်ကြလေသလား မသိ။ သူတို့က သဘောကောင်းကြသည်ဆိုတော့
တစ်ခုခုပြောမှာမျိုး စိတ်တော့ သိပ်မပူလှ။ သူတို့ နှစ်နာရီလောက်ကြာမယ်ဆိုတာ
တကယ်ပဲထင်ပါရဲ့။ ဘာတွေကိုများ နှစ်နာရီ ကြာအောင် ကြည့်ကြမလို့ပါလိမ့်။
ဘိုးဘွားရိပ်သာဘက်လမ်းလျှောက်ရင်း
ဆေးလိပ်သောက်ဖို့ ပြင်လိုက်သည်။ အနီးအနားက ဆိုင်တွေ လူတွေကိုလည်း ငေးရင်း
ကြည့်ရင်း။ သမီးဖို့ ကစားစရာ တစ်ခုခု ၀ယ်သွားမလားလည်း စဉ်းစားမိသည်။
နည်းနည်းကြာပြီး ကားဆီပြန်လာတော့လည်း ကျောင်းသားအုပ်ကို မတွေ့ရသေး။ ပိုက်ဆံက
ကြိုပေးထားတာဆိုတော့ ဒီကိစ္စတော့ ပူစရာမရှိ။ သူတို့တွေ ပုံစံကလည်း
မိကောင်းဖခင်သားသမီးဆိုတာ ဒီပုံစံလို့ ပြောရမယ့် ရုပ်ကလေးတွေ။ ကားထဲကပဲ
ထိုင်စောင့်တာ ကောင်းပါတယ် စဉ်းစားပြီး ကားထဲ ၀င်ထိုင်နေလိုက်သည်။ ဒီလိုနဲ့
တော်တော် ကြာသွားပြန်သည်။ ပေါ်မလာကြသေး။ ဘာလုပ်ရင်ကောင်းမလဲ။ စဉ်းစားရင်း
စဉ်းစားရင်း ခေါင်းထဲ ဖျတ်ကနဲ အကြံတစ်ခု ရသွားသည်။ ဒီနားတစ်ဝိုက်မှာ
ဟိုလူတွေမိသားစုက ခဏခဏ လှူတတ်ပုံရသည်ဆိုတော့ ဘိုးဘွားရိပ်သာမှာ ဒါမှမဟုတ်
ဒီအနီးအနားမှာရော တစ်ခုခု လှူခဲ့ကြလေမလား။ အလုပ်မရှိ ကြောင်ရေချိုးဆိုတာ ဒါပဲ။
ဘာပဲဖြစ်ဖြစ် အချိန်ဖြုန်းစရာတစ်ခု
ရလာတော့ ၀မ်းသားအားရ ဖြစ်သွားသည်။ ဘိုးဘွားရိပ်သာနှင့် အနားတစ်ဝိုက်က
အုတ်တံတိုင်းတွေကို ဖတ်ရတာက စိတ်ဝင်စားစရာ ကောင်းလာသည်။ ဒါပေမယ့် ခေါင်းသာ
တဖြည်းဖြည်းနောက်လာရော ဘာမှ မတွေ့။ စိတ်ထဲမှာ မဖြစ်နိုင်သလို ထင်မိပြန်သည်။
တဖက်ကလည်း ဒါ မထူးဆန်းဘူး ဖြစ်နိုင်တာပဲလို့ တွေးမိပြန်သည်။ ဒီလိုနဲ့ပဲ
လမ်းလျှောက်ရင်း တောင်ဖတ်မြောက်ဖတ်နှင့် ကိုယ့်ကိုယ်ကို သတိထားမိချိန်မှာ
ခေါင်းလောင်းကြီးထားတဲ့ အဆောက်အအုံနားရောက်နေခဲ့ပြီ။ ဒီအဆေက်အအုံမှာကတော့
သံပန်းကွက်တွေနဲ့ရော ဆေးရေးတွေနဲ့ပါ အလှူရှင်နာမည်တွေ တစ်ပုံတစ်ပင်။ ကိုယ့်တစ်သက်
ဘာတစ်ခုမှ ကမ္ပည်းထိုးမလှူဖူးတာလည်း ခုမှ သတိထားမိသည်။ အလှူဆိုတာ မဖြစ်မနေ
ကမ္ပည်းထိုးလှူမှ မဟုတ်ဘဲလို့ ဆင်ခြေလည်းကန်မိသည်။ ဒါပေမယ့်လည်း ခုလို
ကမ္ပည်းတွေလိုက်ဖတ်နေမိမှ တစ်ခုခုကို အားကျသလို ခံစားရသည်။ ဖတ်လိုက်တဲ့
အလှူ့ရှင်တွေ တော်တော်များလာပေမယ့် ရှာနေတဲ့ နာမည်တစ်ခုကိုတော့ မတွေ့သေးပေ။ မန
္တလေးမြို့နေ ဦးကြင်လှိုင်။ ကျော်ချ။ မတ္တရာမြို့နေ။ ကျော်ချ။ ပဲခူးမြို့
ဆံတော်တွင်းရပ်။ ကျော်လိုက်။ ခေါင်းတွေက နည်းနည်းတောင် နောက်လာပြန်ပြီ။
ခဏနားဦးမှ။
နောက်တစ်ခေါက် ပြန်စဖတ်တဲ့
အချိန်မှာတော့ ရှာဖွေတဲ့ အလုပ်ကို တော်တော် ကျွမ်းလာသည်လို့ထင်သည်။
မြန်မြန်ကျော်ချ တတ်လာပြီး မြန်မြန် ရှာတတ်လာသည်။ ဒါပေမယ့် မတွေ့သေး။ ‘နေပါဦး။
ဒါထက် ဒီလူ မြို့တွေ ဘာတွေ ပြောင်းသွားရင်ရော။ ဒါဆို ကုက္ကိုတန်းနဲ့ ဘယ်စတော့ မလဲ။
သေသေချာချာ ဖတ်မှပါ။’
စိတ်အေးလက်အေးနဲ့ ကျကျနန ပြန်ဖတ်လို့
ထင်သည်။ ကျွန်တော့်စိတ်အထင် သိပ်မကြာလိုက်ခင်မှာပဲ အမိုးမျက်နှာကြက်နားလောက်မှာ
တွေ့လိုက်ရတဲ့ စာတန်းက
ကုက္ကိုတန်းရွာနေ
ခမည်းတော် ဦးမျိုးဝေ + မယ်တော် ဒေါ်ခင်လေး အမှုးထား၍ အရှင်ဇာဏေယျ ကောင်းမှု
၁၃၄၁ ခု
သီတင်းကျွတ်လပြည့်ကျော် ၂ ရက်
‘သြော် ဒီလူ ဦးဇင်း ၀တ်နဲ့ လှူထားတာထင်ပါရဲ့’
လို့ တွေးမိရင်း ကိုယ့်ရဲ့ ရှာဖွေတွေ့ရှိမှုအတွက် ကျေနပ်သွားသည်။ ဘုန်းကြီးဆိုတော့
ဘွဲ့တော်ကို နေနံသင့် ပေးထာသည်။ အင်္ဂါသား ဆိုတော့ စ၊ ဆ၊ ဇ၊ ဈ၊ ည။ ကျွန်တော်လည်း
သူ့လို့ ပဲ အင်္ဂါနေ့ မွေးပေမယ့် အဖေအမေက ဘာကြောင့်လဲမသိ အောင်မျိုးလို့
နာမည်ပေးခဲ့သည်။ အကြောင်းတစ်ခုခုတော့ ရှိမည်ထင်ပါသည်။ ကျန်းမာရေး ဒါမှမဟုတ် ဘ၀မှာ
တိုးတက်ကြီးပွားအောင် စသည်ဖြင့် မြန်မာ့ နာမည်ပေးက ဥပဒေသ စုံလှသည်။ ဒီလူက အလှူကို
သူ့မွေးနေ့နဲ့ အကိုက် လုပ်တာ ထင်သည်။ ကမ္ပည်းတွေက သီတင်းကျွတ်လပြည့်နားချည်းပင်။
ရက်နည်းနည်း အတိုးအဆုတ်ဖြစ်ကာ လွဲသွားသည် ထင်သည်။ ရှာနေတာကို တွေ့သွားပြီမို့
ဆော့ကစားလို့ ပြီးသွားတဲ့ ကလေးတစ်ယောက်လို ကျေကျေနပ်နပ် ဖြစ်သွားပြီး ဟိုဒီ
ဆက်ကြည့်နေမိသည်။ ဒီလူက အပြီးအပိုင်များ သာသနာ့ဘောင် ၀င်သွားလေသလား။ မိဘတွေက
သားတစ်ယောက်တည်းဆိုတော့ ပေးဝင်ပါ့မလား။ တီဗွီဇာတ်လမ်းတွဲ တစ်ခုလိုပင် စိတ်ဝင်စားစရာ
ဖြစ်လာသည်။
အဲဒီ အချိန်မှာပဲ
တိုက်တိုက်ဆိုင်ဆိုင် ခေါင်းလောင်းကြီးထားတဲ့ အဆောက်အအုံနဲ့ မလှမ်းမကမ်းက အင်္ဂတေ
ခုံတန်းလျားတစ်ခုရဲ့ ကမ္ပည်းမှာတော့
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၄၂ ခု
သီတင်းကျွတ်လပြည့်နေ့
‘သြော်၊ ဒီလူ သာသနာ့ဘောင် အပြီးဝင်တာ
မဟုတ်ဘူးပဲ။ တော်တော် အရွယ်ရောက်တဲ့ အထိလည်း အဲဒီရွာမှာ ရှိနေတုန်းပဲ။
ပြည့်စုံကြတယ် ထင်ပါရဲ့။ လှူနိုင်လိုက်ကြတာ။ ခုံတန်းကြီးကလည်း ကောင်းလိုက်တာ။
ကိုယ့်ဘာသာ တစ်ယောက်တည်း လှူတာဆိုတော့ သူ့မွေးနေ့နဲ့ အချိန်ကိုက် ဖြစ်အောင်
ကမ္ပည်းထိုးလိုက်နိုင်တယ် ထင်ပါရဲ့’ စသည်ဖြင့် မရေမရာ အချက်အလက်တွေ ပေါ်မှာ
အခြေခံပြီး ကျကျနန အတွေးဆန့်ရင်း စာတန်းကိုလည်း နောက်တစ်ခေါက်ပြန်ဖတ်ရင်
ပြုံးနေမိပါသည်။
‘ဘာတွေ သဘောကျနေတာလဲ ဦးလေးရ။
ကျွန်တော်တို့ က ဦးလေး ပျင်းနေပြီ ထင်တာ။’
ကျောင်းသားလေးထဲက နှစ်ယေက်က
ကျွန်တော့်အနား ဘယ်အချိန်က ရောက်လာသည်မသိလိုက်။ ကျန်တဲ့ လေးယောက်ကိုတော့
ခေါင်းလောင်းကြီးနားမှာ တွေ့လိုက်သည်။
‘သြော် ဘာမှ မဟုတ်ပါဘူးကွာ။ ဟိုဟာလေ။’
လက်က ဘာရယ်မဟုတ် ခုံတန်းလျားက
ကမ္ပည်းကို လက်ညှိုးညွှန်မိသည်။ ကျောင်းသား တစ်ယောက်က ကျွန်တော့်နာမည်ကို
ကားလာငှားကတည်းက မေးပြီး သိထားသူမို့ ကမ္ပည်းကို ဖတ်ရင်း
‘သြော်။ ဦးလေးတို့ လှူထားတာလား။’
ခေါင်းကို ခပ်ဖြည်းဖြည်းခါရင်း
‘မဟုတ်ပါဘူးကွာ။ အရမ်းခင်တဲ့ နာမည်တူ
သူငယ်ချင်းတစ်ယောက်ပါ။’
‘သြော်’
ဘုရားအရိပ်လာပြီး ညာသလို ဖြစ်လေမလား။
ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ ကမ္ပည်းစာ လေးခု ဖတ်ပြီးချိန်မှာ အရမ်းရင်းနှီးကြပြီးသားလူတွေလို
ခံစားရသည်။ သာဓု သာဓု သာဓုပါ သူငယ်ချင်းရေ။
‘ဦးလေး ကြည့်ချင်သေးတာ လုပ်ချင်သေးတာ
ရှိသေးရင် အေးဆေးလုပ်နော်။ ကျွန်တော်တို့ ကားနားက စောင့်မယ်။’
သူတို့က သဘောကောင်းလို့
စောင့်မယ်ဆိုပေမယ့် ကျွန်တော်က ခပ်သွက်သွက်ပဲ သူတို့ နောက်က လိုက်သွားလိုက်သည်။
(င) ဒီလိုနဲ့ပဲ
နေစောင်းစပြုလာနေပြီ။ သူတို့ စားဖို့ ရွေးလိုက်တဲ့ ထမင်းဆိုင်က ကောင်းလွန်းသည်။
ဈေးကြီးမည့်ပုံပင်။ တခြားဆိုင်မှာ သွားစားရင်ကောင်းမလား စဉ်းစားနေတုန်းကိုပဲ
တစ်ယောက်က
‘ဦးလေး။ ကျွန်တော်တို့ ကျွေးမှာနော်။
အားမနာပါနဲ့ဗျ။ လာပါ။’
သူတို့ရဲ့ လှိုက်လှဲ ဖော်ရွေမှုမှာ
ကျွန်တော်စိတ်ချမ်းသာ လက်ချမ်းသာဖြင့် မျောပါသွားသည်။ တစ်စားပွဲစီ စားကြသည်မို့
ရွံ့စရာ အားနားစရာလည်းမလို။ လက်ဖက်ထမင်းက ခံနေတော့ မဆာ့တဆာ ဖြစ်နေတာဆိုးသည်။
လက်ရာကကောင်းတော့ ဆာဆာနဲ့သာ စားလိုက်ရရင်ဟု စားနေရင်း တန်းလန်းကို လောဘကြီးနေမိသေးသည်။
ဒီလို ကားအငှား ခဏခဏ ရလျှင် ကောင်းမည်။ ကျွန်တော့်သားတွေကတော့ သူတို့လောက်
သဘောကောင်းနိုင်မည်မထင်။ သဘောကောင်းချင်ရင်တောင် အဲသလောက် အင်အားမရှိဟု
ကျွန်တော်သိပါသည်။
စားပွဲချင်းကပ်လျက်မို့ သူတို့
ပြောတဲ့ စကားတွေကို ကြားနေရသည်။ ကျွန်တော့်နာမည် ပါလာတာကိုလည်း သတိထားမိသည်။
သူတို့ကတော့ ရိုးရိုးသားသားပြောနေသည်မို့ထင်သည်။ အသံကိုလည်းပုံမှန်အသံဖြင့်
အေးအေးဆေးဆေးပင် ပြောနေကြသည်မို့ ပြတ်ပြတ်သားသားပင် ကြားနေရသည်။ ကျွန်တော် ခုနက
ကမ္ပည်းကို ဖတ်နေတဲ့ အကြောင်း ပြောနေကြခြင်းပင်။ ကောင်မလေးတစ်ယောက် ပြောသည်။
‘အဲဒါပြောတာပေါ့ဟဲ့။ ဂုဏ်လိုချင်လို့
သက်သက်ချည်းပဲ ကမ္ပည်းထိုးကြတာ မဟုတ်ဘူးလို့။ ငါတို့ အမှတ်တရ ဓါတ်ပုံ
ရိုက်ကြသလိုပေါ့ဟ။ တစ်ခါတစ်လေ အမှတ်တရ ပြန်ကြည့်ရတာ ဘယ်လောက် ကောင်းသလဲ’
သူ့ဥပမာက မြင်လွယ်ပေမယ့်
နောက်ကောင်မလေး ၀င်ပြောတာကို ပို သဘောကျသည်။
‘ကိုယ် ပြုခဲ့ ဖူးတဲ့ ကုသိုလ်ကို ပြန်အမှတ်ရပြီ
ပီတိပြန်ဖြစ်ရတာ ကုသိုလ်ရတယ်ဟဲ့။’
ကျွန်တော်က အသက်ကြီးပေမယ့် သူပြောတာ
ဟုတ်သလား မဟုတ်သလား သိရအောင်က ဘာသာရေးနဲ့ မနီးစပ်လှ။ ခုကြည့်ရတာက ကျွန်တော်က
ကျွန်တော့်နာမည်တူရဲ့ ကမ္ပည်းစာကို ဖတ်တာက စလို့
ကမ္ပည်းထိုးလှူခြင်းအကြောင်းစကားစပ်၊ အဲဒီလို လှူတာကို ကောင်လေးတွေက ပကာသန
နွယ်တယ်လို့ ဝေဖန်လေသလားမသိ၊ ကောင်မလေးတွေက အကောင်းဖက်က တွေးပြပြောပြပေးနေတာ
ဖြစ်နိုင်သည်။ သူတို့ လူငယ်လေးတွေလည်း ဒီလို လေးလေးနက်နက် ကောင်းကောင်းမွန်မွန်တွေ
ထိုင်ဆွေးနွေးတတ်ကြသည်ပင်။ ကျွန်တော်ကတော့ ခုအချိန်ထိတောင် ဒီလို ကိစ္စမျိုးတွေ
တခုတ်တရ ဘယ်သူနဲ့ မှ မပြောဖြစ်။ အိမ်မှာ တစ်ခုခု လှူကြ တန်းကြစို့လို့ မိန်းမက
ဆိုလာရင်တောင် ‘မင်း ကြည့်ကျက်လုပ်ကွာ။ မင်းလုပ်တတ်တာပဲ’ ပြောပြီး နောက်ကပဲ
လိုက်ကာ ခိုင်းတာလုပ်ပေးလိုက်တာ များပါသည်။ ငယ်ငယ်ကဆိုရင်တော့ ခု သူတို့လို
ဒီလိုအကြောင်းအရာတွေ ဆွေးနွေးဖို့ မပြောနဲ့။ ဆိုးလွန်း ရိုင်းလွန်းလို့ဆိုပြီး
စကားဟဟ လာပြောသူတောင် သိပ်မရှိ။ မိန်းမရတော့ ကိုယ့်မိဘတွေကပင် ကိုယ့်မိန်းမကို
အသနားပိုကြရှာသည်။ သားနှစ်ယောက် ရပြီး တော်တော်ကြာမှ သမီးတစ်ယေက်မွေးလာတော့
‘ဒီသမီးတစ်ယောက်ရမှ ဒီကောင် လိမ္မာလာတာ’ ဆိုပြီး သမီးလေးကို အမွှမ်းတင်ကြသည်။ ကိုယ့်ကိုယ်ကို
ဆန်းစစ်ကြည့်တော့လည်း ဟုတ်သလိုလို ထင်မိသည်။ သမီးကြောင့်ပင် ကျွန်တော်
ပြောင်းလဲပစ်ခဲ့ စွန့်လွှတ်ပစ်ခဲ့တဲ့ အကျင့်တွေ အများကြီး ရှိပါသည်။
ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ပါ။ ဘေးလူတွေက ထောက်ပြ ပြောပြကြမှပဲ
ဘာတွေလုပ်ခဲ့မိမှန်း ကိုယ့်ကိုယ်ကို သိတော့သည်။ ထမင်းစားပြီးတော့
ဆိုင်ကအထွက်မှာတော့
‘ဦးလေးရေ။ ရှေ့နားကျရင်
ဘုန်းကြီးကျောင်း တစ်ကျောင်း ၀င်ဦးမယ်။’
မြသိန်းတန်ကို အရင်သွားမယ်
ထင်ထားသော်လည်း သူတို့က ဘုန်းကြီးကျောင်းကို အရင်ဝင်မည်ဆိုသဖြင့်
ဘုန်းကြီးကျောင်းကို အရင်သွားကြသည်။ လမ်မကြီးဘေးကနေ လမ်းသွယ်တစ်ခုထဲကို တော်တော်ချိုးဝင်သွားရသည်။
ကျောင်းကြီးက အိုလှပြီ ဖြစ်သော်လည်း ခိုင်ခံ့ ၀ံ့ထည်လှသည်။ ကျောင်းဝင်းတစ်ခုလုံး
အရိပ်ရအပင်ကြီးများဖြင့် အေးချမ်းတိတ်ဆိတ်နေသည်။ စက္ကူသေတ္တာထဲက ဘာတွေလဲတော့မသိ
ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတာတွေကို သယ်ကာ အားလုံး ကျောင်းပေါ်တက်ကြတော့ ကားနားမှာပဲ
ဝေ့လည်လည်ချန်နေခဲ့လိုက်သည်။ ကျောင်းက ရဟန်းသိပ်များများစားစား ရှိဟန်မတူ။
တစ်ချိန်ကတော့ ပို စည်ကားခဲ့ပုံရသည် ထင်မိသည်။ ကျောင်းဝင်းထဲမှာလည်း
အဆောက်အအုံလေးတွေ ဟိုးနားတစ်လုံး ဒီနားတစ်လုံး။ ကျောင်းပေါ်က
ဘုရားရှိခိုးသံကြားတော့ ကားနဲ့ ခပ်လှမ်းလှမ်းမှာ ဆေးလိပ်သောက်ရင်း
နားစွင့်နေမိပြန်သည်။ ဘုန်းကြီးကတိုင်ပေးသံ ကျောင်းသားများကနောက်က
လိုက်ဆိုသံကိုကြားရတော့ ကြာဦးမယ်ထင်ပါရဲ့ ဟုတွေးမိသည်။ ခြေလှမ်းများကလည်း
ဘာရယ်မဟုတ် ခပ်လှမ်းလှမ်းပိတောက်ပင်ကြီးရဲ့ အောက်က ဇရပ်ကလေးဆီ ဦးတည်လိုက်မိသည်။
သွပ်မိုး ပျဉ်ခင်း ဇရပ်ကလေးက မျက်နှာဝလေးပင် နောက်ကိုငါးပင် ဖြစ်ပြီး
တောင့်တေင့်တင်းတင်း ခိုင်ခိုင်မာမာနဲ့ ကျယ်ကျယ်ဝန်းဝန်း လင်းလင်းချင်းချင်း။
ပိတောက်ရွက်တွေကတော့ တဝေ့ဝေ့တောက်လျှောက်ကြွေကျနေသည်မို့ မြေပြင်ပေါ်မှာ
များလွန်းလှသည်။ လေသင့်လျှင် ရွေ့ပါသွားကြရင်းကပင် ချိုးချိုးချွတ်ချွတ် မြည်နေသေးသည်။
ဇရပ်က လူတစ်ရပ်လွတ်အောင်လဲမမြင့် နိမ်လည်း မနိမ့်လှပေ။ ဇရပ်အောက်မှာတော့
မှန်မှန်လှည်းကျင်းသည်ထင်သည်။ သစ်တချို့ ပုံထားပြီး အားလုံး သပ်သပ်ရပ်ရပ်ပင်။
ခွေးတစ်ချို့ အိပ်နေကြသည်ကို တွေ့တော့ ကြောက်မိသော်လည်း သူတို့က
ခေါင်းပင်ထောင်မကြည့်ပေ။ ဘုန်းကြီကျောင်းနေကြသည့် ခွေးတွေဆိုတော့ လူဝင်လူထွက်
ယဉ်ပါးပုံပင်။ ဇရပ်ကို တက်သည့်လှေကားက ငါးထစ်ပဲရှိသည်။ အနိမ့်ဆုံးအထစ်က
အုတ်ပြင်ကျယ်ကျယ်နဲ့ ဖိနပ်ချွတ်လို့ ရအောင်လုပ်ထားသည်။
ဘုန်းကြီးကျောင်းဝင်းထဲဆိုတော့ လူတွေအနေနဲ့က ဘယ်သူမှ ဖိနပ်စီးကြမှာ မဟုတ်ပေမယ့်
ဘုန်းကြီးရဟန်းတွေ အကြောင်းရှိလို့ ကြွလာရင်တော့ အဆင်ပြေပေလိမ့်မည်။ ပထမ
လှေကားထစ်ပေါ်ခြေချရင်း မသိစိတ်က တခုခု လှုံ့ဆော်သလို ခံစားရကာ ခေါင်းကို
မော့အကြည့်မှာပဲ ဇရပ်ရဲ့ နဖူးစည်းကမ္ပည်းစာတမ်းက သူ့ကို အံ့သြသွားစေခဲ့သည်။
တော်တော် လှူနိုင်တဲ့ မိသားစုပါပဲ။
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၄၇ ခု
သီတင်းကျွတ်လပြည့်နေ့
၁၃၄၇ ဆိုတော့ ဒီလူ့အသက် အစိတ်ရှိပြီ။
ဒီအချိန်ထိ ဒီလူက အိမ်ထောင်မကျခဲ့လေသလား။ ကျွန်တော်ဆို အဲဒီအရွယ်မှာ
သားနှစ်ယောက်တောင်ရနေပြီ။ ဒီလူ တယ်ညံ့တာပဲ လို့ စိတ်ထဲကပဲ
ခပ်တိုးတိုးလှောင်လိုက်ရင်း တစ်ဦးတည်းသော သားဆိုတော့ မိဘတွေကများ
ချုပ်ချယ်လွန်းခဲ့လေသလား။ သူကိုယ်တိုင်က မစွံခဲ့သူလား။ မိဘနဲ့ ချစ်သူကြား
အသည်းကွဲခဲ့ရသူလား။ ကျွန်တော့်မှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်ကဗျာမဆန်ခဲ့။
အသက်နှစ်ဆယ်မပြည့်သေးတဲ့ ကျွန်တော်နဲ့ အဲဒီအချိန်က ကျွန်တော့် ကောင်မလေးတို့ အလည်လွန်နောက်ကျခြင်းက
‘နင် ငါ့နောက်လိုက်ခဲ့ဟာ’ လို့ ခေါ်ဖြစ်တဲ့ဆီရောက်ပြီး အိမ်ထောင်ကျခဲ့သည်လို့
တိုတို လွယ်လွယ်ပြောလို့တောင် ရပါသည်။ ကျွန်တော့်အိမ်နားက ဒေါက်တာ သောင်းလှ သားလို
ယောက်ျားမဟုတ် မိန်းမမဟုတ်ကောင် ဖြစ်နေတာတော့ မဟုတ်ဘူးထင်ပါရဲ့။ ဒေါက်တာ
သောင်းလှသားကို ကြည့်ကြည့်ပြီး ကျွန်တော်သားအလတ်ကောင် ငယ်ငယ်ရွယ်ရွယ်တစ်ခုလပ်
ဖြစ်သွားတာကိုတောင် တော်ပါသေးရဲ့လို့ ကျွန်တော့်မှာ ကျိတ်ကျေနပ်နေရသည်။ လိမ္မာတယ်
လိမ္မာတယ်ဆိုပြီး အဲသလို ပေါက်ကရမလုပ်တာ တော်ဦးမည်။ ဒေါက်တာ သောင်းလှကတော့
ဆရာဝန်မို့ထင်သည်။ သူ့သားကို သူက အေးအေးဆေးဆေး လက်ခံနိုင်ပုံပင်။ ဦးမျိုးဝေ
ဒေါ်ခင်လေးတို့ကတော့ ရွာကဆိုတော့ ကျွန်တော့်လိုပဲ နေပါလိမ့်မည်။ သားအလတ်ကောင်
တစ်ခုလပ်ဆိုမှ ဒီ အောင်မျိုးလည်း တစ်ခုလပ်ဖြစ်နေနိုင်သားပင်။ တစ်ခုလပ်ဆို မိဘကလည်း
ကမ္ပည်းမှာ မိန်းမနာမည် ဘယ်ထည့်မလဲ။ မုဆိုးဖို ဆိုရင်မှ မိန်းမနာမည် ထည့်ချင်ထည့်ဦးမည်။
သဘာဝကိုကလည်း ကျွန်တော်တောင် ကျွန်တော့်သားတစ်ခုလပ်ဆိုတာ တစ်ခါတစ်ခါ မေ့မေ့နေသည်။
ကိုယ့်သားကိုယ် လူပျိုပဲထင်နေမိသည်။ ‘ဒါပေမယ့် ဒီလူကတော့ မုဆိုးဖိုတွေ တစ်ခုလပ်တွေ
ချောက်တောက်တောက်တွေ အဲသလို ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ပြည့်စုံချမ်းသာပုံရတော့
တက္ကသိုလ်တွေဘာတွေ တက်တယ်ထင်ပါရဲ့။ အဲသလို လူတွေက အိမ်ထောင်ပြုတာနောက်ကျတတ်ကြတာပဲ’
ဟု ကိုယ့်ကိုယ်ကို ပြောလိုက်ရင်း ရှေ့သွားဖြစ်မယ့်နေရာတွေကျရင် ကမ္ပည်းတွေကို
ဂရုတစိုက် ဖတ်ဖို့ သေချာနေတော့သည်။ မိန်းမတွေ ဘာတွေ ရပြီး သူအဖေအမေတွေလိုပဲ
သားသမီးတွေ ဘာတွေနဲ့ လှူထားတာတွေဘာတွေ လာလောက်သည်။ ဘမျိုးဘိုးတူခဲ့ရင်ပေါ့လေ။
ကျွန်တော်မတွေ့လိုက်ပဲ လမ်းမှာ ကျော်သွားခဲ့တာတွေ ထဲမှာရော မပါဘူး ပြောနိုင်မလား။
(စ) ကျောင်းသားအုပ်စု
ဘုန်းကြီးကျောင်းပေါ်က ဆင်းလာတော့ ကားထဲ အရင်ဦးအောင် ၀င်ထိုင်စောင့်နေလိုက်သည်။
ခုတောင် နေ တော်တော် ကျနေပြီ။ အချိန်က သိပ်ကျန်တာ မဟုတ်။ ရနိုင်သမျှ ကမ္ပည်းတွေ
များများ ဖတ်ဖြစ်ချင်သေးသည်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက ကျိတ်ပြုံးမိသည်။
ကျွန်တော်ပုံစံက သိသိသာသာ လောလောလောလောဖြစ်နေသည်ထင်သည်။
‘ဦးလေး အိမ်အပြန်နောက်ကျမှာ
စိုးလို့လား။ မြသိန်းတန် သွားပြီးရင် ပြီးပါပြီ ဦးလေးရဲ့။ အဲဒီမှာကလည်း ခဏပါပဲ။’
‘ဟာ။ မဟုတ်တာ မောင်ကျောင်းသားတို့ရာ။
အေးအေးဆေးဆေးလုပ်ပါ။ ဦးလေးက မင်းတို့ မြသိန်းတန်မှာ အေးအေးဆေးဆေး
နေရအောင်လို့ပါ။’
မြသိန်းတန်ဘုရားဘက်ရောက်လာတော့
နေရောင်အကျမှာ မင်းကွန်းသည် အလှကြီးလှနေသည်။ ဘုရားခြေရင်းမှာ ကားရပ်ရပ်ချင်း
အားလုံး ဆင်းကြသည်။ သူတို့တွေ ပန်းတွေဘာတွေ ၀ယ်နေတုန်း ကျွန်တော် ဘာကြောင့်ရယ်မသိ
ဆန္ဒစောကာ ဘုရားပေါ် အရင်တက်လာခဲ့လိုက်သည်။ ဘုရားပေါ်တက် ဘုရားဝတ်ပြုပြီးတာနဲ့
လုပ်ငန်းစပြီ။ မန္တလေးမြို့နေ ဦးထွန်းခင်။ မဟုတ်သေးဘူး။ နောက်တစ်ခု။ ရန်ကုန်မြို့
မြောက်ဥက္ကလာပ။ ဒါလည်း မဟုတ်သေးဘူး။ အဆင့်တွေများလှသော ဘုရားပုရ၀ုဏ်အတွင်းမှာ
ဘာရယ်မဟုတ် ရှာပုံတော်မင်းသာကြီး ဖြစ်နေသည်။ ကျွန်တော်တစ်သက်မှာလည်း
စိတ်ဝင်စားဖို့ အကောင်းဆုံး အလုပ်တစ်ခုလို ထင်လာမိသည်။ ဆိုးသည်မဟုတ်
ကောင်းသည်မဟုတ် ဆင်းရဲသည်မဟုတ် ချမ်းသာသည်မဟုတ် သမားရိုးကျ နေ့တွေကို
ကျွန်တော်ဖြတ်သန်းခဲ့တာ များလွန်းလို့ ထင်ပါရဲ့။
ဒီလိုနဲ့ မတွေ့မတွေ့နဲပဲ ဘုရားခြေရင်း
တံတိုင်းတွေက ကမ္ပည်းတွေကို လိုက်ဖတ်တော့မှ တွေ့လိုက်ရတာက
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး ၊ သား မောင်အောင်မျိုး ကောင်းမှု
၁၃၃၀ ခု
တပေါင်းလပြည့်ကျော် ၈ ရက်
ဒါကကျတော့ ဒီလူ ကလေးတုန်းက
လှူခဲ့တာပဲဟု တစ်ယောက်တည်း တွက်ချက် မှန်းဆကြည့်နေမိသည်။ ဒီတစ်ခုကျတော့
သူ့မွေးနေ့နဲ့ ချိန်လှူတာမျိုးလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် ဒီလူက တော်တော်တော့
ကံကောင်းတာပင်။ ဘယ်လောက် ပြည့်စုံသလဲ မပြောနိုင်ပေမယ့် အတိုင်းအတာ
တစ်ခုအထိပြည့်စုံပုံရတယ်လို့တော့ထင်မိသည်။ ကျွန်တော့်ကားကို ငှားစီးလာကြတဲ့သူငယ်တွေလို
ယဉ်ယဉ်ကျေးကျေးလူတစ်ယောက် ဖြစ်မည်လို့လည်း သေချာနေမိသည်။
‘ငါလည်း ပိုက်ဆံလေး ဘာလေး စုပြီး
တစ်ခုခု မှတ်မှတ်ရရလေး လှူဦးမှပါ’။ စိတ်ထဲမှာ တီးတိုးရေရွတ်ရင်း ဘာရယ် မဟုတ်
ဝမ်းနည်း အားငယ်သလို ခံစားရသည်။ အသက်ကြီးလာလေ လူဆိုတာ အတွေးပိုများလေပဲ ထင်သည်။ အောက်ခြေ
ဘုရားပတ်လမ်းမှာ လျှောက်လာရင်း နည်းနည်းလေးပင်သွားတဲ့ စိတ်ကြောင့်ပဲ
လမ်းလျှောက်တာကလည်း နှေးသွားသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း တစ်ခုခုကို
ဝမ်းနည်းသလို ခံစားလာရသည်။ ထူးဆန်းသော အဲဒီခံစားချက်က ပိုပိုတိုးလာသလိုပင်။
ကျွန်တော်မျက်နှာက ညိုမှောင်နေခဲ့သည် ထင်သည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က
ကျွန်တော့်ကို စိတ်မကောင်းသလို လှမ်းကြည့်နေကြသည်။ ကိုယ့်ကို ကြည့်နေကြပါလားလို့
သတိဝင်မှ သေသေချာချာ ပြန်ကြည့်လိုက်တော့ ကျွန်တော့်ကျောင်းသားအုပ်။ သူတို့
အားလုံးက ခပ်လတ်လတ်အရွယ် ခေါင်းလောင်းလေးနံဘေးမှာ ရပ်နေကြသည်။ သူတို့က ကျွန်တော့်ကို
ဝေေ၀မှိုင်းမှိုင်း ဘာလို့ ငေးကြည့်နေကြပါလိမ့်။ ကျွန်တော် မျက်နှာကို
ကြိုးစားအားတင်းပြင်လိုက်ပြီး သူတို့ရပ်နေတဲ့ နေရာဆီ ဆက်လျှောက်လာခဲ့သည်။
စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကို ငါတော်တော် ကြောင်တာပဲဟု အထပ်ထပ်ပြောနေမိသည်။
သူတို့ကြည့်ရတာ ဒီနားမှာ ရပ်နေတာ ကြာပြီထင်သည်။ ကျွန်တော် သူတို့အနား နီးလာတော့
အားလုံးက ခေါင်းလောင်းဆီ ကျွန်တော်လာလို့ ရစေချင်ပုံဖြင့် လူရှဲပေးလိုက်ကြသည်။ ဒါက
ထူးဆန်းပါသည်။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ ထူးဆန်းနေသည်ဟု ခံစားလို့မရ။
‘ကျွန်တော်တို့ ကားပေါ်က စောင့်မယ်
ဦလေး။ ဦးလေး အေးအေးဆေးဆေး လုပ်စရာရှိတာလုပ်ပါ။ ပြီးရင် ကျွန်တော်တို့
ပြန်ရုံပဲလေ။ အေးအေးဆေးဆေးနေနော် ဦးလေး။ အားမနာနဲ့နော်။’
ကျောင်းသားတစ်ယောက်က
ဦးဆောင်ပြောပါသည်။ တစ်ခုခုတော့ လွဲနေသလိုပင်။ သူတို့ မျက်လုံးတွေထဲမှာ
ကျွန်တော်မြင်ရတဲ့ ကျွန်တော့် အတွက် ကရုဏာသည် လိုတာထက် ပိုနေသလိုပင်။ ဒါမှမဟုတ်
သူတို့ဘာသာ တစ်ခုခုကို ၀မ်းနည်းနေကြတာလည်း ဖြစ်နိုင်ပါသည်။ သူတို့အားလုံး
ထွက်သွားချိန်မှာ ကျွန်တော်နဲ့ ခေါင်းလောင်းသည် မျက်နှာချင်းဆိုင်
နှစ်ယောက်တည်းကျန်ခဲ့သူ လူသားနှစ်ယေက်လို ဖြစ်သွားသည်။ ခေါင်းလောင်းကို
ခေါင်းလောင်းထိုးချင်သူတွေ အဆင်ပြေလောက်တဲ့ အမြင့်မှာ ချိတ်ဆွဲထားပြီး သစ်သား
ထိုးတံကိုလည်း အရန်သင့် ထားထားပေးထားသည်။
ဘာပဲပြောပြော ခုလက်ရှိခဏမှာတော့
ခုနလေးတင် ဘုရားပေါ်တက် ဘုရားရှိခိုးရင်း ပိုက်ဆံနည်းနည်း လှူခဲ့ပြီမို့
ကျွန်တော့်မှာ ခေါင်းလောင်းထိုး ဝေငှစရာတော့ ရှိနေခဲ့ပါပြီ။ ခေါင်းလောင်းထိုးတံကို
ကောက်ကိုင်လိုက်ပြီး ခေါင်းလောင်းထိုးဖို့လက်ကို အမြှောက် ကျွန်တော်ရဲ့
မျက်လုံးတွေက ခေါင်းလောင်းရဲ့ အပေါ်နား ပတ်လည်က ကမ္ပည်းလေးကို ဖတ်မိလျက်သား
ဖြစ်နေခဲ့သည်။
ကုက္ကိုတန်းရွာနေ
ဦးမျိုးဝေ + ဒေါ်ခင်လေး တို့က ကွယ်လွန်သူ သား မောင်အောင်မျိုး အားရည်စူး၍
ကျွန်တော့်မျက်လုံးတွေ
ချက်ချင်းေ၀၀ါးသွားခဲ့တာ ကျွန်တော်သိလိုက်သည်။ မြသိန်းတန် ဘုရားဆီမှ
ခေါင်းလောင်းဆည်းလည်းလိုလို အသံတွေက ရုတ်ချည်း ပီပြင်ကြည်လင်လာသလို ခံစားရသည်။
ရက်စွဲ။ ရက်စွဲ။ ကျွန်တော် ဖတ်ကြည့်နိုင်ဖို့ ကြိုစားသည်။ ဒါပေမယ့်
ကျွန်တော်သဲသဲကွဲကွဲ မမြင်ရ။ ကျွန်တော်မျက်တောင်ခတ်လိုက်ရင်တော့ မြင်ရကောင်း
မြင်ရသွားနိုင်သည်။ ဒါပေမယ့် ကျွန်တော် မျက်တောင်ခတ်လိုက်ဖို့ အားမထုတ်ချင်ခဲ့။
ခေါင်းလောင်းလေး ဘယ်လောက် အိုမင်းနေသလဲဆိုတာကို ကြည့်ရုံနဲ့တင် ဒီရက်စွဲကို
ကျွန်တော် ရင်ထဲမှာ မှန်းဆလို့ရနေသည်။ မြင်ရတော့ရော ဘာထူးမှာလဲ။ ပြီးတော့ လှည့်မကြည့်ဘဲနဲ့
ကျွန်တော့်နောက်မှာ ခေါင်းလောင်းထိုးဖို့ တစ်ယောက်ယောက်စောင့်နေတာကိုလည်း
ကျွန်တော်သိသည်။ ဒီတော့ အချိန်မဆိုင်းဘဲ ကျွန်တော်လက်တွေကို လှုပ်ရှားလိုက်ပါသည်။
ခေါင်းလောင်းထိုးတံက
ခေါင်းလောင်မျက်နှာပြင်ကို ထိခတ်သွားတိုင်း ကျွန်တော့် နှလုံးသားနဲ့ အဇ္ဈတ္တကို တစ်ခုခုက
လာပုတ်ခတ်တာ ခံစားရသည်။ လေထဲမှာ ပျံ့သွားသော ခေါင်းလောင်းသံသည် ချိုသာလွန်းလှသည်။
သို့သော် ရှိုက်သံဆန်လှသည်။ မြသိန်းတန် ဘုရားရဲ့ နေ၀င်ချိန်သည် တိမ်ရောင်စုံတို့
ဖြင့် တောက်တောက်ပပ လှနေခဲ့သည်။ ငှက်သံ ခေါင်းလောင်းသံတွေနဲ့
လှုပ်လှုပ်ခတ်ခတ်ရှိလှသည်။ ဒီအချိန်ဆို ဘုတ်မင်းကန်မှာလည်း နေညိုရော့မည်ဟု
တွေးရင်း ကျွန်တော်လွမ်းဆွတ်မိပါသည်။
No comments:
Post a Comment