အေးဘုံနဲ့ အမေ
(က)
ဒီနှစ်ပိုင်းတွေမှာ
အချိန်တိုင်းနီးနီး သတိရမိတဲ့ အမေ့ကို ဒီရက်ပိုင်းမှာတော့ အေးဘုံ
ဆိုးဆိုးဝါးဝါး ပိုလို့ကို သတိရမိတော့သည်။ ခလုတ်ထိတဲ့ အဖြစ်တွေကလည်း
ရှိခဲ့ပြီလေ။ မနက်ဖြန်ဆိုရင် တန်ခူးလပြည့်။ ရွှေမောဓောဘုရားမှာ
ဆွမ်းကြီးလောင်းပွဲရှိသည်။ ပဲခူးမြို့ရဲ့ အစည်ကားဆုံး ဘာသာရေးပွဲတွေထဲက
တစ်ပွဲ။ ထုံးစံအတိုင်း အမေလာမှာပင်။ အေးဘုံတို့ မှတ်မိတတ်စအရွယ်
ငယ်ငယ်ကတည်းက အမေမသွားဖြစ်တဲ့ နှစ်လို့ တစ်ခါမှ မတွေ့ဖူး။ ဒီနှစ်တော့
အေးဘုံလည်း ပြန်သွားမည်။ မရောက်ဖြစ်တာ ဆယ်နှစ်တောင်ရှိပြီပဲ။ ဒီတော့
အေးဘုံနဲ့အမေ မတွေ့ဖြစ်တာလည်း ဆယ်နှစ်ကျော်ရှိပြီပေါ့လေ။
(ခ)
ပဲခူးရွှေမောဓောဘုရားပွဲက
တန်းခူးလပြည့်နေ့။ လဆန်းရှစ်ရက်ကတည်းက ဇာတ်ပွဲတွေက စဝင်ပြီ ကပြီ။
အများသောအားဖြင့် ဆယ်ရက် ကကြတာများသည်။ ဈေးဆိုင်တွေကတော့
တစ်လလောက်အလိုတည်းကကို စ ရောင်းနေပြီ။ ပွဲတော်ပြီးလည်း တော်တော် နဲ့
မသိမ်းကြသေးဘဲ တစ်လကိုးသတင်း မိုးမဝင်မချင်းရောင်းတတ်ကြသည်။
အေးဘုံတို့ညီအမတစ်တွေက ပွဲတွေစဝင်ပြီဆိုကတည်းက ရွာမှာ နေမရချင်တော့။
အေးဘုံကတော်သေးသည်။ အငယ်မ သုံးယောက်က ပိုဆိုးသည်။ အမေ့ကိုတော့ လော
လို့မရမှန်း သူတို့အားလုံးသိကြသည်။ အမေက လပြည့်နေ့ ဆွမ်းကြီးလောင်းပွဲနဲ့မှ
အကိုက်သွားတာ။ ရွာကလှည်းတွေအားလုံးကလည်း လဆန်း ၁၃ ရက် ၁၄ ရက်
ကျမှထွက်ကြတာ။ စားနပ်ရိက္ခာအပြည့်နဲ့ ချီတက်လာတဲ့ လှည်းတန်းကြီးကို
လမ်းတလျှောက်က ရွာတွေကလည်း နှစ်တိုင်းမပျက် အထူးအဆန်းလိုကြည့်ကြသည်။
ပဲခူးနဲ့ အေးဘုံတို့ ကရင်တိုက်ရွာနဲ့က ၉မိုင်လောက် ဝေးသည်မို့
သုံးလေးနာရီလောက် လှည်းစီးကြရသည်။ အေးဘုံတို့ ညီအမတစ်တွေကတော့ ပွဲကြည့်ဖို့
စိတ်နဲ့ ဖုန်တလုံးလုံးကြားမှာကို ပျော်မဆုံး။ သို့သော်လည်း
နှစ်တိုင်းလိုပင် အေးဘုံက လဆန်း ၁၃ ရက် ၁၄ ရက်နေ့တွေ ပွဲ မကြည့်ရတတ်ပါ။
အမေက လပြည့်နေ့ဆွမ်းကြီးလောင်းပွဲကို မပျက်မကွက်သွားချင်သလို အေးဘုံကလည်း
အဖော်လိုက်ပေးချင်ပါသည်။ တစ်နှစ်လုံး အမေစုထားတဲ့ အကြွေတွေ အနုတ်တွေကို
ဒီပွဲမှာ လောင်းလှူတတ်သလို တစ်ခါတစ်လေလည်း ဆန်တို့ ပဲတို့
သယ်လာပြီးလောင်းတာလည်းရှိ ကြက်သွန်နီတို့ ဘာတို့ ပဲခူးဈေးကြီးထဲက
ပြေးဝယ်ပြီး လောင်းလှူတာလည်းရှိသည်။ ဒီတော့ လပြည့်ည ဒါမှမဟုတ်
လပြည့်ကျော်တစ်ရက်နေ့ညတွေကျမှ ပွဲကြည့်နိုင်သည်။ ဒီလို
အကြောင်းတွေကြောင့်ပဲ အမေကလည်း သမီးအကြီးအေးဘုံကို သမီးလိုတစ်မျိုး
တိုင်ပင်ဖော်လိုတစ်မျိုး အားကိုးတတ်သည်။ အမေက ပွဲမကြိုက်ပေမယ့် အေးဘုံတို့
ညီအမတတွေချည်းမလွှတ်ဘဲ သူပါ အိပ်ရေးပျက်ခံ ပွဲအတူလိုက်ကြည့်တတ်သည်။
'ဘုရားပွဲတော်တော့လာပြီး
ပွဲလေးပဲကြည့်ပြီးပြန်ရင် ငရဲကြီးတယ်အေ့' လို့ အမေကပြောရင်
မှားတာမှန်တာထက် အေးဘုံက အဲသလို မဖြစ်ရအောင် ဂရုစိုက်သည်။ အဲဒီအကျင့်က
အေးဘုံ အိမ်ထောင်ကျတော့လည်း ပါလာသည်။ သားရော ယောက်ျားရော ပါအောင်ခေါ်
ဆွမ်းကြီးလောင်းပွဲအမီ ရောက်အောင်လာ ဝတ်မပျက် နှစ်စဉ် လောင်းလှူဖြစ်သည်။
နောက်ရက်တွေကျမှ သားကြိုက်သော နန်းဝင်းတို့ မန္တလေးသိန်းဇော်တို့ပွဲတွေ
လိုက်ပြရသည်။ တစ်ရွာသားနဲ့ အိမ်ထောင်ကျသော အမေ့အချစ်ဆုံးသမီး အေးဘုံနဲ့
အမေနဲ့ကလည်း ဒီဆွမ်းကြီးလောင်းပွဲတော်ကျမှ ပြန်တွေ့ကြ စကားလက်ဆုံကျကြရသည်။
(ဂ)
အေးဘုံ
အိမ်ထောင်ကျတော့ အမေ့ခမျာ ရင်ထုမနာ ဖြစ်ရှာသည်။ စိတ်မကောင်းပေမယ့်
အေးဘုံလည်း ဘာမှ မတတ်နိုင်ခဲ့။ အမေက ကိုစိန်ဝင်းကို သဘောမကျပေမယ့်
လာတောင်းရမ်းတော့လည်း ‘ကျုပ်သမီး သဘောပါပဲအေ’ ဆိုကာ အေးအေးဆေးဆေးပဲ
ပေးစားရှာပါသည်။ ဒါပေမယ့် သူ့သမီးတွေထဲမှာ အချောဆုံး အလှဆုံး
အလိမ္မာဆုံးလို့ သူထင်ထားတဲ့ အေးဘုံအတွက်တော့ မျှော်လင့်ချက်ကြီးခဲ့သူမို့
တနုံ့နုံ့နဲ့ဖြေမရပုံပင်။ အေးဘုံကလည်း ဘာပဲဖြစ်ဖြစ် ရွာမှာတော့
အချောအလှစာရင်းထဲ တကယ်ပါသည်။ လိမ္မာသည်လို့လည်း လူကြီးသူမအများက
သဘောကျကြသည်။ အားနည်းချက်ဆိုလို့ ချို့ချို့တဲ့တဲ့ မုဆိုးမရဲ့
သမီးဖြစ်နေတာပဲရှိသည်။ ဒီတော့ ပိုးသူ ပန်းသူ မများသည့်တိုင်
အထိုက်အလျောက်တော့ ရှိပါသည်။ အမေကလည်း သူ့သမီးကို ချမ်းချမ်းသာသာ
လူတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျစေချင်သည်။ ဒီတော့ ပိုးပန်းနေသူတွေထဲက
ပြည့်စုံသူတစ်ယောက်ယောက်ကို ရွေးစေ့ချင်ရှာသည်။ ဒါပေမယ့် အေးဘုံက
စိတ်ကူးယဉ်သည်ပဲဆိုဆို မြို့မှာ ဘုရားပွဲသွားရင်း ကြည့်ဖူးတဲ့ ရုပ်ရှင်တွေ
ပွဲတွေထဲကလိုမျိုး ကိုယ့်ကို တန်ဖိုးထားပြီး ချစ်မယ့်သူမျိုး လိုချင်သည်။
ကိုယ့်ကိုယ် ပိုးသူ ပန်းသူတွေက ကိုယ့်ကို ချို့တဲ့သူမို့ ရမလားလို့
လက်တည့်စမ်းကြည့်ချင်သူတွေလို့ ထင်စရာတွေ့တာနဲ့ ဟင်ခနဲ လှည့်ပင်မကြည့်တော့။
ဒီလိုနဲ့ပဲ အပျိုကြီးတစ်ပိုင်း ဖြစ်လာတော့ အမေက သတိပေးပြီ။
အမေက
သမီးတွေကို ယောက်ျားရပြီး ငြိမ်းငြိမ်းနေစေချင်ရှာသည်။ သူ့တုန်းကတော့
ငယ်ငယ်ကနေ တောက်လျှောက် ဘယ်လောက်ပဲ ဒေါင်းတည်မောင်းတည် ရုန်းကန်ခဲ့ပေမယ့်
သမီးတွေကိုတော့ စည်းနဲ့ ကမ်းနဲ့ နေဖို့ကလွဲပြီး ညှာရှာသည်။ စားဝတ်နေရေးအရ
သမီးတွေကို အလုပ်ကြမ်းခိုင်းရပေမယ့် ရင်အုပ်မကွာတော့
တတ်နိုင်သမျှထားရှာသည်။ တစ်နှစ်ပဲ။ အဲသည်တစ်နှစ်ကတော့
အေးဘုံတို့ရွာတွေဘက်မှာ တစ်နှစ် စိုက်ခင်းတွေ ပိုးတွေကျလိုက်
တစ်နှစ်လယ်တွေရေနစ်လိုက်နဲ့ တော်တော်ကသီခဲ့တဲ့ နှစ်တွေရဲ့အလွန် တစ်နှစ်။
နလံထူကာစ နှစ်ဆိုပါတော့။ ကြွေးတင်မြေတင်ဖြစ်သွားကြရှာတဲ့ လယ်ရှင်တွေက
တတ်နိုင်သလောက် ကိုယ့်ဘာသာ ကုန်းရုန်းလုပ်ကြတော့ အေးဘုံတို့
လက်လုပ်လက်စားလုပ်သူတွေ အလုပ်တော်တော်ရှားပါးခဲ့ပြီး တော်တော်လှမ်းလှမ်းက
အခြေအနေကိုယ့်လောက်မဆိုးတဲ့ ရွာတွေအထိ သွားအလုပ်လုပ်ကြရသည်။ ဒီတော့ အိမ်မှာ
အငယ်မသုံးယေက်ကို အမေ့ရဲ့ ငယ်ပေါင်းကြီးဖက် ဒေါ်ဒေါ်ကျော့တို့
ဒေါ်ဒေါ်သော့တို့လက်ထဲ အပ်ခဲ့ပြီး အေးဘုံနဲ့ အမေ နည်းနည်း
အခြေအနေပိုကောင်းတဲ့ သနပ်ပင်မြို့ဘက်က ရွာလေးတစ်ရွာမှာ တစ်မိုးတွင်းလုံး
ကောက်သွားစိုက်ကြသည်။ လယ်ရှင်တွေက နေစရာပေး ထမင်းကျွေးတာဆိုတော့
ကောက်စိုက်ခ အသားတင်ကျန်သည်။ အေးဘုံကတော့ အဲလိုတွေ ဖြစ်လာလို့ပဲ
ကိုစိန်ဝင်းနဲ့ ဖူးစာဆုံတာလို့တွေးမိသည်။
ကိုစိန်ဝင်းက
မပြည့်စုံလှပေမယ့် လယ်လေးနွားလေးတော့ရှိသည်။ အမေတစ်ခု သားတစ်ခုကနေ
အဲဒီမိုးမကျခင်လေးပဲ သူ့အမေဆုံးသွားရှာသည်ဟုလည်း အေးဘုံသိရသည်။
အလုပ်လောဘကြီးသူမို့ပဲလား ဒါမှမဟုတ် သူ့အမေ မရှိတော့ အားနေရင်
စိတ်မကောင်းစရာတွေ တွေးမိမှာပဲစိုးသလားမသိ၊ အေးဘုံတို့ ကောက်စိုက်ပေးရတဲ့
လယ်ကြီးရှင်တွေအိမ်မှာလည်း သူအားရင် အားသလို နေ့စားအလုပ် လာလာလုပ်သည်။
တခြားကောက်စိုက်မတွေကတော့ စကြနောက်ကြသည်။ 'အေးဘုံရေ။ ရွှေစွန်ညိုဘာလို့
ဝဲလဲဆိုတာ ကျုပ်တို့တော့ သိတယ်တော်ရေ' တဲ့။ ခမျာကတော့ ဘာမှ မပြောရဲရှာ။
မလှမ်းမကမ်းကနေ ငေးတာ ခိုးကြည့်တာ ခဏခဏဆိုတော့ အေးဘုံလည်း ရိပ်မိပါသည်။
အမေကတော့ သူ့ရှေ့မှာ ဒီကိစ္စကို စကြနောက်ကြလျှင် 'အဲဒီသောက်ကျိုး
ညည်းတို့ယူပါလားအေ့' လို့ စိတ်ဆိုးမာန်ဆိုး ပြောတော့သည်။ ကိုစိန်ဝင်းက
ငယ်ငယ်ကလေးကတည်းက ခြေတစ်ဖက်မသန်ရှာသူပင်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မရဲတရဲ
စွန့်စားပြောလာသူ ကိုစိန်ဝင်းကို အေးဘုံက ကရုဏာပိုမိသည်။ ကိုစိန်ဝင်းက
ဇွဲလည်းကောင်းရှာသည်။ အမေက အခွင့်ရရင်ရသလို မညှာမတာစောင်းမြောင်းပြောလည်း
မျက်နှာတစ်ချက်မပျက်ချေ။ အမေကတော့ ရအောင်တားမယ်လို့ စိတ်ကူးခဲ့ပုံရပါသည်။
သားအမိနှစ်ယောက်တည်းရှိတာနဲ့ 'ညည်းအေ။ ညည်းရုပ်ညည်းရည်နဲ့
ဒီအကျိုးကောင်တော့ မယူပါနဲ့သမီးရယ်' ဆိုရင် အေးဘုံခမျာ ဘာမှာ
ပြန်မပြောနိုင်ပဲ ကိုစိန်ဝင်းကိုသာ ကရုဏာပိုမိသည်။ နောက်ဆုံးကောက်စိုက်လို့
အကုန်ပြီးတော့ 'မအေးဘုံတို့ အမေဆီ ကျွန်တော်လာတောင်းပါရစေ' လို့
တည်တည်ကြည်ကြည်ဆိုလာသူ ကိုစိန်ဝင်းကို အေးဘုံလည်း 'ရှင်ကတိအတိုင်း
ဝါကျွတ်တာနဲ့ လာတောင်းပေတော့' လို့ ခွင့်ပြုခဲ့သည်။ အမေက ဆင်းရဲတာထက်
ဒုက္ခိတဖြစ်နေတာကို သဘောမကျတာ ပိုသည်ထင်သည်။ ဒါပေမယ့် အေးဘုံက 'ယူပါရစေ
အမေရယ် သူ့ခမျာ သမီးကို တကယ်မေတ္တာရှိတာပါ' လို့
ငိုယိုပြောလာတော့လည်းနောက်ဆုံး လက်ခံသဘောတူပေးခဲ့ရှာပါသည်။
(ဃ)
ယောင်နောက်ဆံထုံးပါ
အေးဘုံလိုက်နေတဲ့ ကိုစိန်ဝင်းတို့ရွာနဲ့ အေးဘုံတို့ရွာက
ပဲခူးတနယ်တည်းပေမယ့် တောင်နဲ့ မြောက်မို့ သွားချည်လာချည်လုပ်ရလောက်အောင်
နီးတာတော့ မဟုတ်။ အေးဘုံတို့လည်း ကောက်သွားစိုက်မှပင်
ကိုစိန်ဝင်းတို့ရွာကို ရောက်ဖူးပြီး အရင်ကဆို ရွာနာမည်ကိုတောင်
မကြားဖူးခဲ့ချေ။ ရွာနာမည်က ကမာဘာတဲ့။ ပဲခူးကနေ သနပ်ပင်ကိုသွား အဲဒီကမှ
စက်လှေနဲ့ ပဲခူး-စစ်တောင်းတူးမြောင်းအတိုင်း တမေ့တမော စက်လှေစီးရသည်။
ဒါတောင် ဂလိုင်ရွာစက်လှေဆိပ်မှာဆင်းဆင်း ကိုးသိုက်ရွာစက်လှေဆိပ်မှာဆင်းဆင်း
တူးမြောင်းကနေ နှစ်မိုင်ကျော်လမ်းလျှောက်ရသေးသည်။ ဒီတော့ အေးဘုံလည်း
အိမ်ထောင်ကျပြီးကတည်းက အမေနဲ့ သိပ်မတွေ့နိုင်တော့။ ဒီတော့ နွေရာသီ တန်ခူးလ
ရွှေမောဓော ဘုရားပွဲကျလျှင်တော့ ဆွမ်းကြီးလောင်းပွဲကို အမေလည်းလာ၊
အေးဘုံလည်းလာ၊ ဒီတော့မှ ဆုံဖြစ်ကြသည်။ ကြားထဲမှာလည်း အေးဘုံက ရွာကို တခါတလေ
အလည်သွားသည်ရှိပေမယ့် အမေကတော့ လုံးလုံးလျားလျားကို အေးဘုံဆီမလာနိုင်ရှာ။
ကိုစိန်ဝင်းကိုလည်း ပဲခူးသုံးလေးခေါက်သွားရင် တစ်ခေါက်လောက်တော့ အမေ့ရွာအထိ
ဆက်သွားဖို့ တစ်ခုခုနဲ့ သွားကန်တော့ဖို့ အေးဘုံက လွှတ်သည်။ ဒီလို့နဲ့ ပဲ
သူလည်း ရုန်းကန် ကိုယ်လည်းရုန်းကန်ရသော ဘဝတွေမို့ သားအမိတစ်တွေ တစ်နှစ်
တစ်ခါတွေ့ နှစ်ခါတွေ့နဲ့ပဲ နှစ်တွေ ကုန်သွားကြတော့သည်။
အေးဘုံအောက်
အငယ်တွေကတော့ ကိုယ့်တစ်ရွာတည်းသားတွေနဲ့ပဲ အိမ်ထောင်ကျတော့ ရွာနဲ့
မခွဲမခွာနေချင်သော အမေ့အတွက် အံကိုက်ကျပါသည်။ သမီးသုံးယောက်အနားရှိနေတော့
ဟင်းသုံးခွက်နေ့တိုင်းမဟုတ်တောင် ဟင်းတစ်ခွက်တော့ နေ့တိုင်းရှိတတ်သည်။
ဒါပေမယ့် အမေက ဘယ်သမီးနဲ့မှ အတူလိုက်မနေ။ မုဆိုးမဘဝနဲ့ ရုန်းကန်ရင်း
သမီးတွေနဲ့ ငယ်ငယ်ကတည်းကအတူနေခဲ့တဲ့အိမ်ကလေး
အဖေခေါင်းချသွားခဲ့တဲ့အိမ်ကလေးကို တစ်ဖဝါးမခွာ။ 'ညည်းတို့ချင်းတည့်တောင်
သားမက်ချင်းတည့်ဖို့က မပြောနိုင်ဘူးအေ။ ကျုပ်အိမ်နဲ့ ကျုပ်ဆိုတော့
ဘယ်သူလာလာ အဆင်ပြေတယ်' ဆိုကာ တစ်ယောက်တည်းနေသည်။ အလတ်မ ဘုတ်ဆုံက
အမေ့ခြေရင်းက ခြံကွက်မှာပဲ အိမ်ဆောက်ကာ ပြောင်းနေသည်။ ညညဆိုလည်း
သူ့သားတွေကို အမေ့ဆီလွှတ် အအိပ်ခိုင်းသည်တဲ့။ အေးဘုံအဖို့ကတော့
အမေအဆင်ပြေသည်ကို သိရ၍ နောက်ကြောင်းအေးလှပါသည်။ အမေ့အနေနဲ့ ဒီလို အနေနီးတဲ့
မြေးတွေကို အချစ်ပိုသည်ကိုလည်း အေးဘုံက နားလည်ပေးနိုင်ပါသည်။ ဒီတော့
တစ်နှစ်မှာ တစ်ခါ ရွှေမောဓောဘုရား ဆွမ်းကြီးလောင်းပွဲမှာ ပြန်တွေ့ကြရင်း
ကြားထဲမှာလည်း တစ်ခေါက်တစ်ကျင်းဆိုသလို အေးဘုံက ရွာအထိလာလည်ရင်းနဲ့
အမေနဲ့အေးဘုံတို့အဖို့တော့ ထူးထူးခြားခြားသတိရတာ အောက်မေ့တာထက် စားဝတ်နေရေး
ရုန်းကန်ရတာက ပိုပါသည်။ အဲသည်တစ်နွေ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က အဲသည်တစ်နွေ
မတိုင်ခင်အထိဆိုပါတော့။
(င)
အေးဘုံအိမ်ထောင်ကျတော့
သုံးဆယ်ကျော်စ။ အိမ်ထောင်သက် သုံးနှစ်ကျော်လာတဲ့ အထိ ကလေးမရသေး။ အေးဘုံ
သားကိုမွေးတော့ သုံးဆယ့်ခြောက်တောင် တော်တော်ကျော်ပြီ။ သားသမီးမှ
ရပါတော့မလား စိုးရိမ်ထား ထင်ထားလိုက်ရကာ ရလိုက်တာမို့ အေးဘုံရော
ကိုစိန်ဝင်းရော သားကို မျိုထားမလောက်ချစ်ကြသည်။ အေးဘုံကို နည်းနည်းလေးမှ
အငြိုအငြင်မခံသော ကိုစိန်ဝင်းက ကလေးငိုလွန်းရင်တော့ မျက်နှာညိုချင်ပြီ။
စိတ်ကောက်ချင်သလို အလိုမကျသလိုမျိုးဖြစ်ချင်ပြီ။ အေးဘုံကလည်း သူက
သားကိုချစ်လို့ ဒီလိုဖြစ်တာဆိုတော့ ပိုတောင် သဘောကျမိသေးသည်။ နှစ်ယောက်သား
သားကို ထားစရာနေရာမရှိသလိုမျိုး သည်းကြသည်မို့ အရပ်ထဲက လူကြီးသူမတွေက
သတိပေးယူရသည်။
အမေကတော့
အေးဘုံရဲ့သားလေးထက် တစ်ရွာတည်းအတူနေတဲ့ မြေးတွေကို အနေလည်းပိုနီးသည်မို့
အချစ်ပိုသည်ဟု အေးဘုံထင်ပါသည်။ နောက်ပိုဆိုးတာက သားလေးက မျက်လုံးလေးတွေက
ငယ်ငယ်တည်းက ပေကလက်ပေကလက်နဲ့မို့ အကြည့်ရခက်သည်ဟုထင်သည်။ အေးဘုံအဖို့ကတော့
သားလေးမျက်လုံးပေကလက်ပေကလက် လုပ်သည်ကပင် ချစ်စရာတစ်မျိုးကောင်းသည်ထင်သည်။
အသားဖွေးဖွေး မျက်တောင်စင်းစင်းရှည်ရှည်တွေနဲ့ မျက်လုံးလေး
ပေကလက်ပေကလက်လုပ်နေလျှင် အေးဘုံမှာ သားကို ကြည့်မဝ။ ပြီးတော့ ငယ်ငယ်ကတည်းက
သားက မအေကို တအားချစ်သည်။ အလိုလိုက်ကြသည်ချင်းအတူတူ ဖအေ့ထက်
မအေ့ကိုပိုတာသည်။ အလိုလိုက်လွန်းသည်မို့ တစ်ခုခုလုပ်တော့မည်ဆိုရင် 'သား၊
မလုပ်နဲ့လေ' ဆိုလည်း ရှေ့တိုးလိုက်ရမှ။ ဒါပေမယ့် အေးဘုံရှေ့ဆိုရင်တော့
သူ့မျက်လုံးမှေးမှေးလေးတွေကြားကနေ ချောင်းကြည့်သေးသည်။ အေးဘုံက
ခပ်တည်တည်လုပ်နေလျှင် ရှေ့ဆက်မတိုးတော့ဘဲ အေးဘုံလည်ပင်းကို သိုင်းဖက်ကာ
ချွဲတတ်သည်။ ဒီတော့ အေးဘုံအတွက်ကား သားသည်အသည်း သားသည်အသက်ပမာ ဖြစ်တော့သည်။
သားလေးကိုမွေးပြီးသည့်နောက်ပိုင်း
အေးဘုံ အမေ့ကိုလည်း ပိုချစ်မိပါသည်။ အမေ့မေတ္တာကို ပိုနားလည်လာသလို
ခံစားရသည်။ နှစ်တိုင်းလည်း ဖြစ်နိုင်ရင် အမေ့ရွာအထိသွားလည်နိုင်အောင်
ကြိုးစားရသည်။ ပဲခူးဘုရားပွဲမှာတွေ့ကတည်းက မိုးမကျခင် ဘယ်ရက်တော့
လာခဲ့ဦးမယ်ဆိုတာ ပြောထားလိုက်သည်။ အမေကလည်း မျှော်ရှာသည်။ ဒေါ်ဒေါ်ကျော့တို့
ဒေါ်ဒေါ်သော့တို့က 'ညည်းလည်း လာဦးမှပါအေ။ ညည်းအမေက အနေဝေးတဲ့သမီးမို့ထင်ရဲ့
ဒီက ဘုတ်ဆုံတို့ ဝိုင်းစိန်တို့ထက် ညည်းကို တော်တော်ချစ်ရှာ
မျှော်ရှာတယ်အေ့။ ဒါပေမယ့် ကောင်မက မကြမ်းထော်ဆိုတော့ ပါးစပ်က
ဖွင့်မပြောဘူးပေါ့အေ' လို့ အမေ့ကွယ်ရာမှာ အေးဘုံကို ပြောပြတတ်ကြသည်။
(စ)
သားလေးမျက်လုံးက
တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာခဲ့သည်ထင်သည်။ ကြားထဲမှာလည်း ဆေးမြီးတို
ဆရာတွေနဲ့တော့ ဟိုကု ဒီကု ကုကြည့်သည်ပင်။ ဒါပေမယ့် သားလေးကို ‘သား အမေ့ကို
မြင်လား’ မေးရင် ‘မြင်တယ်အမေ’ ဆိုတော့ စိတ်ချလက်ချနေမိပြန်သည်။ သားလေး
ကျောင်းထားရမယ့်အရွယ်ရောက်တော့ သားကို ကျောင်းပို့လိုက်သည်။ ဆရာမတွေက
ကလေးကို အိမ်တိုင်ရာရောက် လာပြန်ပို့ပေးရင် 'အမရေ။ ကလေးက
မျက်စိသိပ်ကောင်းဘူးထင်တယ်နော်။ ကျောက်သင်ပုန်းမှာ
တော်တော်ကြီးကြီးရေးပြတာကို မမြင်တော့ လိုက်မကူးနိုင်ဘူး။ ကလေးကို ပဲခူးမှာ
ဆေးခန်းသွားပြကြည့်ပါလား။' ဆိုလာမှပင် ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်ရတော့သည်။ ရှိသမျှကုတ်ခြစ်ပြီး သားလေးကို ကုဖို့ ကြိုးစားရသည်။
ရှိတာလေးတွေ ရောင်းရသည်။ ပိုက်ဆံလည်း အရင်ထက် ချွေတာရင်း စုတန်သလောက်
စုနိုင်အောင် ကြိုးစာရသည်။ အရင်ကထက်လည်း အလုပ်ကို ပို
ပင်ပင်ပန်းပန်းလုပ်ရသည်။ သားလေးက သက်သာလာသလိုလို ရှိပေမယ့်
ကျောင်းတက်ဖို့တော့ မဖြစ်နိုင်သေး။ ဘယ်တတ်နိုင်မလဲ။ အေးဘုံတို့လည်း
နှစ်တန်းနဲ့ ကျောင်းထွက်ခဲ့တာပဲ။
ဒီလိုနဲ့ပဲ
သားကို ရအောင် တတ်နိုင်သလောက် ကုရင်း နည်းနည်း အရွယ်ရောက်မှ
စာသင်ပေးလည်းရတာပဲလို့ ဖြေတွေးရသည်။ လင်မယားနှစ်ယောက်လုံး သားကို
အရင်ထက်ပို မျက်နှာ အရိပ်ကြည့်နေမိကြသည်။ သားကလည်း
အံ့သြစရာကောင်းလောက်အောင်ပင်။ အရွယ်လေး ကြီးလာလေ သိတတ်လိမ္မာလေ၊ အလိုလိုက်လေ
လိမ္မာလေ ဆိုရမလိုပင်။ သူတတ်နိုင်သမျှ ဖအေကို ကူသည်၊ မအေကို ကူသည်။
အနီးအနား သူမြင်သလောက်လေးကို ကြိုးစားပန်းစားကြည့်ရင်း
မီးဖိုချောင်ဆိုလည်းကူလုပ်ပေးသည်။ လယ်ထဲလိုက်ပြီးလည်း ဖအေကို
သူတတ်နိုင်သလောက် နွားကြည့်ပေး နွားချေးကျုံးပေးစသည်ဖြင့် အရွယ်နဲ့မမျှ
ကူညီရှာသည်။ သားကို ကြည့်ရသည်မှာ စာလို သေးသေးလေးတွေကို မမြင်ရပေမယ့်
ဝါးတားတားတော့ အားလုံးမြင်ရပုံပင်။ လမ်းဖြောင့်ဖြောင့်လျှောက်နိုင်သလို
အဝေးကြီးကတည်းက ဖအေ မအေကို သိသည်။ တခြားကလေးတွေ ကျောင်းသွားချိန်မှာ သူ့မှာ
ကျောင်းမသွားရတော့ ဖအေမအေကို သူကတပြန်အားနာနေသလိုမျိုး အလိုက်တသိ
ပြောစရာမလိုအောင် သူလုပ်တတ်သမျှ ဝင်ကူတော့သည်။ ဒီတော့ ဖအေနဲ့ မအေက တစ်ခါ
အသနားပိုကာ အလိုလိုက်ကြပြန်သည်။ ဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်သလို
အလိုလိုက်လိုက် လိမ္မာလိုက် အသနားပိုလိုက်နဲ့ပဲ သူတို့ မိသားစုလေးမှာ သား
မျက်စိကိစ္စက တစ်ခါတစ်ခါ မေ့မေ့ပျောက်ပျောက်ပင်ဖြစ်သွားခဲ့သည်။
မူလတန်းပြီးအောင်ကျောင်းတက်တဲ့ ကျောင်းသားတောင် သိပ်များများစားစား မရှိသော
သူတို့ရပ် သူတို့ရွာမှာတော့ သားအဖြစ်ကို စာမတတ်ရှာဘူး နောက်မှ
စာသင်ပေးရမယ်ဆိုတာထက် ပိုမခံစားမိချေ။ တစ်ခါတစ်ခါ တစ်ခုခုကို မြင်ရအောင်
အတင်းကြိုးစားကြည့်နေရရှာတဲ့သားကို တွေ့လိုက်တိုင်းတော့ အေးဘုံရင်ထဲမှာ
ဘယ်လိုမှ မရိုးသွားနိုင်တဲ့ အောင်ကျိန်းနာကျင်ခြင်းနဲ့အတူ သားအပေါ်မှာ
ချစ်တဲ့ အချစ်တို့က အလျော့မရှိ အကျမရှိတဲ့ ဒီရေတစ်မျိုးလို တိုးရပြန်သည်။
(ဆ)
ဒီလိုနဲ့ပဲ
သားခြောက်နှစ်ကျော်မှပင် သားမျက်စိကို ကျကျနနပြဖို့ ကုတ်ကုတ်ခြစ်ခြစ်
စုထားတဲ့ ပိုက်ဆံလေး ကျစ်ကျစ်ပါအောင် ကိုင်ရင်း ပဲခူးတက်ကြရသည်။ ရွာမှာ
တာဝန်ကျတဲ့ ဆရာမလေးကလည်း သူ့တပည့်တစ်ရက်ဖြစ်လိုက်တဲ့ သားကို
ကရုဏာပိုရှာပါသည်။ ပဲခူးကို အဖော်လိုက်ပေး ဆေးရုံကို လိုက်ပို့ပေးနဲ့ အစစ
အကူအညီပေး လုပ်ပေးရှာသည်။ အဲဒီတုန်းက ရွှေမောဓောဘုရားပွဲတော်မတိုင်ခင်ပေါ့။
အေးဘုံတွက်ထားတာက သားကို ဆေးခန်းပြ၊ ပြီးရင် ရွာသွား အမေ့ကို
သတင်းကောင်းပါး၊ ပြီးမှ ဘုရားပွဲရက် အတူတူ ပြန်လာကြရင်း ရွာပြန်မည်ပေါ့။
သားလေးမျက်စိသာကောင်းသွားရင် အမေလည်း သားကို ပိုချစ်မည်၊ ခုအတိုင်းတော့
အမေက သားကို သိပ်မချစ်လှလို့ အေးဘုံထင်နေမိသည်။ ဒါပေမယ့် အေးဘုံစိတ်ကူးသလို
ဖြစ်မလာခဲ့ပါ။ ဆရာဝန်မကြီးက အေးဘုံတို့ကို အဖော်လိုက်လာပေးတဲ့ ဆရာမလေးနဲ့
တော်တော်ကြာကြာစကားတွေ ပြောသည်။ အေးဘုံတို့ကိုလည်း ရှင်းပြပါသည်။ ဒါပေမယ့်
သူတို့ ရှင်းပြတဲ့ ရှည်ရှည်လျားလျားတွေကို အေးဘုံတို့ လင်မယားက သိပ်တော့
နားမလည်။ ဒါပေမယ့် သူတို့ရဲ့ ကရုဏာသက်တဲ့ အကြည့်ကို အေးဘုံတို့
ခံစားမိပါသည်။ အေးဘုံနားလည်သလောက်ကတော့ ကောင်းနိုင်ခြေ မရှိဘူးဆိုပါတော့။
ခေါင်းထဲမှာ အကျိတ်လေးတွေ မွေးရာပါသည်ဆိုလား။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းကတော့
သားလေးကံနည်းရှာသည်။ သူ့အကြောင်းပြောနေတဲ့လူတွေနားမှာ ကလေးသဘာဝ ဘာမှ မသိဘဲ
မျက်လုံးလေး ကလည်ကလည် ဖြစ်နေတာကိုကြည့်ရင်း အေးဘုံ ရင်ထဲမချိ။
ဆေးရုံကထွက်လာကြတော့
ကိုစိန်ဝင်းကို အမေ့ရွာလိုက်ပို့ခိုင်းသည်။ အေးဘုံ အမေ့ကို
ဖက်ငိုလိုက်ချင်တာပဲ သိသည်။ ကျန်တာတွေအကုန် ဝေဝေဝါး။ အေးဘုံ ဘာမှ
မမှတ်မိချင်တော့။ ကိုစိန်ဝင်းကလည်း ရွာလိုက်ပို့ပြီး အမေ့ကိုတော့
တိုးတိုးနဲ့ ဘာတွေမှန်းမသိ ပြောပြီး ပြန်သွားသည်။ အေးဘုံအမေ့ကို
ဖက်မငိုဖြစ်ခဲ့ပါ။ အမေ့အိမ်မှာပဲ သားနဲ့အတူ ကျန်နေရစ်ရင်း ကူရင်းနဲ့ပဲ
စိတ်ပြေလက်ပျောက်နေနေမိတော့သည်။ လူကတော့ တငိုင်ငိုင် တတွေတွေ ဖြစ်နေသည်
ထင်ပါသည်။ အမေက အေးဘုံကို အရိပ်လိုကြည့်နေရင်း ဗွီဒီယိုလေး ကားကောင်းရင်
သူလည်း ကြိုက်တာမဟုတ်ဘဲ သွားကြည့်ရအောင် အဖော်စပ်တတ်သည်။ အေးဘုံအကြိုက်
ချဉ်ပေါင်ခါးရွက်ကို ပုစွန်လေး ငရုတ်သီးလေးနဲ့ ကြော်ကျွေးရှာသည်။
ဘုရားပွဲရက်တွေ ရောက်ဖို့ သိပ်မလိုခင်မှာပဲ အေးဘုံ ညီမ အငယ်ဆုံး ရွှေလုံးက
ဆွမ်းကျွေးအလှူလုပ်ပါသည်။ သူတို့ကလည်း အမေ့ခြံနဲ့ မျက်စောင်းထိုးခြံမှာပဲ
နေတာမို့ ညီအမတတွေ ကူးချည်သန်းချည် ကူဟယ်ချက်ဟယ် လုပ်ရတာ ခရီးတော့
တွင်ပါသည်။
ရွှေလုံးတို့
ခြံနောက်ဖေးမှာ ကုက္ကိုပင်တွေက အရိပ်ကောင်းသည်မို့ အဲသည်နေရာမှာပဲ
ခုံဝိုင်းတွေချ မီးဖိုတွေတည်ပြီး ချက်စရာရှိတာ ချက်ကြသည်။ အေးဘုံလည်း
ကူရင်း ဝိုင်းလုပ်ရင်း ပန်းကန်ခွက်ယောက်တွေ လိုတာနဲ့ ရွာဦးကျောင်းက
ငှားရအောင် ဝိုင်းစိန်နဲ့ နှစ်ယောက်သား တောင်းတစ်တောင်းစီ ရွက်ပြီး
ခြံနောက်ဘေး လှည်းလမ်းအတိုင်း ထွက်ခဲ့ကြသည်။ သားလေးကလည်း
မအေမျက်နှာမကောင်းလို့လား မသိ။ အေးဘုံအနားကမခွာ။ မွန်းက တိမ်းကာစသာ
ရှိသေးသည်မို့ လှည်းလမ်းချောင်တစ်လျှောက် ဖုန်တွေကပူပူ။
ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းဆီက လိုတဲ့ပန်းကန်ခွက်ယောက်တွေ ငှားပြီး
တောင်းနဲ့ရွက်ကာ ညီအမ နှစ်ယောက်သား လှည်းလမ်းအတိုင်းပဲ
သုတ်သုတ်လျှောက်လာခဲ့ကြသည်။ ကြီးကြီးမားမား အိုးတွေ ဘာတွေကတော့
ယောက်ျားလေးတွေ လွှတ်ရမည်။ နေပူချည်းထဲ မအေလက်ကို ကိုင်ပြီး
တကောက်ကောက်လိုက်လာတဲ့သားကို ဖျားမှာနာမှာလည်း စိတ်ပူရသေးသည်။
နေပူကြီးထဲမို့ မလိုက်စေ့ချင်ပေမယ့် သူ့ ညီအကိုမောင်နှမ ဝမ်းကွဲတွေနဲ့လည်း
သိပ်မရင်းနှီးတဲ့သားလေးကို အတင်းလည်း မချန်ရစ်ချင်။ ကလေးဆိုတော့
မအေအနားကပ်နေရရင် ဝမ်းနည်းရမှန်း ပူပင်ရမှန်းမသိ။ သားလေး ပျော်နေလို့လည်း
အေးဘုံ နေသာတာ။ မဟုတ်ရင် ပိုတောင်ဆိုးဦးမည်။ ဒါတောင် အေးဘုံ မရွှင်နိုင်
မပျနိုင်ဖြစ်တာက သိသာသည် ထင်ပါသည်။ တတွတ်တွတ် စကားများလှတဲ့
ဝိုင်းစိန်တောင် အေးဘုံကို ဘာမှ သိပ်မပြော။ နေပူပူမှာ လှည်းလမ်းအတိုင်း
ညီအမ နှစ်ယောက်သား သုတ်သုတ်ပဲ လျှောက်နေကြသည်။
ဒီလိုနဲ့
ရွှေလုံးတို့ ခြံထဲကို နောက်ဖေးခြံပေါက်ကနေ သုံးယောက်သား
တိတ်တိတ်ဆိတ်ဆိတ်ပဲ လျှောက်ဝင်လာလိုက်ကြသည်။ အမြဲ စကားကျယ်ကျယ် ပြောတတ်တဲ့
အမေနဲ့ ဒေါ်ဒေါ်သော့တို့ ညီအမ စကားပြောနေကြတာကို ခပ်လှမ်းလှမ်းကတည်းက
ကြားရပါသည်။ အမေကတော့ အေးဘုံတို့ လာရာဘက်ကို ကျောပေးရင်း
ဆောင့်ကြောင့်ထိုင်ကာ တည်လက်စ မီးဖိုကို မီးထိုးနေသည်။ ဒေါ်ဒေါ်သော့၊
ဒေါ်ဒေါ်ကျော့နဲ့ ရွာတောင်ပိုင်းက မနီမတို့က စားပွဲဝိုင်းခုံပုမှာ
ကြက်သွန်တွေ ခွာနေ လှီးနေကြသည်။
‘ညည်းသမီးတွေကတော့
အကုန် ကံကောင်းပါ့ စောညွန့်ရယ်။ ဝိုင်းစိန်ဆိုလည်း ယောက်ျားက
ပိုက်ဆံအရှာကောင်း။ ဘုတ်ဆုံဆိုလည်း ယောက်ျားများ နိုင်ထားလိုက်တာ။’
ဒေါ်ဒေါ်သော့စကားကို စကားနည်းတဲ့ မနီမက ခေါင်းတဆတ်ဆတ်ညိမ့်သည်။ ဒေါ်ဒေါ်ကျော့ကတော့
‘ငါထင်ထားတာက
ဒီ မိရွှေလုံးတော့ ကံဆိုးပြီလို့အေ။ ရုပ်ကလေးကြည့်ပြီး ကစော်သမားကို
ရွေးတာကိုးအေ့။ ဖအေမအေကတော့ ပိုက်ဆံရှိပါရဲ့။ ဒီသားတစ်ယောက်တော့ မဆုံးမတဲ့
အပြင် သူတို့ကိုယ်တိုင်က မြှောက်မြှောက်ပေးနေတော့ ညည်းသမီးတော့ လင်ဆိုးမယား
ဖြစ်ပြီပေါ့လို့အေ။ သူကိုယ်တိုင်ကလည်း အငယ်ဆုံးဆိုတော့ ဖရိုဖရဲ မဟုတ်လား။
ယောက်ျားလည်း ဆုံးမနိုင်မယ့်သူ မဟုတ်ပါဘူးဆိုပြီး။ ကံများကောင်းချင်တော့
စိုးနိုင်ဆိုတဲ့ကောင်လေးက မိန်းမလည်း ရပြီးရော
အချိုးပြောင်းသွားလိုက်တာများအေ။’
အမေကတော့ မီးဖိုကိုပဲ အာရုံစိုက်နေပုံပင်။ ဘာမှကို ပြန်မပြော။
‘ကံတရားတွေပေါ့အေရယ်’
ကျောခိုင်းထားတာမို့
လှမ်းလည်း နည်းနည်း လှမ်းနေသေးတာမို့ အမေ့မျက်နှာကို မမြင်ရပေမယ့်
အမေ့မျက်နှာမကောင်းလို့ ထင်ပါရဲ့။ ဒေါ်ဒေါ်သော့လေသံက လေပြေထိုးသံလိုပင်။
ဒါပေမယ့် ဒေါ်ဒေါ်သော့ စကားမှ မဆုံးခင် အမေ့ရဲ့ ဘုဆတ်ဆတ်အသံက
ခပ်ကျယ်ကျယ်ထွက်လာသည်။
‘လုပ်စရာရှိတာလုပ်ကြပါကောင်မတွေရယ်။
ညည်းတို့ အဲဒါတွေပြောရင် ငါ အေးဘုံအကြောင်းကို ပို စဉ်းစားမိပြီး
ရင်နာလွန်းလို့ပါ။ ငါ့သမီးတွေ ကံကောင်းကြတယ်ဆိုတာ သင်းတော့ မပါပါဘူးအေရယ်။
ရလိုက်တဲ့ ယောက်ျားက သောက်ကျိုး။ ရလာတဲ့ ကလေးကျတော့လည်း ခု
သောက်ကန်းဖြစ်မှာတော်ရေ့။’
အမေ့စကားအဆုံးမှာ
အမေ့ရဲ့ နောက် ခြေ လေးငါးလှမ်းစာ အကွာကို ရောက်နေပြီဖြစ်တဲ့အေးဘုံ
ခြေစုံရပ် ငေးကြောင်နေမိသည်။ အမေရဲ့ ရင်နာနာ ရေရွတ်သံက အေးဘုံကို
ပိုရင်နာစေသည်။ ပြီးတော့ သားလေး။ အေးဘုံရဲ့ လက်ကို
ပိုပြီးတင်းတင်းဆုပ်ကိုင်လိုက်တဲ့ သားလေး။ ဒီစကားကို အတိုင်းအတာ
တစ်ခုအထိတော့ နားလည်သည်ထင်ပါရဲ့။ အေးဘုံရဲ့ လက်ကို သူ့လက်သေးသေးလေးတွေနဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ထားရင် မောကြည့်နေတဲ့ မျက်လုံးတွေ။ ‘ကျွန်တော်က
စိတ်ပျက်စရာကောင်းသလား။ ကျွန်တော့်ကို စိတ်ပျက်လားအမေ။
မလိုချင်ဘူးလားအမေရယ်’ လို့ မေးနေတယ်လို့ အေးဘုံ ထင်မိတဲ့ ပေကလက် ပေကလက်
မျက်လုံးမွဲမွဲလေးတွေ။ အေးဘုံရင်ထဲ မချိလိုက်တာ အမေရယ်။
ကုန်းရုန်း
လှီးချွတ်နေကြတဲ့ ဒေါ်ဒေါ်သော့တို့ တစ်သိုက်ကလည်း ခေါင်းထောင်မှ
အေးဘုံတို့ကို တွေ့သလို ကြောင်အမ်းနေသည်။ ဝိုင်းစိန်က
သူ့ခေါင်းပေါ်ကတောင်းကို ကသုတ်ကရက် မနိုင်မနင်း ဇွတ်ချလိုက်သည်မို့
ပန်းကန်ချင်းရိုက်သံတွေ မြည်သွားသည်။ ‘အမေတို့ကလည်း စကားချည်း များနေလို့
နေမှာပေါ့။ ဘာမှလည်း မပြီးကြသေးဘူး။’ အသံကျယ်ကျယ်နဲ့ တောင်အော်မြောက်အော်
အော်ရင် အေးဘုံခေါင်းပေါ်က တောင်းကို လာဆွဲယူချသည်။ အေးဘုံကတော့
ကြောင်ငေးနေတုန်း။
အမေက
နောက်ပြန်လှည့်ပြီး အေးဘုံကို ခပ်ငိုင်ငိုင်ကြည့်ပေမယ့် ဘာမှတော့ မူမပျက်။
မှန်တယ်ထင်လို့ သူပြောချင်လွန်းတာတစ်ခုခုကို ဖွင့်ပြောချလိုက်ရသူတစ်ယောက်
ပြောချလိုက်အပြီးမှာမှ လူမိသလိုမျိုး။
‘ညည်းတို့
မနက်ကတည်းက ဘာမှ မယ်မယ်ရရ မစားရသေးဘူးမဟုတ်လား။ အိမ်ပေါ်သွားစားကြချေ။
ရွှေလုံး ခုနက ညည်းတို့ကို ထမင်းကျွေးမလို့ လာရှာနေတယ်။’
အမေက
မူမပျက် ခပ်အေးအေးပြောနေပေမယ့် အေးဘုံ ခဏတော့ မလှုပ်။ ဘေးကို
ငဲ့စောင်းကြည့်လိုက်တော့ သားလေးရဲ့ ငိုမဲ့မဲ့မျက်နှာ။ အေးဘုံ သားလက်ကို
မြဲမြဲကိုင်ရင်း အမေ့အိမ်ဘက်ကိုပဲ ထွက်လာခဲ့ပြီး ပါလာတဲ့ အဝတ်အစားလေးတွေ
ကောက်ထည့်နေမိသည်။ နောက်ဘယ်လိုက ဘယ်လို ဖြစ်သည်ဆိုတာတွေ အစီအစဉ်ကျကျ အေးဘုံ
မမှတ်မိတော့။ ရွာထဲက လှည်းတစ်စီး ပဲခူးသွား ဈေးဝယ်မယ်ဆိုတော့
အေးဘုံနဲ့သား လှည်းကြုံလိုက်ဖို့ နေပူပူထဲက လှည်းပေါ်မှာ။ ဘယ်သူက
ပြောလိုက်သည်မသိ။ လှည်းဆင်ပြီးလို့ လူတွေတက်ထိုင်ပြီး ထွက်ခါနီးမှာမှ
အမေသုတ်သုတ်နဲ့ ပေါက်ချလာတော့ လှည်းသမားက နွားဇက်ကြိုးတင်းကာ
စောင့်နေပေးရသည်။
‘အေးဘုံ။ ညည်း အရူးလားအေ။ ကိုယ့်ညီမ အလှူရှိတာကို။ ဒါက ဘာဖြစ်တာတုန်း။ ကောက်ခါ ငင်ခါ။’
အေးဘုံကတော့
အမေ့ကို ဘာမှ ပြန်မပြောမိပဲ ရင်နာနာ ငေးကြည့်နေမိပါသည်။ သားလေးကလည်း
အေးဘုံကို ပျောက်သွားမှာစိုးသလို မော့ကြည့်နေတာ အေးဘုံသိနေသည်။
‘သားအမိချင်းအေ။ ညည်းက ဒါကို စိတ်ဆိုးသလား ကောင်မရဲ့။’
တစ်ချိန်လုံး
တိတ်နေမိတဲ့ အေးဘုံ ‘ဆိုးတယ် အမေ’ ဆိုတာကိုတော့ ငိုသံ ပလုံးပထွေးနဲ့
ပြန်ပြောခဲ့သေးသည်။ လှည်းကလည်း စထွက်ပြီ။ အေးဘုံကြည့်ရတာလည်း ပြောရမယ့်
ပုံမပေါ်တော့ အမေက ‘ဘုရားပွဲရက်မှ တွေ့မယ်အေ။ အဲဒီရက်တော့ ပဲခူးကို ညည်းတို့
လာခဲ့ဦး။ စိန်ဝင်းကိုလည်း ဘုရားပွဲလာခိုင်း။ ကုန်းရုန်းပြီး အလုပ်ချည်းပဲ
လုပ်မနေကြနဲ့။ လူတွေလည်း လူရုပ်မပေါ်တော့ဘူး။’
ပြောပြောပြီးချင်းပဲ
အမေ့လှည့်ထွက်သွားသည်။ လမ်းလျှောက်သွားရင်း ခေါင်းပေါ်ဆောင်းလာတဲ့ သဘက်ကို
ဖြုတ်လို့ မျက်နှာကို သုတ်ကာ ခပ်သုတ်သုတ်ထွက်သွားတဲ့ အမေ့ကို အေးဘုံ
ငေးကြည့်နေမိသည်။ အမေမျက်ရည်သုတ်နေသလား။ အမေငိုနေသလား။ အမေ့မျက်လုံးတွေ
နီနေသလိုပဲ။ အေးဘုံကတော့ တစ်ချိန်လုံး အောင့်ထားခဲ့ရသည်မို့ ရွာနဲ့
လှမ်းလှမ်းရောက်ခါမှ နေပူကြီးထဲကရွာကို နောက်ပြန်လှည့်ကြည့်ရင်း
နောက်ဘယ်တော့မှ ပြန်မရောက်တော့မှာလို ဝမ်းနည်းလာမိပြီး
ရှိုက်ရှိုက်ငိုမိတော့သည်။
(ဇ)
ကမာဘာပြန်ရောက်တော့
ကိုစိန်ဝင်းကို အေးဘုံ ဘာမှ ပြန်မပြော။ အေးဘုံ မျက်နှာမကောင်းတာကို
သိပေမယ့် ကိုစိန်ဝင်းကလည်း ဘာမှမမေး။ ဘုရားပွဲပြီးမှ ပြန်လာမယ်ပြောပြီး
စောပြန်လာတယ်ဆိုတော့ သားကိစ္စနဲ့ပတ်သက်ပြီး စိတ်ပြေလက်ပျောက်မဖြစ်တာနဲ့ပဲ
ပြန်လာလေသလား ထင်ပုံရသည်။ ကိုစိန်ဝင်းနဲ့ အိမ်ထောင်ကျခဲ့တာကို အေးဘုံ
တစ်ခါမှ နောင်တမရဖူးချေ။ သူ့ခမျာ ကိုယ့်မျက်နှာ အရိပ်လို ကြည့်နေတတ်သူ၊
ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကိုယ့်သဘော၊ အနွံအတာခံစရာရှိ သူပဲ အနွံအတာခံသည်။
အသောက်အစား မရှိ။ အလောင်းအစား မရှိ။ သူ့ခြေထောက်မသန်တာကတော့ အေးဘုံအဖို့
အသနားပိုမိတာသာရှိသည်။
သားကို
ပိုင်ဆိုင်လိုက်ရတဲ့ ဘဝကိုတော့ အေးဘုံက ဘာနဲ့မှ မလဲနိုင်ပါ။ ဒီသားသာ
အေးဘုံဘဝ အေးဘုံအသက်လို ခံစားရသည်မို့ ဒီသားမရှိခင် အေးဘုံ ဘယ်လို
အသက်ရှင်ခဲ့သလဲဆိုတာ တစ်ခါတစ်ခါ စဉ်းစားလို့ပင်မတတ်ချေ။
ဒါပေမယ့်
အေးဘုံ အမေ့ကို နားလည်ပါသည်။ စိတ်ဆိုးမိတာက တစ်ပိုင်းပေါ့လေ။ သားအချစ်
မြေးအနှစ်တဲ့။ သားသမီးကို ချစ်တာထက် မြေးကိုဆို (ပိုအချစ်လွန်တတ်ကြတော့
ချစ်တာတောင်မကဘဲ နှစ်ရာပင်ရောက်အောင်) ပိုတိုးလို့ချစ်ကြသည်လို့ ဆိုလိုတဲ့
လူကြီးသူမ ပြောစကား အေးဘုံ ကြားဖူးပါသည်။ အမေကတော့ သမီးဖြစ်တဲ့ အေးဘုံကို
ချစ်လွန်းတော့ ရှေးထုံးစကားပုံကို ပယ်လို့ သူ့မြေးသူ ချစ်တောင်
မချစ်နိုင်တော့ဘူးထင်ပါရဲ့။ အခုတော့ အမေ့နှုတ်ထွက်စကားက အေးဘုံအသည်းကို
သံရည်ပူလောင်သလို ဖြစ်ခဲ့ပြီ။
ဘုရားပွဲလည်း
အေးဘုံမသွား။ ကိုစိန်ဝင်းက ‘ဘုရားပွဲ မသွားဘူးလားဟ’ ပဲမေးပြီး
မသွားဘူးဆိုတော့လည်း ခပ်မဆိတ်သာနေသည်။ မိုးကျလာတော့ ပဲခူးတစ်ခေါက်တက်ရင်း
အမေ့ရွာဘက်အထိသွားပြီး အကျိုးအကြောင်း ကြားလာခဲ့ပုံရသည်။ အေးဘုံကို မိဘနဲ့
သားသမီးဆိုတာ ဒီလိုပေါ့ဟာ ဘာညာနဲ့ တတ်သလောက် မှတ်သလောက်
ရွှေပြည်အေးတရားဟောနေသေးသည်။ အေးဘုံကတော့ ဘာမှ ပြန်မပြော။ ဒီကိစ္စနဲ့
ပတ်သက်ပြီး တစ်ခုခု ပြန်ပြောဖို့ အေးဘုံ အရန်သင့် ဖြစ်မနေသေး။
ကိုစိန်ဝင်းက
ဒီကိစ္စကို ဆောင်းပါးရိပ်ခြည် မကြာမကြာ လေပြည်ထိုးပေမယ့် အေးဘုံ
မလှုပ်တော့လည်း နောက်တော့ သူပါ မေ့မေ့လျော့လျော့နေလာတော့သည်။
(စ်)
အေးဘုံ
အစကတော့ ရွာမသွားဘဲ အကြာကြီးနေလိုက်မယ်ဆိုတာမျိုး စိတ်ကူးမရှိပါ။ အမေ့ကို
စိတ်ခုပေမယ့်လည်း အမေဘာလို့ ဒီကိစ္စကို ဒီလောက်ခံစားရသလဲဆိုတာ
အေးဘုံသိပါသည်။ ဒါပေမယ့် အေးဘုံ အမေ့ရွာကို မသွားချင်သေး။ အမေနဲ့
မတွေ့ချင်သေး။ တကယ့်ကို ဖင်လှည့်ခေါင်းလှည့်နှင့်ပင်
တစ်နှစ်ပြီးတစ်နှစ်ကုန်သွားခဲ့တာပင်။
ပထမတော့
ကိုစိန်ဝင်းက တိုက်တွန်းသေးသည်။ သူလည်း အမေ့ရွာကို သွားပြီး အမေ့ကို
သွားခေါ်သေးသည် ထင်သည်။ အမေကလည်း သူ့ခံစားချက်နဲ့သူ ရှိပေလိမ့်မည်။
မလိုက်လာ။ အေးဘုံကို စိတ်ဆိုးလို့ အမေလိုက်မလာတာ ဒါမှမဟုတ်
မာန်မာနခံနေလို့လိုက်မလာတာ မဟုတ်မှန်းအေးဘုံသိသည်။ မအေလေ။ မအေဆိုတာ
သားသမီးကို မာနဒီလောက် ထားပါ့မလား။ ဒါပေမယ့် အမေစိတ်တော့ ကောင်းမှာ
မဟုတ်တာကိုလည်း အေးဘုံသိပါသည်။ သိတာက သိတာတခြား။ ရွာကို ပြန်မလည်ချင်တာ
အမေနဲ့ တွေ့ဖို့ အဆင်သင့် မဖြစ်သေးတာက တခြားပင်။
ကြာလာတော့
ကိုစိန်ဝင်းလည်း ဘာမှ သိပ်မပြောတော့။ တစ်နှစ်တော့ ဝိုင်းစိန်နဲ့
ရွှေလုံးလာကြသေးသည်။ ဘုတ်ဆုံကတော့ အေးဘုံကို စိတ်ဆိုးနေသတဲ့။ အမေချစ်တာကို
သိသိရက်နဲ့ ဒီလိုလုပ်ရမလားပေါ့လေ။ သူတို့က ညည်း လာခဲ့ဦးဆိုတော့
အေးဘုံကလည်း ငါလာခဲ့ပါဦးမယ်ပြောပြီး သူတို့လည်းပြန် အေးဘုံကလည်း နေ့ရွှေ့
ညရွှေ့ထပ်ရွှေ့။ ရုန်းဟယ် ကန်ဟယ်နဲ့ပဲ နှစ်တစ်ပတ်ကလည်သွားပြန်ပါရော။ အေးဘုံ
အမေ့ကို ကြောက်သွားတာ ထင်ပါရဲ့။
ရွှေမောဓောဘုရားပွဲလည်း
မရောက်ဖြစ်တော့။ နောက်နှစ်တွေမှာ အေးဘုံတို့မိသားစု ပဲခူးချောင်းဖျား
ရိုးမတောထဲမှာ တစ်နွေလုံး မီးသွေးဖုတ်တဲ့ အလုပ် စလုပ်ဖြစ်ကြတော့
ပိုဆိုးတော့သည်။ မိုးကျမှ ရွာပြန်နား။ လယ်လေး ချောင်းလေးလုပ်။
ဆောင်းပေါက်ပြီဆို ကိုစိန်ဝင်းက ချောင်းဖျားသွား အလုပ်လုပ်။ အေးဘုံက
စာရင်းငှားတွေနဲ့ ဆောင်းသီးနှံ ပဲတို့ မြေပဲတို့စိုက်ရင်း ချောင်းဖျားနဲ့
ကမာဘာ ကူးချည်သန်းချည်။ ပိုက်ဆံကတော့ တကယ်စုဖြစ်ကြသည်။ သားလေးမျက်စိကလည်း
တကယ်ပိုဆိုးလာတော့သည်။ ဘယ်ရွေ့ ဘယ်မျှပိုက်ဆံနဲ့ ဘယ်လို စက်ကုရင်
သားလေးပြန်ကောင်းလာမှာလဲ။ ဘယ်လိုလုပ်ရင် ရမလဲ။ ဒီအတွေးတွေနဲ့ပဲ အေးဘုံ ညည
အိပ်မပျော်။ မတွေ့ရတာ ကြာတဲ့ အမေ့ကိုလည်း တကယ်သတိရမိသည်။ အေးဘုံ
အိပ်မက်ထဲမှာတော့ သားလေးမျက်စိပြန်ကောင်းပြီး ရွာကို သွားလည်တော့ အမေက
အေးဘုံတို့ သားအမိကို ဆီးကြိုဖက်ငိုတာ လိုက်တာ။ အဲသလို အိပ်မက်ကနေ
နိုးလာတဲ့ မနက်ခင်းတွေဆိုရင်တော့ အေးဘုံ ရွှင်ရွှင်ပျပျရှိတတ်သည်။
(ည)
ကိုးနှစ်ဆယ်နှစ်ဆိုတဲ့
ကာလဟာ အဲသလောက်မြန်မြန်ကုန်သွားမယ်လို့ အေးဘုံ မထင်ခဲ့မိ။ ခုတော့
ဆယ်နှစ်တောင်ကျော်ခဲ့ပြီ။ ကိုယ့်အတွေးနဲ့ ကိုယ်၊ ကိုယ့်ဇောနဲ့ကိုယ်
အလုပ်ရှုပ်နေတဲ့ နေ့တွေလိုပေါ့လေ။ သတိရလို့ ကြည့်မိမှပဲ
နေတောင်ညိုပြီဆိုတာမျိုး။ အမေ့နဲ့ မတွေ့ဖြစ်ကြတဲ့ ဆယ်နှစ်ကို အမေရော ဘယ်လို
ဖြတ်သန်းခဲ့ပါလိမ့်။ အမေ ကျန်းမာရေးတော့ ကောင်းမှာပါ။ တစ်ခုခုဆို
ဝိုင်းစိန်တို့ အေးဘုံကို လာမပြောဘဲတော့ နေမှာမဟုတ်။ သူတို့တွေရော နေမှ
ကောင်းကြရဲ့လား။ ပြီးခဲ့တဲ့ တစ်နှစ်ခြားကတော့ ရွှေလုံးနဲ့ ပဲခူးဈေးထဲ
တွေ့ကြသေးသည်။ ရွှေလုံးသားလေးတောင် တော်တော်ကြီးနေပြီ။ ပြီးတော့ ကလေးလေးက
အမေနဲ့ တူလိုက်တာ။
သြော်
နောက်ဆုံးတော့ အေးဘုံ အမေနဲ့ ပြန်တွေ့ဖို့ လာခဲ့ပြီပေါ့လေ။
ကမာဘာကလူတွေကိုပဲ အဖော်လုပ်ပြီး ရွှေမောဓောဘုရားပွဲကို အေးဘုံ တစ်ယောက်တည်း
လာခဲ့ရသည်။ သူတို့တည်းမယ့်ဘုန်းကြီးကျောင်းကလည်း ဘုရားနားတင်ဆိုတော့
အခန့်သင့်ပါသည်။ လပြည့်နေ ဆွမ်းကြီးလောင်းပွဲကျမှ ဘုရားပေါ်မှာ
ရွာကလူတစ်ယောက်ယောက်တွေ့ရင် ရပြီ။ ကိုယ့်ရွာသားတွေ ဘယ်နားမှာလဲ သိရရင်
အမေ့ကို ရှာလို့ ရပါပြီ။ အမေ အေးဘုံကို ဘာတွေပြောမလဲ။ အေးဘုံကတော့ အမေ့ကို
ပြောစရာ စကားတစ်ခွန်းကို စိတ်ထဲ အခါခါ စီနေမိသည်။ ဘုတ်ဆုံကတော့ အေးဘုံကို
မဲ့ရွဲ့လို့ ‘ခလုတ်ထိမှ ညည်း အမိတ တာပေါ့အေ’ လို့ ပြောမှာမလွဲ။ အေးဘုံကလည်း
မငြင်းပါဘူး။
ဒီလိုနဲ့ပဲ
အေးဘုံ အစောင့်ကြီးစောင့်လိုက်ရတဲ့ တန်ခူးလပြည့်နေ့ကို ရောက်လို့
ဆွမ်းကြီးလောင်းပွဲ စခါနီးပြီ။ လောင်းမယ့် လှူမယ့်သူတွေ နေရာတွေ
ယူပြီးကြပြီ။ အေးဘုံ လူတွေကြားထဲ ဟိုပြေးဒီလွှားနဲ့ အမေ့ကို ရှာသည်။
အေးဘုံဝတ်ထားတာက တစ်နှစ် အမေ့ကို ဘုတ်ဆုံတို့က ကန်တော့တဲ့ ပါတိတ်ထမီပြာပြာ
အပွင့်စိတ်စိတ်။ အမေက ‘အဆင်က နုလွန်းတယ်။ ဝတ်ရဲပါဘူးအေ’ ဆိုပြီး အေးဘုံကို
ပေးလိုက်တာ။ အဲဒါကိုမှ အမေ့အကြိုက် နံ့သာရောင် လက်စက အင်္ကျီနဲ့။
သတိတရနဲ့ကို ဝတ်လာခဲ့တာလေ။
လူတွေက
များတော့ အေးဘုံခေါင်းတွေတောင် နောက်လာသည်။ ရွာကလူလည်း ဘယ်သူမှ မတွေ့သေး။
အမေကတော့ ထုံးစံမပျက်လာကို လာမှာပါ။ အေးဘုံ မမှတ်မိလောက်အောင်တော့ အမေ
အိုစာ မသွားလောက် သေးပါဘူး။
ဟော
တွေ့ပါပြီ။ နောက်နား ခပ်စောင်းစောင်း ခပ်လှမ်းလှမ်းကကြည့်တာတောင် အမေ
တော်တော် အရွယ်ကျသွားတာပဲ။ ဆွမ်းကြီးလောင်းဖို့ တန်းစီရပ်နေတဲ့ လူတွေထဲမှာ။
ထုံးစံအတိုင်း သဘက်အညိုလေး ခေါင်းပေါ်တင်လို့။ လက်ထဲမှာ
ပိုက်ဆံအရွက်သေးတွေထည့်ထားတာထင်ရတဲ့ စတီးလင်ဗန်းတစ်ချပ်နဲ့။
ဘေးနားကသူတွေကလည်း အသက်ကြီးကြီး အမျိုးသမီးတွေပေမယ့် သူတို့ကို အေးဘုံမသိ။
ဘယ်သူမှ အဖော်မပါဘူးထင်ပါရဲ။ အမေ့နောက်နား လက်တစ်ကမ်းအကွာကနေပဲ အမေ့ကို
အေးဘုံ ငေးကြည့်နေမိပြီး ဘာဆက်လုပ်ရမှန်းမသိ။ အမေ့ဘေးနားက
အမျိုးသမီးကြီးတွေကတောင် သတိထားမိပြီး အေးဘုံကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ အမျိုးသမီးကြီးတစ်ယောက်က ‘ကလေးမ။
ဆွမ်းကြီးလောင်းမလို့လား။ ဒီကြားထဲပဲလာလိုက်။ လာ လာ။’
အမျိုးသမီးကြီး
စကားအဆုံးမှာ အမေကလည်း အမှုမဲ အမှတ်မဲ့ ပုံစံမျိုး ငဲ့ကြည့်သည်။ ပြီးတော့
ချက်ချင်း ပြန်လှည့်သွားသည်။ အမေ အေးဘုံကို တွေ့ရက်နဲ့
စိတ်ဆိုးမပြေနိုင်သေးဘူး ထင်ပါရဲ့။ အေးဘုံ အတွေးမှ မဆုံးခင် အမေခန္ဓာကိုယ်
ဆတ်ခနဲ ဖြစ်သွားတာ အေးဘုံသတိထားလိုက်မိသည်။ အမေက အေးဘုံရှိရာဘက်ကို
နောက်တစ်ခါ ပြန်လှည့်ကြည့်သည်။ ပြီးတော့ မျက်မှောင်က အားရပါးရ ကျုံ့ပြီး
စိုက်ကြည့်သည်။ ပြီးတော့ ‘အေးဘုံ။ အေးဘုံ။ ညည်းအေးဘုံမဟုတ်လား။’
တန်ခူးလ နွေခေါင်ခေါင် နေ့လည်ကြီးကို ချက်ချင်း ညို့မှောင်အေးစိမ့်သွားသလိုပင်။ မိုးရွာမလို့ ထင်ပါရဲ့။ အေးဘုံရင်ထဲ လှပ်ခနဲ။ အမေ။
အေးဘုံရှိရာ အမေက ခပ်ဖြည်းဖြည်း လျှောက်လာရင်း ဘေးဘီကို ကြည့်သည်။ ‘ဟဲ့။ ညည်းတစ်ယောက်တည်းလား။ စိန်ဝင်းတို့ရော။’
သြော် အမေက သားကိုတောင်မမေး။ အေးဘုံ စိတ်ထဲ အခါခါစီထားခဲ့တာမို့ အေးဘုံ ပြောစရာစကားတွေက အစီအစဉ်တကျပဲ အေးစက်စက်ထွက်လာခဲ့သည်။
‘ပြီးခဲ့တဲလက ချောင်းဖျားမှာ မီသွေးဖိုပြိုလို့ အမေ့သားမက်ရော အမေ့မြေးရော ဆုံးပြီအမေရဲ့။’
အမေက
အေးဘုံကို ငေးကြောင်ကြည့်နေသည်။ ဘာမှ မပြော။ တကယ်တော့ ပတ်ဝန်းကျင်ကြီး
တစ်ခုလုံးကိုက တိတ်ဆိတ်သွားတာပါ။ အဲလို တိတ်ဆိတ်နေပြီးမှ
အမေ့ရဲ့ဆို့ဆို့နင့်နင့် အသံကို အေးဘုံ နားကလား နှလုံးသားကလားမသိ
အကျယ်ကြီးကြားလိုက်ရသည်။
‘အေးဘုံ။ ညည်း။ ညည်းအေ။ ကိုယ့်အမေကို ဒီလောက် စိတ်မှတ်ကြီးရသလား။ ဒီလောက်တောင် စိတ်နာရသလား သမီးရယ်။’
အဆုံသတ်မှာ
အမေ့အသံက အဖျားခတ်တုန်ယင်သွားသည်။ မဟုတ်ဘူး အမေ။ အေးဘုံ အမေ့ကို
စိတ်မနာဘူး။ အတေးအမှတ်လည်း မရှိပါဘူးအမေရယ်။ တကယ်တော့ အေးဘုံ၊ အေးဘုံ။
အေးဘုံ ရင်ထဲမှာ အော်နေပေမယ့် အသံကထွက်မလာ။ အေးဘုံအမြင်တွေ
မျက်ရည်တွေကြောင့် ဝေဝါးမသွားခင် အမေ့မျက်လုံးထဲက မျက်ရည်တွေကို အေးဘုံ
မြင်ဖြစ်အောင် မြင်လိုက်သည်။ အေးဘုံဆီ ကမ်းလိုက်တဲ့ အမေ့လက်တွေ။ အေးဘုံလည်း
အမေ့ဆီလက်ကမ်းလိုက်သည်။ ဒါပေမယ့် အမေ့လက်ကို အေဘုံမမိလိုက် မမီလိုက်။
ရွှေမောဓော ဘုရားနောက်က ကောင်းကင်ကြီး အေးဘုံနဲ့ ပိုဝေးသွားသည်။ အေးဘုံကို
မြေမျိုပြီထင်ပါရဲ့ အမေရယ်။
(ဋ)
ဗြုန်းစားကြီး
မှောင်မကျသွားခင်မှာ အေးဘုံလက်ကို အမေ ဆုပ်ကိုင်လိုက်တာ အေးဘုံသိသည်။
ပြီးတော့ အေးဘုံကပဲ အမေ့ဆီလဲကျသလား၊ အမေကပဲ အေးဘုံရှိရာ လဲကျသလားမသိ။
အေးဘုံရင်ခွင်ထဲမှာ အမေ၊ အမေ့ရင်ခွင်ထဲမှာ အေးဘုံ ရောက်တာလဲ သိလိုက်သည်။
အမေ့လက်တွေကပဲ အေးစက်နေတာလား အေးဘုံလက်တွေကပဲ အေးစက်နေတာလားတော့မသိ။
အေးစက်စက် အတွေ့ကိုလည်း အေးဘုံသိလိုက်သည်။
အမှောင်က
ပိုသိပ်သည်းသွားသည်။ ဒါပေမယ့် ထူးဆန်းစွာပင် အမေ့ကို အေးဘုံ မြင်နေရသည်။
ဒီတစ်ခါ မြင်လိုက်ရတဲ့ အမေကတော့ ခုနကတွေ့လိုက်တဲ့ အမေ့လို အိုစာမနေ။
ဟိုးအေးဘုံတို့ ငယ်ငယ်ကလို တောက်တောက်ပပ တက်တက်ကြွကြွအပြုံးတွေနဲ့။
ပြီးတော့
မတွေ့တာ ဘာမှ မကြာသေးတဲ့ သမီးတစ်ယောက် အိမ်ရောက်လာသလိုပဲ အေးဘုံကို
ပြုံးပြုံးကြီး ကြိုနေသည်။ ‘ညည်းအေ။ နေနိုင်လိုက်တာ’ လို့တော့
အပြုံးမပျက်ပြောသေးသည်။ အေးဘုံကလည်း တစ်လနှစ်လလောက်
အိမ်မပြန်ဖြစ်တဲ့သမီးတစ်ယောက်လို ‘အလုပ်တွေ များနေလို့ပါအမေရဲ့။ ကျွန်မလည်း
အမေ့ သတိရနေတာပါ’။ အမေက ဘာမှ ဆက်မပြောတော့ပဲ ပြုံးကြည့်နေသည်။
အမေ့ရင်ထဲ့မှာ ဘာတွေ ပြောနေမလဲ အေးဘုံ သိချင်လှသည်။ ဒါပေမယ့် မကြားရ။
အေးဘုံရင်ထဲ တတွတ်တွတ်ရွတ်နေတဲ့ စကားသံတွေကြောင့်ပဲ အမေ့ရင်ထဲက
စကားသံတွေကို မကြားရ။ အေးဘုံရင်ထဲမှာ အခါခါ ရေရွတ်နေမိတာကတော့ ‘အေးဘုံ
ထင်သားပဲအမေရယ်။ ဒီလိုမှန်းသိရင် အစောကြီးကတည်းက အေးဘုံ အမေ့ဆီလာခဲ့ပါတယ်။
အမေလည်း သိနေမှာပါ’။
အမေ့ကို
အားရပါးရ အေးဘုံ ဖက်ထားလိုက်သည်။ အမေကလည်း အေးဘုံကို အားရပါးရ
ပြန်ဖက်ထားသည်။ နောက်ဆုံးတော့ အေးဘုံနဲ့ အမေ ပြန်ဆုံဖြစ်လိုက်ကြပါသေးသည်။
No comments:
Post a Comment